အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်)
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ က်တာဘဒ္ဒန္တစန္ဒိမာဘိဝံသသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးတွင်အစည်းအဝေးဖွင့်သာရဏီယသြဝါဒကထာကိုမြွက်ကြားတော်မူစဉ်‘‘နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည်သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ပရိယတ္တိပညာရေးစာမေးပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်း စသည်တို့၌ ပြဋ္ဌာန်းဖော်ပြပါရှိ သည့် သာသနာ့လုပ်ငန်း တာဝန်များကိုသာအကောင်အထည်ဖော် ဆောင်ရွက်ရန်တာဝန်ရှိပါသည် ဘုရား။
ထိုလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိသံဃာထုကရွေးချယ်အပ် သော သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ်တို့မှတစ်ဆင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က ပေးအပ်သောတာဝန်ကို ထမ်းဆောင်နေခြင်းပင်ဖြစ်ပါသည်ဘုရား။ ယင်းသို့ဆောင်ရွက်ခြင်းသည် သာသနာ့ဝန်ထမ်းရဟန်းတော်များအတွက်မြတ်စွာဘုရားရှင်သတ်မှတ်ပေးသနားတော်မူခဲ့သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးကို ဘုရားရှင်အလိုတော်ကျ ဆောင်ရွက်နေခြင်းပင်ဖြစ်ပါသည်ဘုရား’’ ဟူ၍ ထည့်သွင်းမြွက်ကြားတော်မူခဲ့ပါသည်။
မြန်မာနိုင်ငံတော်၌ သာသနာတော်သုံးရပ်တွင် အရင်းခံအခြေအမြစ်ဖြစ်သည့် ပရိယတ္တိသင်ကြားပို့ချ နေသော စာသင်တိုက်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ ထီးထီးမားမားအား ထားလောက်အောင်တည်ရှိလျက်ရှိသည်။သာသနာတော်ပြန့်ပွားရန်ဟူသောရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို ၁၉၉၁ ခုနှစ် မေလ ၉ ရက်တွင်တိုးချဲ့ဖွင့်လှစ်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း(၃ဝ)ကျော်ခဲ့ပြီဖြစ်သည်။ ထိုဌာနကြီးမှ သာသနာပြုရဟန်းတော်သင်တန်း၊ လူပုဂ္ဂိုလ်သင်တန်းများဖွင့်လှစ်၍လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများမှ သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ခံ၊သာသနတက္ကသီလဓမ္မာစရိယ ဘွဲ့ခံသံဃာတော်များကိုနယ်စပ်နှင့် တောင်တန်းသာသနာပြုစေလွှတ်၍လည်းကောင်း၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းများကိုဖွင့်လှစ်၍လည်းကောင်း သာသနာတော်ပြန့်ပွားရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ် နယုန်လ၊ ခရစ်နှစ် ၁၉၈ဝ ပြည့်နှစ် မေလ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းသံဃာတော်အားလုံးတို့၏ သမ္မုတိပေးရွေးချယ်စေလွှတ်အပ်သော သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ၁၂၁၈ ပါးတို့တက်ရောက်တော်မူကြသည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများ၊ ဝိနည်း ဓမ္မကံအဓိကရုဏ်းမှုခင်းဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ သာသနာဝင်မှတ်တမ်းများ ကိုပြဋ္ဌာန်းခဲ့ပြီး ထိုစည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ ဓမ္မဝိနယများနှင့်အညီ နိုင်ငံတော်သြဝါဒါစရိယ အဖွဲ့၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ များနှင့်ဝိနည်းဓိုရ်များကိုဖွဲ့စည်းရွေးချယ်နိုင်ခဲ့သည်။
ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်း များကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အားတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ထပ်ဆင့်တာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးနှင့်သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည်အားသွန်ခွန်စိုက်အဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်မှာယခုအခါအဋ္ဌမအကြိမ်သက်တမ်းသို့ပင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့်ဖြတ်သန်းခဲ့သောကာလများအတွင်း သာသနပစ္စတ္ထိက သာသနာ့ရန်စွယ်အန္တရာယ်များ၊ သာသနာ့အညစ်အကြေးများကိုသန့်ရှင်းစင်ကြယ်စေခြင်း၊ အဓမ္မဝါဒ များကို နှိမ်နင်းဖယ်ရှားတားဆီးနိုင် ခြင်း၊ ပရိယတ္တိစာမေးပွဲအသီးသီးကိုစဉ်ဆက်မပြတ်ကျင်းပနိုင်ခဲ့ခြင်း၊ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များကို အားထုတ်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။
ထိုသို့သာသနာရေးကိစ္စများကိုဆောင်ရွက်ကြရာတွင် ‘‘အဋ္ဌိမေ ဘိက္ခဝေ လောကဓမ္မာလောကံ အနုပရိ ဝတ္တန္တိ၊ လောကောစအဋ္ဌလောကဓမ္မေအနုပရိဝတ္တတိ၊ ကတမေ အဋ္ဌ၊ လာဘော စ အလာဘော စ ယသောစ အယသော စ နိန္ဒာ စ ပသံသာ စ သုခဉ္စ ဒုက္ခဉ္စ’’ ဟူ၍ဘုရားရှင်ဟောတော်မူသည့်အတိုင်း စီးပွားဥစ္စာရခြင်း၊ စီးပွားဥစ္စာမရခြင်း၊ အခြံအရံအကျော်အစောရှိခြင်း၊ အခြံအရံအကျော်အစော ကင်းမဲ့ခြင်း၊ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်း ဟူသော လောကဓံတရားရှစ်ပါး တို့သည် သတ္တဝါအပေါင်းသို့ အစဉ်တစိုက်လိုက်ပါကြမည်သာဖြစ် သည်။ ဤလောကဓံတရားရှစ်ပါးတို့နှင့် မည်သူမျှကင်းကွာနိုင်ကြမည်မဟုတ်ပါ။ မြတ်စွာဘုရားရှင်၏ ဒေသနာလာသည့်အတိုင်း မသိနားမလည်သူတို့၏ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းများမှာ အလေးဂရုပြုရမည် မဟုတ်ဘဲ ပညာရှိသူတော်ကောင်းတို့နှစ်ထောင်းအားရ ချီးမွမ်းကြမည့် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးကိုသာ ယောနိသောမနသိကာရတရား လက်ကိုင်ထားကာ ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ကောင်းမွန်မြင့်မြတ် သောဆောင်ရွက်ချက်များ အောင်မြင်ရေးအတွက် ရဟန်းရှင်လူပြည်သူအပေါင်းကလည်း ထောက်ပံ့ကူညီကြရန်ဖြစ်ပါကြောင်း။ ။