ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများကို ပြန်လည်လေ့လာကြည့်သည့်အခါ နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လွန်စွာအရေးပါသည်ကို တွေ့ရှိရသည်။ အင်အားတောင့်တင်းသော အင်ပါယာ နိုင်ငံတော်များ ထူထောင်နိုင်မှုတိုင်းတွင် အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ် အမြဲတမ်း ရှိသည်။ မြန်မာ့သမိုင်း၏ ခေတ်သုံးခေတ်ကိုကြည့်လျှင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ပထမ မြန်မာ နိုင်ငံတော်ကို တစည်းတလုံးတည်း တည်ထောင်တော်မူခဲ့သော အနော်ရထာမင်းသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံတော်ကို စုစုစည်းစည်းတည်ထောင်တော်မူခဲ့သော ဘုရင့်နောင်မင်းတရားကြီးသည်လည်းကောင်း၊ အစိတ်စိတ် အမြွှာမြွှာပြိုကွဲသွားသော နိုင်ငံတော်ကို ပြန်လည်စုစည်းပြီး တတိယမြန်မာနိုင်ငံတော် တည် ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်လည်းကောင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာတို့အတွက် စံတင်လောက်သော ခေတ်သုံးခေတ်၏ နိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံတော်အရေး အရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များရှိခဲ့ကြသည်။ အမြင်လေးမြင် လျော့နည်းခဲ့သော အုပ်ချုပ်သူများလက်ထက်တွင် မြန်မာနိုင်ငံသည် ဝါးအစည်းပြေသလို ဖြစ်ခဲ့ရသည်မှာ လည်း သင်ခန်းစာယူဖွယ်ပင်ဖြစ်သည်။ ထိုအမြင်လေးမြင်ကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ လိုအပ် ပေသည်။ အထူးသဖြင့် မည်သည့်ခေတ်ကာလမဆို စစ်ရေးအမြင်သည် အရေးကြီးဆုံးဖြစ်သည်။ စစ်ရေး အမြင်နည်းပါးသူတို့ လက်ထက်ဖြစ်သော ပထမမြန်မာနိုင်ငံ နရသီဟပတေ့မင်းလက်ထက်နှင့် ဒုတိယမြန်မာ နိုင်ငံ မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)တို့လက်ထက်တွင် နိုင်ငံတော်ပြိုကွဲခဲ့သည်။
ထိုနည်းတူ ကုန်းဘောင်ခေတ် ခေတ်နှောင်း ဘကြီးတော်မင်းနှင့် ပုဂံမင်းတို့လက်ထက်တွင် နိုင်ငံ၏ပိုင်နက် နယ်မြေများ ဖဲ့ယူခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ခုလုံးဆုံးရှုံးသွားခဲ့သည်။ ဤသည်မှာ မြန်မာတို့အတွက် မမေ့သင့်သောအတိတ်က သင်ခန်းစာပင်ဖြစ်သည်။ တပ်မတော်တစ်ရပ်တည်ရှိမှု၊ အင်အား တောင့်တင်းခိုင်မာမှုသည် နိုင်ငံအတွက် လွန်စွာအရေးပါလှပေသည်။ မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင်လည်း တပ်မတော်သည် ပြည်သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ပေါ်ပေါက်လာခဲ့သော ပြည်တွင်း ရောင်စုံသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုများတွင်လည်း တပ်မတော်သာ ခိုင်ခိုင်မာမာမရပ်တည်နိုင်ခဲ့လျှင် ရပြီးသော လွတ်လပ်ရေးသည် လျင်မြန်စွာဆုံးရှုံးပြီး ဖြစ်နေပေလိမ့်မည်။ တပ်မတော်ဟူသော ဝေါဟာရကပင် “ပြည်သူတို့ မှီခိုအားထားရာဖြစ်ခြင်း၊ အကြီးအမား အင်အားရှိခြင်း၊ တော်တည့်ဖြောင့်မတ်သော သဘောရှိခြင်းဟူသော အရည်အချင်းသုံးရပ် ပေါင်းစပ်ထားခြင်း” ဟူ၍ဖြစ်သည်။
ရဲဘော်သုံးကျိပ် ဦးဆောင်ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော တပ်မတော်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်တပ်မတော်၊ မြန်မာ့တပ်မတော်ဟူသော အမည်နာမများ ပြောင်းခဲ့ကြ သော်လည်း အနှစ်သာရမှာ ပြည်သူ့အတွက် တပ်မတော်သာဖြစ်သည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားသယ်ပိုးနေသော တပ်မတော်သာဖြစ်သည်။ တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာရှိနေမှသာ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူများ စိတ်အေးကြရပေလိမ့်မည်။ တပ်မတော်အင်အား တောင့်တင်း ရန် လိုအပ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်သုံးစွဲခဲ့သော စကားရပ်ဖြစ်သည်။ ယနေ့တိုင် မှန်ကန်သော စကားရပ်ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် နိုင်ငံတိုင်းက မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေးကို အပြိုင် အဆိုင်လုပ်ဆောင်နေကြသည်။ မိမိနိုင်ငံအကျိုးစီးပွားအတွက်ဆိုလျှင် ရန်သူသည် မိတ်ဆွေဖြစ်နိုင်သလို မိတ်ဆွေသည်လည်း ရန်သူဖြစ်သွားနိုင်သည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ကျယ်ဝန်းလာသည်နှင့်အမျှ လုံခြုံရေးနှင့် စစ်ရေးကိစ္စများပါဝင်သည့် ကာကွယ်ရေးကဏ္ဍသည် လွန်စွာအရေးပါလျက်ရှိသည်။ နိုင်ငံတစ်ခု တွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားတို့ ခိုင်ခိုင်မာမာရှိနေရန် လိုအပ်လှပေသည်။ နိုင်ငံတော်ကာကွယ်ရေးတွင် စစ်ရေး သို့မဟုတ် တပ်မတော်၏ အခန်းကဏ္ဍသည် နောက် ဆုံးခံစစ်စည်းဖြစ်သည့်အတွက် တပ်မတော်အင်အားရှိနေရမည်မှာ အမှန်တရားဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။ ။