မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

“ဒယ်ဒီ”

ကျော်ကျော်က ဝမ်းသာအားရ ပြေးဖက်သည်။

“သား”

ကိုသန်းနိုင်က ကျော်ကျော်အား ဆီးပွေ့ထား၏။

“ခင်ဗျားတို့ ကြိုက်တဲ့နေရာမှာ ထိုင်နိုင်ပါတယ်”

ရဲမင်းကြီးက ခွင့်ပြုသဖြင့် ကိုသန်းနိုင်သည် ပန်းနှင့်ကျော်ကျော်ကြားတွင် မမြသွေးသည် ကိုချစ်သောင်းဘေးတွင် ထိုင်ကြ၏။

“ဒယ်ဒီ ဝလာတယ်နော်”

“အနားယူရတာကိုး သားရဲ့”

သို့စဉ် ရဲမင်းကြီးက စတင်စကားပြော၏။

“ဒေါ်မြသွေးနဲ့ ဦးသန်းနိုင်ကို ကျွန်တော်တို့ လွှတ်လိုက်ပါပြီ”

“ဟယ်”

ဒေါ်လှမြတ်မင်းက အထိတ်တလန့်အော်သည်။

“ဟင် ဖေဖေ လွတ်ပြီ၊ လွတ်ပြီ။ ဘယ်သူမှ အပြစ် မရှိဘူးတဲ့၊ ဝမ်းသာလိုက်တာ ဖေဖေရယ်” ပန်းသည်  ဖအေကိုဖက်၏။  မမြသွေးကိုလည်း ပြေးဖက်၏။

“အန်တီ၊ အန်တီ့စိတ်ရော လူရော လွတ်လပ်သွားပြီနော်”

“အေးကွယ်။ မခင်ရီကို သိပ်ကျေးဇူးတင်တာပဲ”

မမြသွေးက အသံလေးတုန်တုန်ယင်ယင်ဖြင့် ပြုံးပြရာ မခင်ရီမှာ အပြည့်အဝပြုံးမပြနိုင်ပေ။ ချစ်လင်၏ လက်ကိုဆုပ်ကိုင်ထားရသောကြောင့် လင့်မျက်နှာကို မော့ကြည့်နေရသော ကြောင့်ဖြစ်သည်။

“ဒါဖြင့် တရားခံက ဘယ်မှာပါလဲခင်ဗျာ”

ကိုချစ်သောင်းက မေး၏။

“ဖြေပါ့မယ် ဦးချစ်သောင်း။ တရားခံကိုမပြခင် အစကနေပြီး နည်းနည်းလေးပြောဖို့ လိုပါ လိမ့်မယ်။ ကျွန်တော်တို့ဟာ ဦးသန်းနိုင်လာပြီး အဖမ်းခံတော့ တရားခံမိပြီ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒေါ်ခင်ရီတို့ သားအမိကို စစ်လိုက်တော့ သံသယဖြစ်လာရပါတယ် ခင်ဗျာ။ မကြာခင်မှာပဲ ဒေါ်မြသွေးက လာပြီး ဖြောင့်ချက်ပေးပြန်တော့ ကျွန်တော်တို့ဟာ ဦးသန်းနိုင် ရဲ့ ဝန်ခံချက်အပေါ်မှာ သံသယဖြစ်လာရပါတယ်”

“နောက်ပြီး ဆရာဝန်ရဲ့ အစီရင်ခံစာကိုကြည့်ပါဦး။ နှလုံးရောဂါအခံရှိတဲ့အတွက် ဒါကြောင့် သေတာလည်း ဖြစ်နိုင်တယ်တဲ့။ ဒီမှာတင် ဦးသန်းနိုင် လိမ်တယ်ဆိုတာ အရိပ်အမြွက် ပေါ်လာပြန်ပါတယ်”

“ဒေါ်မြသွေးရောက်လာပြန်တော့ ဦးသန်းနိုင်ဟာ လွတ်သလောက်နီးနီးပါပဲ။ ဒါနဲ့ ကျွန်တော် တို့ဟာ ရဲလောကဓာတ်သိပ္ပံဌာနကိုအလောင်းပို့ပြီး စစ်ဆေးပြန်တယ်။ ဒီမှာတင် အကုန်လုံး လွတ်ကုန်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒေါ်မိမိကြီးဟာ မသေခင် တစ်နာရီလောက်မှာ ကာမအားပေးတဲ့ဆေးတစ်မျိုးကို အလွန်အကျွံသောက်ထားတာ တွေ့ရပါတယ်။ သူဟာ ဒီဆေးက မှီဝဲနေကျပဲဖြစ်ပါလိမ့်မယ်။ သို့သော်လည်းပေါ့လေ။ ဆေးကိုချည်း နင်းကန်အား ကိုးပြီး မပြတ်သုံးစွဲနေတော့ ဆေးဟာ အစွမ်းမထက်တော့ပါဘူး။ ပြီး သင့်ရုံတိုး သောက် တယ်ဆိုရင်လည်း ဆေးတန်ခိုးကို ခံစားရမှာပါပဲ။ အခုတော့အလွန်အကျွံလည်း သောက် တယ်။ ဆေးကလည်း ပင်ကိုက အင်မတန်ပြင်းထန်တာ ဖြစ်နေလေတော့ဒီဆေးကြောင့် အဆိပ်ဖြစ်ပြီး နာရီပိုင်းအတွင်း သေရတာဖြစ်တယ်လို့ စုံစမ်းရှာဖွေလို့ ရပါတယ်”

“ဒီတော့ ဒေါ်မြသွေးလာပြီး ကိုင်မလှုပ်လည်း သေမှာပဲ။ ကိုင်လှုပ်လည်းသေမှာပဲ။ အဲဒီလို ဖြစ်နေပါတယ်။ ဒါကြောင့် တရားခံကတော့ ရေချိုးခန်းထဲက တွေ့ရတဲ့ ဟောဒီ ဆေးပုလင်း ပါပဲခင်ဗျာ”

ရဲမင်းကြီးက ဆေးရည်လက်မဝက်ခန့် ကျန်နေသေးသော ဆေးပုလင်းကို  စားပွဲပေါ်တင် လိုက်သည်။ နားထောင်သူများမှာ သက်မ ပြိုင်တူချလိုက်ကြသည်။

“ကျွန်မကတော့ ဥပဒေနားမလည်ပါဘူးရှင်။ သတ်ချင်တဲ့စိတ် အခံရှိနေလို့ အပြစ်ရှိတယ် ထင်နေတာပါ”

မမြသွေးက ပြုံး၍ဝန်ခံရာ ရဲအရာရှိတစ်ဦးက ခေါင်းညိတ်လိုက်ပြီး  “မှန်ပါတယ် ခင်ဗျ၊ ဒါမျိုးနဲ့ကြုံရင် ရဲအဖွဲ့ကို   အားကိုးမှသာ အမှန်အကန်ကို တွေ့နိုင်ပါတယ်” ဟု ပြောလိုက်ပြီး ကိုသန်းနိုင်အား လှမ်းပြောသည်။

“ကျွန်တော်တို့ နားမလည်တာတစ်ခုရှိတယ် ဦးသန်းနိုင်”

“ဟုတ်ကဲ့ မေးပါခင်ဗျာ”

“ဒေါ်မြသွေးကတော့ သတ်ချင်တဲ့စိတ်နဲ့ သွားတုန်းသူ့လက်ထဲမှာ သေသွားလို့ အပြစ်ရှိ တယ်ထင်တာ ထင်ထိုက်ပါတယ်။ ဦးသန်းနိုင်ကတော့ လုံးဝမသတ်ဘဲနှင့် သတ်ခဲ့ပါတယ်။ ဟောဒီလက်နဲ့ညှစ်သတ်ခဲ့ပါတယ်လို့ ဝန်ခံတာဟာ”

“ဒါကတော့ ဒီသူငယ်ပါပဲခင်ဗျာ”

သူက ဒေါ်လှမြတ်မင်း၏ဘေးတွင် ထိုင်နေသော နောင်အေးကို မေးငေါ့ပြသည်။

“အမှုဖြစ်ပွားစဉ်မှာ သူကလည်း အကြောင်းတစ်ခု၊ အဲ ကျွန်တော့်ဆီ လာခဲ့တယ်။ ခင်ဗျားတို့ ကလည်း သူ့ကို စစ်ဆေးတော့ တရားခံ မြန်မြန်မပေါ်ရင် သူနဲ့ရဲအဖွဲ့က အချိန် အတော်ကြာကြီး ပတ်သက်နေပြီး နာမည်တစ်လုံး အညွန့်တလူလူနဲ့နေတဲ့ သူ့ဂုဏ်သိက္ခာကို ထိခိုက်မယ်ထင်လို့ပါပဲ။ ကဲ ကျွန်တော်တို့ကို ခွင့်ပြုပါဦး”

ကိုသန်းနိုင်သည် ရဲအရာရှိထံမှ နောက်ထပ်မေးခွန်းမလာမီ ထရပ်လိုက်ကာ ရဲမင်းကြီးကို နှုတ်ဆက်၍ ထွက်လာလေ၏။

ဆက်လက်ဖော်ပြပါမည်။

ဆင်ဖြူကျွန်းအောင်သိန်း