စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်ရေး

 

စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နောင်တစ်ခေတ်တွင် နိုင်ငံတော်ကို ဦးဆောင်မှုပြုကြရမည့် လူငယ်မောင်မယ်များ အသိပညာ၊ အတတ်ပညာမြင့်မားရေး၊ အတွေးအခေါ်မြင့်မားရေးကို အထူးပင်ရှေးရှု ဆောင်ရွက်လျက်ရှိသည်။ လူငယ်တိုင်းပညာတတ်များဖြစ်ကြရမည်။ အနိမ့်ဆုံးအဆင့် KG+9 အဆင့်ပြီးမြောက်အောင် သင်ယူကြရမည်ဖြစ်ပြီး  ထိုမှတစ်ဆင့်နည်းလမ်းလေးသွယ်ကို ရွေးချယ်လျှောက်လှမ်းရေး လမ်းခင်းပေးထားပြီး ဖြစ်သည်။ ပညာတတ်ပေါများနေမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် များစွာအထောက်အကူပြုမည်ဖြစ်သည်။ နိုင်ငံတိုင်းကလူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက် ပေးနေချိန်အတွင်း မြန်မာနိုင်ငံသည်လည်း လိုက်ပါဆောင်ရွက်လျက်ရှိနေသည်။ အဓိကအားဖြင့် လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

ကမ္ဘာကြီးသည်အချိန်နှင့်အမျှတိုးတက်လျက်ရှိပြီး နည်းပညာပြောင်းလဲမှုမှာလည်းအံ့မခန်းဖြစ်သည်။ သိပ္ပံပညာရပ်များ တိုးတက်လာသည်နှင့်အမျှ  လူသားတို့အတွက် ကောင်းကျိုးဆိုးကျိုးများလည်း ဒွန်တွဲဖြစ်ပေါ် လာသည်။ တိုးတက်မှုတိုင်းမှာ ကောင်းမွန်သည်ဟု မဆိုလိုနိုင်ပေ။ ဆိုလိုသည်မှာ သိပ္ပံပညာထွန်းကားမှုကြောင့် တစ်ဖက်တွင်လူကိုသေစေနိုင်သည့် လက်နက်များရှိလာသလို အခြားတစ်ဖက်တွင်လည်း လူသားတို့ကို အသက်ရှင်သန်စေသည့် အသက်ကယ်ဆေးများ တီထွင်နိုင်သည်။

လူငယ်မောင်မယ်များအနေဖြင့် လူသားတို့အတွက် ကောင်းကျိုးပြုမည့် တီထွင်မှုများကို ပိုမိုတီထွင်နိုင်အောင် ကြိုးစားကြရမည် ဖြစ်သည်။

ယနေ့ကမ္ဘာတွင် ပညာ၏သတ်မှတ်ချက်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်ပေသည်။ နည်းပညာများ မြင့်သည်ထက်မြင့်လာနေသည်။ ဒီကနေ့အသစ်အဆန်းကို နောက်များမကြာမီတွင် နောက်အသစ်အဆန်းက ကျော်တက်သွားသည်။ ထို့ကြောင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လူတိုင်းကြိုးစားလှုပ်ရှားနေကြရသည်။ ပညာ၏အဆင့်အတန်းမြင့်မားမှုကို ထင်ရှားစွာ တွေ့လာကြရသည်။ လူတိုင်းအတွက် ပညာသည် ဘဝ၏ အလင်းရောင်ဖြစ်ပေသည်။ ပညာဟူသော အလင်းရောင်မရှိသူတို့သည်  မျက်မမြင်တစ်ယောက်နှင့်တူနေပေလိမ့်မည်။

မျက်စိမမြင်သူကား အဘယ်သို့လျှင် ခရီးသွားနိုင်မည်နည်း။ လိုရာခရီးကိုဖြောင့်ဖြောင့်တန်းတန်း သွားနိုင်မည်မဟုတ်ပေ။ ပညာမပါဘဲ ခရီးသွားသူသည်လည်း ထိုနည်း၎င်းအတိုင်းပင် မိမိရည်မှန်းချက် ပန်းတိုင်ကို ချောမွေ့စွာ ရောက်နိုင်မည်မဟုတ်ပေ။

မြန်မာဆိုရိုးစကားတွင်လည်း ပညာနှင့်ပတ်သက်၍ မှတ်သားဖွယ်များမှာ ‘‘ပညာကိုရှေး ဥစ္စာကိုနောက်’’  ‘‘ပညာကိုလိုသော် ပညာရှိကိုယှဉ်’’  ‘‘ပညာဆည်းပူး ပန်းသို့ခူး’’  ‘‘ပညာမရှိ သူ၏ဝန်ထမ်း’’ ‘‘ပညာရဲရင့် ပွဲလယ်တင့်’’  ‘‘ပညာရှာ ပမာသူဖုန်းစား’’  ‘‘ပညာရှိတွေးကြည့်လျှင် ပြေးကြည့်သည်ထက် မှန်သည်’’  ‘‘ပညာရှိမှ ခွင့်သိသည်’’  ‘‘ပညာရှိ သတိဖြစ်ခဲ’’  ‘‘ပညာလိုသော်မပျင်းနှင့် ဥစ္စာလိုသော် မငြင်းနှင့်’’ ‘‘ပညာလို အိုသည်မရှိ’’ ‘‘ပညာသမာ အာဘာနတ္ထိစသည်ဖြင့် ဆိုရိုးစကားများပြားလှသည်။

ပညာ၏ဂုဏ်ကျေးဇူးကိုဖော်ကျူးသည့်မှတ်သားဖွယ်ရာများမှာ များပြားလှသည်။ လူငယ်တိုင်းက ပညာကို ချစ်မြတ်နိုးစွာဆည်းပူးလေ့လာကြရမည်ဖြစ်သည်။

ခေတ်၏ရွေ့လျားမှုအရ ဉာဏလုပ်သားမှ ပညာဖန်တီးသူများဖြစ်ရန် တောင်းဆိုနေပြီဖြစ်သည်။

တိုးတက်ပြောင်းလဲနေသော နည်းပညာများ၊ ဘာသာရပ်အချင်းချင်းဆက်နွှယ်နေမှုများ၊ လက်တွေ့နယ်ပယ်၏ လိုအပ်ချက်များနှင့်အညီ တီထွင်ဖန်တီးအသုံးချနိုင်မှသာ ပညာသည်ရှင်သန်နေမည်ဖြစ်ပေသည်။ ထို့ကြောင့်လူတိုင်းသည် ပညာဗဟုသုတနှင့်အသုံးချမှုများကို အမြဲမပြတ်လေ့လာဆည်းပူးပြီး စွမ်းရည်ပြည့်ဝ နေစေရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပေသည်။ ပညာကိုအခြေခံပြီး တွေးခေါ်သုံးသပ်တီထွင်ဖန်တီးနိုင်ခြင်း၊ ကျင့်ဝတ်သိက္ခာပြည့်စုံပြီး စိတ်နေစိတ်ထားကောင်းမွန်ခြင်း၊ လက်တွေ့ကျွမ်းကျင်နှံ့စပ်မှုရှိခြင်းတို့ပြည့်စုံမှသာ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးတက်ပိုင်ဆိုင်ပြီး မိမိကိုယ်မိမိယုံကြည်မှုရှိလာပေမည်။ လွတ်လပ်သောအာဆီယံ အသိုက်အဝန်း အစီအစဉ်အရ ကဏ္ဍအသီးသီးတွင် အာဆီယံနိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်အောင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ပြည့်ဝရန်အတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးရင်း ဖြည့်ဆည်းနေကြရမည်ဖြစ်သည်။

အနာဂတ်နိုင်ငံတော်ကိုတာဝန်ယူကြမည့် မျိုးဆက်သစ်မောင်မယ်များအနေဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောစိတ်၊ တန်ဖိုးထားသော စိတ်များကိုလည်း ထိန်းသိမ်းကြရန် လိုပေသည်။ အရည်အချင်းရှိသူများပီပီ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများတွင် ကိုယ်ကျင့်သိက္ခာ မြင့်မားစွာထိန်းသိမ်းကြရန်လည်းလိုအပ်သည်။ မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ရန်မှာလည်း မျိုးဆက်သစ်တို့၏ အလေးထားရမည့် တာဝန်ပင်ဖြစ်ပေသည်။ အတတ်ပညာသာထူးချွန်ပြီး အသိပညာဖြင့် ထိန်းကွပ်မှုမရှိခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်မှု မရှိခြင်းတို့ကြောင့် မိမိနှင့်အတူပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး နိုင်ငံနှင့်နိုင်ငံသားတို့အပေါ် ချစ်မြတ်နိုးဂုဏ်ယူတတ်သော စွမ်းရည်ထက်မြက်သည့် လူငယ်များဖြစ်ရန်မှာ မိမိကိုယ်မိမိ တည်ဆောက်ကြရမည် ဖြစ်သည်။ စွမ်းရည်ပြည့်ဝ သော နိုင်ငံ့သားကောင်း ဖြစ်လာစေရန်အတွက် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ မြင့်မားအောင် ကြိုးစားကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။