နတ်တော်လခါမီ စာဆိုတော်လရာသီ

နတ်တော်လခါမီ စာဆိုတော်လရာသီ

မြန်မာနိုင်ငံ၏ ခေတ်သမိုင်းအဆက်ဆက်ဖြစ်သည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီခေတ်မှသည် ယနေ့အချိန်အခါထိ မြန်မာ့ယဉ်ကျေးမှုစာပေသည် ထွန်းလင်းတောက်ပလျက်ရှိသည်။

ရှေးမြန်မာမင်းများလက်ထက်ကပင် ရတု၊ ရကန်၊ အဲအန်၊ လူးတား၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိ စသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေအမွေပေးခဲ့ကြသည့်  ရဟန်းစာဆို၊ လူပညာရှိစာဆိုကြီးများကို အလေးထား အရေးပေးခဲ့ကြသည်။ စာဆိုတော်ဟူသော အမည်နာမကိုကြည့်ခြင်းအားဖြင့် အဆိုပါစာဆိုများကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်အပ်နှင်းဂုဏ်ပြုခဲ့သည်ကို သိနိုင်သည်။ နတ်တော်လရာသီမှာ စာဆိုတော် လရာသီအဖြစ်ထင်ရှားလာခဲ့သည်။

နတ်တော်လ၏ သဘာဝပတ်ဝန်းကျင်ကို စာဆိုတော်ဖိုးသူတော်ဦးမင်းက‘‘ရှစ်ခွင်မှာ မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို။ ဂမုန်းသဇင်တို့၊ စုံခွင်မှာလေချိုညင်းက၊ သုတ်သွင်းဘယ်ညာနှံ့၊ သင်းပျံ့ပျံ့ချို’’ ဟု ဖွဲ့ဆိုထားသည်။

နတ်တော်လသည် ဆောင်းလရာသီဖြစ်သည့်အတိုင်း ပတ်ဝန်းကျင်တွင် နှင်းမြူများရစ်ဆိုင်းနေသဖြင့် အေးမြမြအထိအတွေ့ကို ခံစားရသည်။ မြောက်ပြန်လေညင်းဆော်သွင်းတိုက်ခတ်သည့် ဟေမန္တဥတုဖြစ်သည်။

ယောမင်းကြီးဦးဘိုးလှိုင်က  နတ်တော်လ၏သဘာဝပတ်ဝန်းကျင်ကို ‘‘လောကသည်အေး၏။ လောကမခြောက်။

ဆီးနှင်းများ၏။ မြောက်ကလေလာ၏’’ ဟု  ပုံဖော်ခဲ့သည်။  သဇင်ဂမုန်းတို့သည် နတ်တော်လ၏ရာသီပန်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် စာပေကဏ္ဍသည်လည်း ပါဝင်သည်။ စာပေမြင့်မှလူမျိုးတင့်မည် ဆိုသည့်အတိုင်း စာပေပညာရှင်များကို အလေးအနက်ထားလျက်ရှိသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် နိုင်ငံသားများ အသိအမြင် အတွေးအခေါ် မှန်ကန်ရေးအတွက် စာပေကဏ္ဍသည်အဓိကဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်ကအသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင်ကြီး ခြောက်ဦးကို အမျိုးသားစာပေတစ်သက်တာဆုကိုလည်းကောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များမှ အမျိုးသားစာပေဆုကိုလည်းကောင်း၊ စာပေဗိမာန်စာမူဆုအတွက် တင်သွင်းလာသော စာမူများမှ စာပေဗိမာန်ဆုကိုလည်းကောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

(၇၅)နှစ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်(၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်)တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)တွင်ကျင်းပသည်။  နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သလို အတတ်ပညာတစ်ခုတည်း ဖြင့်လည်း တည်ဆောက်၍ရနိုင်မည် မဟုတ်ပေ။ အသိပညာနှင့်အတတ်ပညာ နှစ်ခုစလုံးပေါင်းစပ် ဆောင်ရွက်နိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပေမည်။  စာပေသည် ဘဝရှေ့ဆောင်မီးရှူးရောင်ဆိုသည့်အတိုင်း လူသားတို့အတွက်ရှေ့ဆောင်လမ်းပြဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုစာပေအမွေကို လက်ဆင့်ကမ်းပေးခဲ့ကြသော စာဆိုတော်များကို ဂုဏ်ယူချီးမြှင့်ခြင်းသည် စာပေကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည်။ နိုင်ငံတော်အစိုးရက အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းလည်း ဖြစ်သည်။ တန်ဖိုးရှိသောစာပေများကိုဖတ်ရှုခြင်းဖြင့် လူငယ်မောင်မယ်များ အသိဉာဏ်တိုးပွားစေသည်။

တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှင်သန်စေသည်။ ဇာတိသွေးဇာတိမာန်တက်ကြွစေသည်။ မြန်မာစာပေသည် လေ့လာ၍မကုန်ဆုံးနိုင်သော ပညာဘဏ်တိုက်ကြီးဖြစ်သည်။ ရှေးကပညာရှင်အဆက်ဆက် စုဆောင်းသိုမှီးထားသည့် ပညာရပ်များမှာ ခေတ်ကာလအဆက်ဆက် သုံး၍ကုန်နိုင်မည်မဟုတ်ပေ။

ကိုလိုနီခေတ်တွင် စာပေဖြင့်လှုံ့ဆော်မှု အားကောင်းခဲ့သဖြင့် မှေးမှိန်နေသော အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားတက်ကြွလာခဲ့သည်။ ထိုမှတစ်ဆင့် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့သည်။

စာပေကိုဖတ်ရှုခြင်းဖြင့် လောကဓမ္မရေးရာများကို သုံးသပ်ဆင်ခြင်နိုင်ပြီး မကောင်းမှုကိုပြုလုပ်ခြင်း ကင်းဝေးသည်။ ကောင်းမှုကိုပြုမူ လုပ်ဆောင်ရန် နီးစပ်သည်။ မြန်မာစာပေအမွေကို ရဟန်းပညာရှိ၊ လူပညာရှိတို့က လက်ဆင့်ကမ်း အမွေပေးထားခဲ့ခြင်းကြောင့် ယနေ့တိုင် လေ့လာမဆုံးနိုင်အောင် ကျေးဇူးတင်ဖွယ် ဖြစ်သည်။

ကိုလိုနီခေတ်တွင် မြန်မာစာရေးဆရာအသင်းပေါ်ပေါက်လာသည်နှင့်အတူ ၁၉၄၄ ခုနှစ်မှစတင်ကာ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ စာပေကိုတန်ဖိုးထားလေးစားကာ စာပေပညာရှင်များကို ဂုဏ်ယူခြင်းမှာ ဝမ်းသာကြည်နူးဖွယ်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။