အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်)
မြန်မာစာပေပိုမိုထွန်းကားရေး ထိုက်ထိုက်တန်တန်ဂုဏ်ပြု
မြန်မာစာပေအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရင်း ပိုမိုပြန့်ပွားထွန်းကားအောင်မြန်မာစာပေ ပညာရှင်အဆက်ဆက်တို့ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် တင့်တင့်တယ်တယ်ထည်ထည်ဝါဝါနေထိုင်လာသည့်နိုင်ငံဖြစ်သည်။ စာပေမှတ် တမ်းတင်ထားသည့် ပုဂံခေတ်မှယနေ့ခေတ်တိုင် မြန်မာစာပေသည် ဆုတ်ယုတ်သွားခြင်း မရှိဘဲ ပိုမို၍ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသည်။ထိုသို့ထွန်းကားတိုးတက်အောင် ရဟန်းပညာရှိ၊ လူပုဂ္ဂိုလ်ပညာရှိ များကထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ မြန်မာလူမျိုးများ၏ပညာရေးသည် ဘုန်းတော်ကြီးသင် ပညာရေးကစတင်အခြေတည်ခဲ့သည့်အလျောက် ပညာတတ်မြောက်မှုမှာလည်း ရာခိုင်နှုန်းအားဖြင့် လွန်စွာမြင့်မားခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများတွင် တာဝန်နှင့်ဝတ္တရားများခွဲခြားထားရှိသည်။ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ရဟန်းနှင့်ဒါယကာ၊ အရှင်သခင်နှင့်လုပ်သားစသည်ဖြင့်အသီးသီးတို့၏ဝတ္တရားများကို ဖော်ပြထားသကဲ့သို့ ထိုဝတ္တရားများအတိုင်းလိုက်နာကျင့်သုံးခဲ့ကြသည်။ မြန်မာတို့၏စာပေ တတ်မြောက်မှုနှုန်းမှာ မြန်မာနိုင်ငံကိုနယ်ချဲ့အင်္ဂလိပ်တို့သိမ်းပိုက်ချိန်မှစ၍လျော့နည်းလာခဲ့သည်။ အင်္ဂလိပ်တို့သည် နယ်ချဲ့များပီပီမြန်မာတို့စာတတ်မြောက်ရေးထက် ယင်းတို့၏အကျိုးစီးပွားကိုရှေးရှုခဲ့ သည်။ ထို့ကြောင့် ပထမဆုံးတက္ကသိုလ် ကျောင်းသားသပိတ်ပေါ်ပေါက်လာကာ အမျိုးသားကျောင်းများ ပေါ်ထွန်းခဲ့သည်။ အမျိုးသားကျောင်းများပေါ်ထွန်းလာခြင်းနှင့်အတူ မြန်မာစာပေသည် ဂုဏ်ရှိန် ထွန်းပြောင်လာခဲ့သည်။ မြန်မာစာသည်တို့စာဆိုသည့်အတိုင်း စာပေကိုအလေးအနက်ထားကာ မြန်မာစာပေပြန်လည်ဖွံ့ဖြိုးတိုးတက်ခဲ့သလို မြန်မာတို့၏ စာတတ် မြောက်နှုန်းမှာလည်း ပြန်လည် မြင့်တက်လာခဲ့သည်။
ကိုလိုနီခေတ်မြန်မာစာရေးဆရာများကစတင်ကာ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ အဖြစ်သတ်မှတ်နိုင်ခဲ့သည်။ မြန်မာဘုရင်များလက်ထက်က စာပေပညာရှင်များကို ဘွဲ့ထူး၊ ဂုဏ်ထူးများ ဖြင့်ချီးမြှင့်မြှောက်စားခဲ့ကြသလို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နိုင်ငံတော်အစိုးရ အဆက် ဆက်ကစာပေနှင့်ပတ်သက်၍ချီးမြှင့်မြှောက်စားမှုများပြုလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း စာပေပညာရှင်များ၊ ဝါသနာရှင်များကို ဆက်လက်ချီးမြှင့်မြှောက်စားခဲ့သည်။ စာပေပညာရှင် များကိုဘွဲ့တံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ကြသည်။ စာပေပညာရှင်ကြီးများကိုလည်းအမျိုးသားစာပေ တစ်သက်တာဆုများချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသားစာပေဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်မှာ ယခုအခါ (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုနှင်းသဘင်အချိန်အခါသို့ ရောက်ရှိပြီဖြစ်သည်။ (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ကျင်းပခဲ့သည်။ စာပေဆုချီးမြှင့်နှုန်းထားများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပိုမိုတိုးမြှင့်ချီးမြှင့်သကဲ့သို့ တစ်သက်တာစာပေဆုချီးမြှင့်ခြင်းအရေအတွက်မှာလည်း ယခင်နှစ်များထက် ပိုမိုများပြားသည်။ အစီအစဉ်(၁၃)ရပ်ဖြင့် ခမ်းနားထည်ဝါစွာကျင်းပပြီးတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။
စာပေမြင့်မှလူမျိုးတင့်မည်ဆိုသည့်အတိုင်း စာပေကိုအလေးအနက်ထားခြင်းမှာ အနာဂတ်နိုင်ငံတော်ကိုပိုမိုလှပအောင်စာပန်းချီခြယ်သခြင်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာရှည်တည်ပြီးသမိုင်းရှိသည့် မြန်မာစာပေ၊ ပုဂံခေတ်မှသည် ယနေ့အထိ အဖိုးတန်ဆဲ၊ လှပမြဲမြန်မာစာပေ၊ မျက်မှောက်ခေတ်အထိ မတိမ်ကောမပပျောက်ဘဲ အခိုင်အမာတည်ရှိနေသည့် မြန်မာစာပေသည် အနှစ်သာရတန်ဖိုးမှာကြီးမားလွန်းသည်။မြန်မာစာပေနှင့်ပတ်သက်လျှင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရပါဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မွန်မြတ်လှပသည့် စာပေအမွေလက်ဆင့်ကမ်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်မှာ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်ဖြစ်သည်။
စာပေစိန်ရတုမှတ်တိုင်ကို ဂုဏ်သိက္ခာရှိစွာ မားမားမတ်မတ်စိုက်ထူလိုက်နိုင်ခြင်းမှာ မြန်မာနိုင်ငံအတွက်နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကြားမှ စာရေးသူ၊ စာဖတ်သူ၊ စာပေထုတ်ဝေသူများ၏ညီညွတ်မှုကြောင့် မှတ်တိုင်စိုက်ထူနိုင်ခြင်းလည်းဖြစ်သည်။ မြန်မာစာပေတိုးတက်မှု ရေစီးကြောင်းဖြတ်သန်းမှုမှာလည်းအရှိန်အဟုန်ပြင်းစွာ ဆက်လက်စီးဆင်းနိုင်သည်ကို တွေ့မြင်ကြရခြင်းဖြစ်သည်။ စာရေးဆရာကြီးများ၏ကလောင်စွမ်းပကားများကြောင့် စာဖတ်သူများမှာ စာပေကပေးသည့် အသိဉာဏ်ပညာ၊ ဗဟုသုတများစွာရရှိစေသည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် စာပေ၏တန်ဖိုးကြီးမားမှုကို ထင်ရှားစွာဖော်ညွှန်းပြသခြင်းဖြစ်သည်။
စာအုပ်စာပေမှရရှိသည့်အကျိုးကျေးဇူးများမှာ အတိုင်းအဆမရှိခြင်းကြောင့် စာအုပ်စာပေများကို မိမိတို့ဘဝတစ်လျှောက်လုံး အစဉ်တစိုက်ရေးသားနေကြသည့် စာပေပညာရှင်စာရေးဆရာကြီး၊ စာရေးဆရာမကြီးများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်အတူ နိုင်ငံနှင့်ပြည်သူအကျိုးပြုစာအုပ်စာပေများလည်း ပေါ်ထွက်လာခဲ့သည်မှာ နိုင်ငံ့ဂုဏ်ကိုမြင့်မားစေခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာစာပေထွန်းကားပြန့်ပွားရေးကို အလေးအနက်ထားကာ ဆုများကိုထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းဖြစ်ပါကြောင်းရေးသားလိုက်ရပေသည်။ ။