အနာဂတ်မှာ အားလုံးရေရှည် တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး
မြန်မာ့အလင်းသတင်းစာတွင် မြန်မာမသန်စွမ်းအားကစားသမား တပ်ကြပ်စိုးပေအား ၂၀၂၄ ခုနှစ် နွေရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ခံရဆိုသော သတင်းတစ်ပုဒ်အား ဖတ်လိုက်ရသည်။ ထိုသတင်းကြောင့် မသန်စွမ်းသူတစ်ဦး၏ အရည်အချင်း၊ လွှမ်းမိုးနိုင်မှုတို့ကို နက်ရှိုင်းစွာခံစားရမိသလို မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်လည်း ဂုဏ်ယူမဆုံးဖြစ်ခဲ့ရသည်။ ထပ်မံ၍ မသန်စွမ်းသူများ၏ အခန်းကဏ္ဍအလေးပေးဆောင်ရွက်သည့်သဘောဖြင့် ယခုလို ဖိတ်ကြားခဲ့သော ကမ္ဘာ့မသန်စွမ်းအားကစားအဖွဲ့ချုပ်ကိုလည်း အလိုလိုပင် ကျေးဇူးတင်နေမိသည်။
မိမိနားလည်ခဲ့သော မသန်စွမ်းသူတို့ သည်အများစု၏ ဖယ်ကြဉ်ခြင်း၊ ကဲ့ရဲ့ခြင်း၊ လှောင်ပြောင်ခြင်းဟူသော ခေါင်းစဉ်အောက်တွင်သာ ရပ်တည်ခဲ့ကြရပါသည်။ သို့သော်တစ်နှစ်ထက်တစ်နှစ် မသန်စွမ်းသူတို့၏ကဏ္ဍမှာ တိုးတက်ပြောင်းလဲ လာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မသန်စွမ်းသူတို့၏ ခေါင်းဆောင်မှု၊ စွမ်းရည်တို့ကို ရှေ့တန်းတင်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူများ၏ဘဝအရည်အသွေးတိုးတက်ရေးကို အရေးပေးဆောင်ရွက်လာသည်ကို တွေ့လာရသည်။ အထူးသဖြင့် မသန်စွမ်းသူများ၏ သာတူညီမျှအခွင့်အရေး ရရှိရေးအတွက် ကမကထ ပြုလုပ်ကာ စတင်ဆောင်ရွက်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ ကျေးဇူးတရားကလည်း အဓိကအခရာကျခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ပေါ်ပေါက်လာပုံနှင့်ရည်ရွယ်ချက်
၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် မသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ ၎င်းလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများအား ကြိုတင် ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့် ရရှိနိုင်မှုတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာလုံးဆိုင်ရာနည်းဗျူဟာများပါဝင်ခဲ့သည်။ ထိုသို့ ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာတစ်ခု ချမှတ်ခဲ့သောနေ့ကို အထူးပြုသောအားဖြင့် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော (၄၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အပိုဒ်(၄၇/၃) ဖြင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမျှသာမက လူ့အဖွဲ့အစည်းတိုင်းနှင့် ဖွံ့ဖြိုးမှုတိုင်းတွင် မသန်စွမ်းသူများအတွက် ချမ်းသာမှုအခွင့်အရေးများကို မြှင့်တင်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းတစ်ခုကိုလည်း တစ်ပါတည်းထားရှိဆောင်ရွက်ခဲ့ကြပါသည်။
မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆောင်ရွက်ချက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာအရ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၁၀၀၀ ကျော်ခန့်သည် မသန်စွမ်းမှု ဒုက္ခတစ်မျိုးမျိုးကို ခံစားနေရကြောင်းလေ့လာတွေ့ရှိရသည်။ ကမ္ဘာ့အကြီးမားဆုံးလူနည်းစုအုပ်စုအဖြစ် နိုင်ငံတကာမှ ဝိုင်းဝန်းသတ်မှတ်လာသော မသန်စွမ်းသူများအတွက် တန်းတူညီမျှ အခွင့်အရေးရရှိရေးတွင် ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် နိုင်ငံအများစုက ကြိုးပမ်းအကောင်အထည်ဖော်လာကြပြီဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ထုတ်ပြန်ကြေညာခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းအချိန်မှစတင်၍ နိုင်ငံတကာတွင် မသန်စွမ်းသူများအတွက် ဖေးမ၊ ကာကွယ်၊လက်တွဲခေါ်ယူရေး လှုပ်ရှားမှုများအား စတင်ပြုလုပ်ခဲ့သည့် လမ်းကြောင်းတစ်ခုအဖြစ် အသက်ဝင်လာခဲ့ပါသည်။
အားကစားကဏ္ဍတွင်လည်း သန်စွမ်းသူများနည်းတူ မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲများကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပေးခဲ့ပါသည်။ သာမန်အိုလံပစ် အားကစားပွဲကြီးအတိုင်းပင် နွေရာသီနှင့်ဆောင်းရာသီ အားကစားပြိုင်ပွဲနှစ်ခုစလုံးအား ကျင်းပလျက်ရှိသည်မှာ မသန်စွမ်းသူတို့၏ သာတူညီမျှအခွင့်အရေးအား အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ပေါ်လွင်ထင်ရှားလှပါသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အားကစားကော်မတီ(International Paralympic Committee)တွင်လည်း အဖွဲ့ဝင်ပေါင်း ၁၇၆ နိုင်ငံထိ ပူးပေါင်းပါဝင်ကာ ဖွဲ့စည်းထားရှိသည်မှာ အားရစရာကောင်းလွန်းသည်။ ထူးခြားမှုတစ်ခုအနေဖြင့် ကမ္ဘာ့မသန်စွမ်းပြေးခုန်ပစ် အဖွဲ့ချုပ်နှင့် ကမ္ဘာ့မသန်စွမ်းအားကစား အဖွဲ့ချုပ်တို့က မြန်မာမသန်စွမ်းအားကစားသမား တပ်ကြပ်စိုးပေအား ၂၀၂၄ ခုနှစ် နွေရာသီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်းသည်လည်း နိုင်ငံတကာအနေဖြင့် မသန်စွမ်းသူတို့အပေါ် ဖေးမကူညီမှု၊ လက်တွဲခေါ်ယူမှုနှင့် ၎င်းတို့၏ခေါင်းဆောင်နိုင်မှု အရည်အသွေးကို ရှေ့တန်းတင်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။
နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံသည်လည်း ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကျင်းပလာခဲ့ပြီး ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်( Convention on the Rights of Persons with Disabilities- CRPD) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းသဘောတူစာချုပ်တွင် မသန်စွမ်းသူတို့၏ လူမှုရေးနှင့် လူ့အခွင့်အရေးများကို အခြေပြုလျက် နောက်ဆုံးပေါ် ချဉ်းကပ်ဆောင်ရွက်မှုပုံစံများကို အလေးပေးပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း CRPD လက်မှတ်ရေးထိုးပြီးချိန်မှစတင်၍ မသန်စွမ်းသူတို့၏အရေးကိစ္စကို အာရုံစိုက်ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့သည့် သဘောပင်ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ မသန်စွမ်းကဏ္ဍလှုပ်ရှားမှု အရှိန်အဟုန်ကလည်း နိုင်ငံတကာနည်းတူ မြန်ဆန်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်၏မသန်စွမ်းကဏ္ဍ ကြိုးပမ်း ဆောင်ရွက်ချက်များ
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းက မသန်စွမ်းသူများဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရာခိုင်နှုန်း များပြားမသန်စွမ်းသူများ၏ အရေးကို တစ်နှစ်ထက်တစ်နှစ် ပိုမို၍ အလေးထားဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(၃၂) တွင် နိုင်ငံတော်သည် မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရမည်ဟူသော အချက်ပါဝင်ပြီးသားဖြစ်သည်။ ၎င်းပြဋ္ဌာန်းချက်နှင့်အညီ ထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီး နည်းဥပဒေများကိုမူ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဇွန်လတွင်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံရှိမသန်စွမ်းမှုအကြောင်း၊ ခေတ် ပြိုင်သုတေသန အစီရင်ခံစာတွင် မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်နေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ ၃၅ တွင်လည်းကောင်း၊ နည်းဥပဒေပုဒ်မ ၃၁ တွင်လည်းကောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီသို့ လုပ်ပိုင်ခွင့်များအပ်နှင်း ဆောင်ရွက်စေခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများအကြား ဆင်းရဲမှုလျှော့ချရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)(Agenda 2023)တွင် ပါဝင်နေသော ပြဋ္ဌာန်းချက် (၁၇) ချက်အား အကောင်အထည်ဖော်ရာတွင်လည်း များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ SDGsပြဋ္ဌာန်းချက်များနှင့် မသန်စွမ်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် ကွင်းဆက်တစ်ခုသဖွယ် အပြန်အလှန်ချိတ်ဆက်
ဆောင်ရွက်ရသည့် သဘောကိုလည်းတွေ့ရှိရပါသည်။
၂၀၁၆ ခုနှစ် သုတေသနပြုလေ့လာ ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးငယ် ၂၃၀၀၀၀ ခန့်ရှိနေပြီး ကလေးသုံးဦးတွင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ဘဲ ၃၆ ရာခိုင်နှုန်း ခန့်သာ စာရေး၊ စာဖတ်နိုင်သည်ကိုလည်းတွေ့ရှိရသည်။ မသန်စွမ်းဘဝတစ်ခုကြောင့် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခံနေရချိန်တွင် အတန်းပညာနိမ့်ကျမှုပြဿနာကလည်း အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်လာပြန်သည်။
သို့ဖြစ်၍ နိုင်ငံတော်သည် မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသား အဆင့်ဗျူဟာ(၂၀၁၆-၂၀၂၅)ကို ရေးဆွဲပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ပြန်သည်။
ထိုမျှသာမက နိုင်ငံတော်သည် အာဆီယံအသိုက်အဝန်းအတွင်း မသန်စွမ်းသူများပါဝင်မှုနှင့် မသန်စွမ်းသူများ၏အခန်း ကဏ္ဍမြင့်မားရေးဆိုင်ရာ ဘာလီကြေညာချက်၊ အာဆီယံမသန်စွမ်းသူများ ဆယ်စုနှစ်လုပ်ငန်းစဉ် (၂၀၁၁-၂၀၂၀)၊ အာရှပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာ အင်ချွန်းမဟာဗျူဟာ(၂၀၁၃- ၂၀၂၂)ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာလုပ်ငန်းအစီအစဉ်များတွင်လည်း အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ စတင်တာဝန်ယူချိန်မှစတင်၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိသည့် မသန်စွမ်းအားကစားသမားများအား ဆုကြေးငွေချီးမြှင့်ရာတွင် သန်စွမ်းသူ အားကစားသမားများ၏ ဆုကြေးငွေနှင့် ပမာဏတန်းတူချီးမြှင့်ပေးခဲ့သည်မှာလည်း မသန်စွမ်းသူများ၏ကဏ္ဍကို မြှင့်တင်ပေးခဲ့သည့် သာဓကကောင်းတစ်ခုဖြစ်ခဲ့ပါသည်။
မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီးများအား ဖြေရှင်းပေးရန်လို နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စာတတ်မြောက်ရေးတို့အတွက် အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊
မသန်စွမ်းအဖွဲ့ချုပ်၊ နိုင်ငံတကာတို့နှင့် ပူးပေါင်း၍ ပံ့ပိုးဝန်ဆောင်မှုများကို အများအပြားဆောင်ရွက်နေသည်မှာ သိသာထင်ရှားသည်။ သို့သော်လည်းအချို့သော ဒေသများတွင် မသန်စွမ်းသူများသည် မည်သည့်ဝန်ဆောင်မှုကိုမျှ မကြားဖူး၊ မသိရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့်ပင် မသန်စွမ်းသူများအတွက် နိုင်ငံတကာနည်းတူ ဝန်ဆောင်မှုများပြုလုပ်ပေးရာတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် လက်လှမ်းမီစွာသိရှိနိုင်ရေးသည် အရေးတကြီး ဆောင်ရွက်ပေးရန်လိုသည့် အချက်တစ်ချက်ဖြစ်ကြောင်း သုံးသပ်ရှုမြင်မိပါသည်။
ထို့ပြင် မသန်စွမ်းသူများအတွက် လူ့အသိုင်းအဝိုင်းတွင် ရာခိုင်နှုန်းပြည့် ပါဝင်နိုင်ရေးနှင့်၎င်းတို့၏ စွမ်းဆောင်ရည်ကို ပြည့်ဝစွာလုပ်ဆောင်နိုင်ရေး တို့တွင် တည်ဆဲဥပဒေနှင့် နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို အခါအားလျော်စွာ ဖြည့်စွက်ခြင်း၊ပြင်ဆင်ခြင်း၊ မွမ်းမံခြင်းစသဖြင့် ဆောင်ရွက်ပေးသွားရန်သည်လည်း အဓိကလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေးကြပါစို့
မသန်စွမ်းသူတို့သည် မသန်သော်လည်း စွမ်းနိုင်ပါသည်ဟူသော စိတ်ဓာတ်ခွန်အားမြင့်မားသည့် လူသားများဖြစ်ကြသည်။ မသန်မစွမ်းဖြစ်စေမည့် သိမ်ငယ်စိတ်များဖြင့် ချိုးနှိမ်စေမည့် အခြေအနေများကိုဖယ်ရှားကာ ၎င်းတို့၏မူရင်း
စွမ်းဆောင်ရည်အမှန်ကို မြှင့်တင်ပေးခြင်း ဖြင့် ဝိုင်းဝန်းဂုဏ်ပြုပေးရမည်လည်း ဖြစ်သည်။ ကမ္ဘာကျော်သိပ္ပံပညာရှင် Stephen William Hawking သည်ပင် လျှင် ဒေါက်တာဘွဲ့ရရှိထားသော မသန်စွမ်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ကြောင့် မသန်စွမ်းသူများသည် အများနည်းတူ ရင်ပေါင်တန်းနိုင်သည့် အဆင့်ကိုပင်မဆိုထားနှင့် အများထက်ပင်ထူးချွန်ပြောင်မြောက်သော ကမ္ဘာ့အဆင့်စွမ်းရည်များကိုပင် ပိုင်ဆိုင်နိုင်သည်မှာ သာဓကတစ်ခုအဖြစ်တွေ့မြင်နိုင်သည်။ ထို့ကြောင့်မသန်စွမ်းသူတို့၏ ရှိရင်းစွဲစိတ်ဓာတ်ပိုင်းဆိုင် ရာနှင့် ဉာဏ်ပညာပိုင်းဆိုင်ရာတို့အား ကာကွယ်စောင့်ရှောက်ပေးခြင်း၊ မြှင့်တင်ပေးခြင်းများ ဆောင်ရွက်နိုင်မှသာ ၎င်းတို့၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ဖြင့်နိုင်ငံအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အဖိုးမဖြတ်နိုင်သော အထောက်အပံ့ကောင်းများ ပြန်လည်ရရှိနိုင်မည်လည်းဖြစ်ပါသည်။
မသန်စွမ်းသူများအတွက် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ဦးတည်ဆောင်ပုဒ်တစ်ခုကို နှစ်စဉ်ထုတ်ပြန်လျက်ရှိရာ ယခု ၂၀၂၄ခုနှစ်၏ဆောင်ပုဒ်မှာ Amplifying the leadership of persons with disabilities for an inclusive and sustainable future၊ အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေးဟူ၍ ဖြစ်ပါသည်။ ဆောင်ပုဒ်၏ အဓိပ္ပာယ်က ရည်ရွယ်ချက်ကောင်းမွန်သလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကုလသမဂ္ဂ၏ လမ်းညွှန်မှုနှင့်အညီ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား သိုက်မြိုက်စည်ကားစွာ ကျင်းပကြလိမ့်ဦးမည်ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာတွင် မသန်စွမ်းသူများ၏ခေါင်းဆောင်မှုဖြင့် အသစ်အဆန်းများ တိုးတက်ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေကြချိန်တွင် လက်ရှိနိုင်ငံတော်အစိုးရ အနေဖြင့် မသန်စွမ်းသူများ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ကဏ္ဍပေါင်းစုံမှနေ၍ စီမံဖြေရှင်းပေးလျက်ရှိပါသည်။
သို့ဖြစ်၍ လသာတုန်းဗိုင်းငင်ဆိုသလို ပြည်သူအားလုံးကလည်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလက်တွဲ၍ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍအတွက် အထူးအရေးပါလှသော မသန်စွမ်းသူများ၏ ခေါင်းဆောင်မှုကို ဝိုင်းဝန်းမြှင့်တင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတော့သည်။ ။