မသန်သော်လည်း စွမ်းဆောင်နိုင်စေဖို့ ဖေးမကူညီကြပါစို့
မယ်ထွေးလေး
မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကိုဆိုသည်ဟု မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၊ ၃၀။)တွင်ဖော်ပြထားသည်။
မသန်စွမ်းမှုများကိုလေ့လာကြည့်ပါက မွေးရာပါချို့ယွင်းမှုကြောင့် မသန်စွမ်းသူများနှင့် မတော်တဆထိခိုက်မှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းအားနည်းကာ မသန်စွမ်းဖြစ်ရသူများဟူ၍နှစ်မျိုးရှိသည်။ မသန်စွမ်းသူများ၏ဘ၀မှာ ရုပ်နှင့်စိတ်တစ်ထပ်တည်းမကျနိုင်သောဘ၀မျိုးဖြစ်၍ မိသားစုနှင့် ပတ်၀န်းကျင် သိုက်အ၀န်း၏ ဖေးမကူညီမှုသည်အရေးကြီးပါသည်။ ထို့ကြောင့် မသန်စွမ်းသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ရေး၊ နေ့စဉ်ဘ၀လိုအပ်ချက်များကို တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးရပါမည်။ ထိုသို့ နားလည်စာနာမှုနှင့် ကူညီစောင့်ရှောက်မှုကောင်းများရှိပါက မသန်စွမ်းသူများအနေဖြင့် စိတ်ဓာတ်ခွန်အားများမြင့်တက်ကာ မသန်သော်လည်း စွမ်းသူများအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ယနေ့ကမ္ဘာတွင် မသန်စွမ်းသူများ တစ်စတစ်စ များပြားလာသည်ကို မြင်တွေ့ကြရပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ ပူးပေါင်းထုတ်ပြန်ချက် အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏တစ်ဘီလီယံကျော် (၁၆ ရာခိုင်နှုန်း)သည် မသန်စွမ်း မှုတစ်မျိုးမျိုးကို ခံစားနေကြရသူများဖြစ်သည်ဟုသိရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ ၅၉ သိန်းကျော်(၁၂ ဒသမ ၈ ရာခိုင်နှုန်း)သည် မသန်စွမ်းသူများဖြစ်နေသည်ကို လေ့လာသိရှိရသည်။ ဤမျှ များပြားတိုးပွားလာသော မသန်စွမ်းသူဦးရေကို အချိန်မီဖေးမကယ်ဆယ်နိုင်ရန်အတွက် မသန်စွမ်းသူများ၏စိတ်ဓာတ်မြှင့်တင်ရေး၊ လူမှုပတ်၀န်းကျင်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များတွင် တစ်တပ်တစ်အားပါ၀င်နိုင်ရေးကိုတတ်အားသမျှ လုပ်ဆောင်ပေးကြရပါမည်။
မသန်စွမ်းသူများကို စွမ်းသန်လာအောင် ကူညီစောင့်ရှောက်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)သည် အဓိကကျသောအခန်းကဏ္ဍကပါ၀င်နေပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)သည်မသန်စွမ်းသူတို့ဘ၀မြင့်မားရေးနှင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှခံစားခွင့်ရရှိရေးအတွက် နည်းလမ်းများ ရှာကြံလုပ်ဆောင်ပေးလျက်ရှိသည်။ ကုလသမဂ္ဂ၏မူဝါဒလမ်းစဉ်အောက်တွင် မသန်စွမ်းသူများအရေးကို တစ်ကမ္ဘာလုံးက စိတ်၀င်စားလာစေရန်နှင့် ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် ၁၉၈၁ ခုနှစ်ကို မသန်စွမ်းသူများနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ကုလသမဂ္ဂမသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများအား ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊အပြည့်အ၀ပါ၀င်ခွင့်နှင့် တန်းတူရပိုင်ခွင့်တို့ကို တိုးမြှင့် နိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံးမသန်စွမ်းရပိုင်ခွင့်ကိုအခြေခံသည့် ကမ္ဘာလုံးဆိုင်ရာနည်းဗျူဟာကို ချမှတ်ခဲ့ပါသည်။ ထိုနေ့ကို အထူးပြုပြီး ၁၉၉၂ ခုနှစ်တွင်ကျင်းပသော (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ဆုံးဖြတ်ချက်အရ နှစ်စဉ် ဒီဇင်ဘာလ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ် ခဲ့သည်။ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းတူညီမျှရရှိရေးတို့ကို မြှင့်တင်ပေးရန်ဟူသော ဦးတည်ချက်များဖြင့်၁၉၈၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ ဆယ်စုနှစ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်ဟူသောရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းသို့၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြု၀င်ရောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(၃၂)တွင် နိုင်ငံတော်သည် မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟူသောပြဋ္ဌာန်းချက်နှင့်အညီ ထိရောက်စွာကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင်ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းပြီး ရည်ရွယ်ချက်(၅)ရပ်၊ လုပ်ငန်းတာ၀န်(၂၅)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာမဟာဗျူဟာငါးနှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ တွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာ၀ဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီရယူအသုံးပြုနိုင်မှု စသည့်ကဏ္ဍမျိုးစုံပါ၀င်သဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများကိုပိုမိုထိရောက်စွာဆောင်ရွက်လာမည်ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုတွင် အားနည်းသူကို ဖေးကူတတ်သောအလေ့အထမှာ ရှေးယခင်ကပင် ရှိခဲ့သည့်မြတ်နိုးဖွယ်ရာအစဉ်အလာတစ်ခုပင်ဖြစ်သည်။ မိသားစုတွင် မသန်စွမ်းသူရှိနေပါက မိဘဆွေမျိုးများကဝိုင်း၀န်းစောင့်ရှောက်လေ့ရှိသည်။ မိဘဆွေမျိုးမရှိပါကဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ခိုကိုးရာရိပ်သာစခန်းများက ကရုဏာထား ဖေးမကူညီစောင့်ရှောက်ကြသည်ကို တွေ့မြင်နိုင်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ၊အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှု အမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အသက်မွေး၀မ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အလုပ်အကိုင် ခွင့်အလမ်းနှင့် ကိုယ်ပိုင်၀င်ငွေများရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် စေတနာရှင်အဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။
မသန်စွမ်းသူတို့ဘ၀ မြင့်မားတိုးတက်ရန် လူမှု၀န်ထမ်းကဲ့သို့ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းရှိအစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများပူးပေါင်းကာ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်ရပါသည်။ လူမှု၀န်ထမ်းဦးစီးဌာနသည် လူမှုရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ သက်ကြီးမသန်စွမ်းသူများအား အဆင့်မြင့်စက်ချုပ်၊ ဆံသ၊ အလှပြင် စသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေး၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူများအတွက် ကွန်ပျူတာ၊စက်ချုပ်အတတ်ပညာ၊ ကြိမ်ထိုး၊ ပန်းထိုး၊ အနင်းအနှိပ်အတတ်ပညာများကို သင်ကြားပေးလျက်ရှိရာမသန်စွမ်းသူများအတွက် နေ့စဉ်ဘ၀မိသားစု၀င်ငွေအထောက်အပံ့ကောင်းသဖွယ်ရရှိလာစေပါသည်။ထို့ပြင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ(ရန်ကုန်)၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်၊ မန္တလေး)၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်၊ မန္တလေး)၊ မျက်မမြင်ကျောင်း(ရန်ကုန်၊ စစ်ကိုင်း)ဟူ၍ သင်တန်းကျောင်းရှစ်ကျောင်းကို ဖွင့်လှစ်ထားပြီးဖြစ်သည်။
လက်ရှိအခြေအနေတွင် မသန်စွမ်းသူများအတွက် မည်သို့ပင်အခွင့်အရေးများ ဖန်တီးပေးနေစေကာမူ မသန်စွမ်းသူများမှာ လူမှု၀န်းကျင်တွင် အခြားသူများနှင့် တန်းတူအခွင့်အရေးရှိရန် အခြေအနေနည်းပါးနေဆဲဖြစ်သည်။ ကုလသမဂ္ဂက ချမှတ်ထားသောစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ်အနက် ပန်းတိုင်(၈)တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လုပ်ခလစာတန်းတူရရှိမည့် အခွင့်အလမ်းများ ဖန်တီးခြင်းနှင့်လူငယ်များ အလုပ်လက်မဲ့ဖြစ်မှုလျှော့ချရေး၊ အလုပ်သမားဈေးကွက်တွင် ၀င်ဆံ့နိုင်ရေးတို့ပါ၀င်ပြီးပန်းတိုင်(၁၀)တွင် မသန်စွမ်းသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ပါ၀င်လုပ်ဆောင်နိုင်စေရန်ဖော်ပြထားသည်။ ထို့ကြောင့် မသန်စွမ်းသူများအား လူ့အဖွဲ့အစည်းအတွင်း အပြည့်အ၀ပါ၀င်လာနိုင်ပြီး တူညီသောအခွင့်အရေးများ ရရှိလာစေရန်အတွက် လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်း၀န်းပံ့ပိုးကူညီကြရမည်ဖြစ်သည်။ မသန်စွမ်းသူများအတွက်အလုပ်ခွင်၊ ကျောင်း သို့မဟုတ် အခြားပတ်၀န်းကျင်များတွင် ကျိုးကြောင်းဆီလျော်သော နေရာထိုင်ခင်းများ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်လိုအပ်ပါသည်။ အဆောက်အအုံများဆောက်လုပ်ရာ၌ မသန်စွမ်းသူများ ၀င်ရောက်အသုံးပြုနိုင်သည့်လှေကားများ၊ လျှောက်လမ်းများ ဆောက်လုပ်ပေးခြင်း၊ မသန်စွမ်းမှုအမျိုးမျိုးအတွက် အများပြည်သူသွားလာလှုပ်ရှားရာနေရာများတွင် ဘီးတပ်ကုလားထိုင်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်သည့်ချဉ်းကပ်လမ်းများနှင့် လုံခြုံသောနေရာထိုင်ခင်းများပါရှိအောင် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခြင်းဖြင့်သန်စွမ်းသူများနည်းတူ တန်းတူအခွင့်အရေးများရရှိစေလာမည်ဖြစ်ပါသည်။
မသန်စွမ်းသူများ၏အခွင့်အရေးများတွင် အားလုံးပါ၀င်နိုင်သော ပညာသင်ကြားခွင့်ရရှိရေးသည်လည်း အထူးလိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံ့အနာဂတ်အတွက် မသန်စွမ်းကလေးများ ပုံမှန်ကျောင်းတက်ခွင့်ရရန်အတွက် လိုအပ်သောကူညီပံ့ပိုးမှုများရရှိရန်လိုအပ်သည်။ အားလုံးပါ၀င်နိုင်သောပညာရေးသည်မသန်စွမ်းကျောင်းသားများအတွက် ပညာရေးဆိုင်ရာရလဒ်များ တိုးတက်လာစေရန်နှင့်လူမှုရေးဆိုင်ရာပါ၀င်လက်ခံနိုင်မှုကို မြှင့်တင်စေနိုင်ပါသည်။
ထို့ပြင် လူမှုရေးကိစ္စများ၊ အပန်းဖြေမှုကိစ္စများတွင် မသန်စွမ်းသူများ ပါ၀င်နိုင်ရေးအတွက် ကြုံတွေ့နိုင်သည့် အခက်အခဲအတားအဆီးများကို ပြည်သူလူထု၏ပူးပေါင်းပါ၀င်မှုဖြင့် ဖယ်ရှားပေးရမည်။ ထိုသို့လုပ်ဆောင်ပေးရုံမျှမက အခြားတစ်ဖက်တွင်လည်းမသန်စွမ်းသူများ လျော့နည်းပပျောက်အောင် စီမံလုပ်ဆောင်ပေးရပါမည်။ ကိုယ်၀န်ဆောင်မိခင်များကျန်းမာရေး အသိရှိလာစေရန် ဆောင်ရွက်ပေးခြင်း၊ လူတစ်ဦးအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်များကို သင့်တင့်မျှတအောင် စားသောက်တတ်စေရန် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းမှုပြဿနာများ လျော့နည်းကင်းဝေးစေမည်ဖြစ်သည်။ မတော်တဆထိခိုက်မှု၊သဘာ၀ဘေးအန္တရာယ်ကြုံတွေ့မှုကြောင့် မသန်စွမ်းဖြစ်ခြင်းမှ ကင်းဝေးစေရန် ပြည်သူအားလုံး၏ အသိတရားနှင့် သတိထားကာကွယ်ကြရမည်ဖြစ်သည်။
အချုပ်ဆိုရသော် ဤကမ္ဘာမြေတွင် မသန်စွမ်းသူများ လုံး၀ပပျောက်မသွားသည့်တိုင်အောင်ရှိနေသည့်မသန်သူများကို စွမ်းလာအောင် ဖေးမကူညီအားပေးရပါမည်။ မသန်စွမ်းသူတို့၏ နေ့စဉ်ဘ၀ရှင်သန်မှုဖြစ်စဉ်တိုင်းတွင် သွားရေးလာရေးအဆင်ပြေစေမည့်နည်းလမ်းများ၊ အရေးပေါ်ကြုံတွေ့နိုင်သည့် ကျန်းမာရေးပြဿနာများကို နည်းလမ်းများကြံဆရှာဖွေလုပ်ဆောင်ပေးရပါမည်။ မသန်စွမ်းသူများကိုသန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများရရှိစေရန်ဆောင်ရွက်ပေးခြင်း၊ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းဖြင့်နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူတို့၏ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါကြံ့ခိုင်လာကာမသန်သော်လည်းစွမ်းသည့် စွမ်းဆောင်ရှင်များအဖြစ်နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးထမ်းဆောင်လာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။