မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ယခင်က ဆရာကြီးအနေဖြင့် ကျောင်းအတွက် လိုအပ်ချက်များကို ပြုပြင်ရန် လွန်စွာကြိုးစားခဲ့ပါကြောင်း၊ သို့သော် ပင်စင်နားနီးနေချိန်မျိုး တွင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာများမှာ အစစအရာရာ ချို့ယွင်းချက်များရှိလာခဲ့မှုကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ကြောင်းကို လက်ထောက်ဆရာများက ပြောပြကြသည်။ ဆရာကြီး၏အခြေအနေ ကို ကိုယ်ချင်းစာစိတ်နှင့် ကျွန်တော်နားလည်မိပါသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ပခုံးပြောင်းတာဝန် ကျွန်တော်၏ အပေါ် ကျရောက်ခဲ့ပြီဟုသာ ခံယူလိုက်ပါ၏။ မည်သည့်ကျောင်းအုပ်မဆို ကိုယ်တာဝန်ကျသောကျောင်းကို တိုးတက်စေချင်သည်၊ အောင်မြင်စေ ချင်သည်မှာ    ကျောင်းအုပ်တိုင်း၏ မရိုးနိုင်သော   ဆန္ဒသဘောထား ပင်ဖြစ်သည်။ အခြေအနေမပေး၍သာ အားမတန် မာန်လျှော့၍နေခြင်း သာပဲ   ဖြစ်ပေလိမ့်မည်။ ကိုယ့်ကျောင်းကို  မတိုးတက်စေချင်သော ကျောင်းအုပ်ဟူ၍ ရှိလိမ့်မည်မဟုတ်ပါ။  ယခုလည်း  အ.မ.က (၂၃) ဒဂုံ(တောင်) ကျောင်းအုပ်ဆရာကြီး အငြိမ်းစားယူခါနီးတွင် မိမိကျောင်း ကို လိုအပ်ချက်မရှိ ပြုပြင်ပြီးမှ ထွက်ခွာသွားချင်စိတ် ဧကန်ရှိပေလိမ့် မည်။ သို့သော် မည်သို့မျှမဖြစ်နိုင်၍ ဖြည့်စွက်ရန် ကွက်လပ်များကျန်ခဲ့ သည်ဟု အသိရင်ဘတ်နှင့် ကျွန်တော်စဉ်းစားမိပေသည်။

နောက်တစ်ခု ကျွန်တော်ထပ်ဆင့်တွေ့လာရသည်မှာ သင်ကြားရေး စနစ်ပင်ဖြစ်သည်။ ဆရာ၊ ဆရာမများ၏ပြောပြချက်အရ သူတို့ကျောင်း ၏ သင်ကြားရေးစနစ်မှာ ရင်ခွင်ပိုက်စနစ်ဟုပြောပါ၏။ သူတို့အပြော အရ (Rotic) ဟု သိရသည်။ သူငယ်တန်းကို စာသင်ပြသောဆရာမသည် နှစ်ကုန်၍  အတန်းတင်ပေးသောအခါ အတန်းပိုင်ဆရာမပါ ကလေး များနှင့်အတူ ပထမတန်းသို့လိုက်ပါရသည်။ ကလေးများ ဒုတိယတန်းသို့ ရောက်လျှင် ဆရာမလည်း ဒုတိယတန်းဆရာမဖြစ်တော့သည်။ ကျောင်း သားတတိယတန်းဆို  ဆရာမလည်း  တတိယတန်းဆရာမ၊  ကျောင်း သားတွေ  စတုတ္ထတန်းဆို ဆရာမလည်း  စတုတ္ထတန်းဆရာမဖြစ်ပေ သည်။ အတန်းလည်းအတူတူ၊ အခန်းလည်းအတူတူပင် ဖြစ်ပေသည်။ (A) ခန်း၊ (B) ခန်း၊ (C) ခန်း ပြောင်းလေ့မရှိပေ။ ကျောင်းသားနှင့်ဆရာမ မှာ ဂဟေစွဲသို့ မြဲနေခြင်းပင်ဖြစ်ပေသည်။

ဤတွင် အဓိကဖြစ်လာသည့်ပြဿနာမှာ ကျောင်းသားသည် အသက် ငါးနှစ်အရွယ် သူငယ်တန်းကပင် အတန်းပိုင်ဆရာမ ရင်ခွင်ထဲရောက် သွားပြီး စတုတ္ထတန်းအထိ  တောက်လျှောက်ပဲ  အဆိုပါဆရာမရင်ခွင် ထဲမှာပဲ ရှိနေပေတော့သည်။ ဤတွင် ကျောင်းသားအနေဖြင့် တစ်ကျောင်း လုံးရှိ ဆရာ၊ ဆရာမများအနက် မိမိ၏ ရင်ခွင်ပိုက်ဆရာမတစ်ဦးကိုသာ ကိုယ့်ဆရာဟူ၍ သဘောထားပြီး တခြားဆရာ၊ ဆရာမများကို မိမိနှင့် သက်ဆိုင်သော  ဆရာ၊ ဆရာမဟူ၍  သဘောမထားတော့ချေ။ မိဘများ အနေဖြင့်လည်း မိမိ၏သားသမီးများ စာတော်ရေး၊ အဆင့်ကောင်းရ ရေးမှာ ကိုယ့်သားသမီး၏ အတန်းပိုင်ဆရာမသာ ပဓာနဟု ခံယူထား ကြသည်။ ပြောရလျှင် ဆရာ၊ မိဘ ကွာဟမှုဖြစ်စေပြီး ကျောင်းအခြေ အနေကိုပါ ထိခိုက်စေသည်။ အမှန်က ကျောင်းသားတစ်ယောက် ကျောင်း ရင်ခွင်သို့   ခိုလှုံလာလျှင်  ကျောင်းရှိ  ဆရာ၊  ဆရာမအားလုံးသည်    ကိုယ့်ဆရာမဖြစ်နေရမည်။  ဆရာ၊ ဆရာမများအနေဖြင့်လည်း  ကျောင်း သို့ တာဝန်ထမ်းဆောင်ရန် ရောက်လာလျှင် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူအားလုံးသည် ကိုယ့်တပည့် ကိုယ့်သားသမီးများဖြစ်နေကြရပေမည်။

ကျွန်တော်သည် (၆.၈.၂၀၀၃)နေ့တွင် အလုပ်ဝင်ရသဖြင့်  ဆရာ၊ ဆရာမများ အတန်းခွဲဝေထားကြပြီးဖြစ်၍ ကျွန်တော် မည်သို့မျှလုပ်၍ မသင့်တော်တော့ချေ။

ကျွန်တော်တို့မိသားစု ရန်ကုန်သို့ရောက်လာကြချိန်တွင် ဗဟန်းမြို့နယ် ဆရာစံ (တောင်)  စံပြရပ်ကွက်  ရတနာလမ်း၌  နေထိုင်ခဲ့ကြသည်။

ဆရာစံ (တောင်)  ရပ်ကွက်မှာ   ယခင်ဂွတ္တလစ်ရပ်ကွက်ဟူ၍   သိရပါသည်။ ကျိုက္ကဆံရပ်ကွက်နှင့်ဆို ရတနာလမ်း ဟိုဘက်ဒီဘက်ပင်ဖြစ်သည်။

ကျွန်တော်  ရန်ကုန်သို့ရောက်လာချိန်တွင် ပထမဆုံး အရေးတကြီး ဆောင်ရွက်ရသည့်ကိစ္စမှာ  ပညာရေးကိစ္စ ကျောင်းသွားကျောင်းပြန် အလုပ်ပင်ဖြစ်သည်။ ဒုတိယကတော့ ကျွန်တော့်အသိအိမ်မှာ ဂဟေစွဲ သို့မြဲနေသော  စာပေလှုပ်ရှားမှု   ပင်မရေစီးကြောင်းပင်ဖြစ်သည်။ ကျွန် တော် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းကပင် ပညာရေးလုပ်ငန်းဆောင်ရွက်မှုတည်ဆောက်နေချိန်ကာလ အားလပ်ချိန်အခိုက် အတန့်များတွင် တေးမှတ်ရေးစပ်ယူလာခဲ့သော ဝတ္ထု၊ ကဗျာ စသည်တို့ သည်   အုံနှင့်ကျင်းနှင့်ပါလာကြ၏။  ဤသည်များကို  စာမူနှင့်လိုက်ဖက် သင့်တော်သော  မဂ္ဂဇင်း၊  ဂျာနယ်များသို့  ပို့လိုသောဆန္ဒသည် အာသာ ပြင်းပြင်းဖြစ်ချေ၏။ သို့အတွက် ဝတ္ထု၊ ကဗျာများကို အသေချာဆုံး၊ အဆင်ပြေဆုံးဖြစ်အောင်ပြင်ပြီး စာအိတ်အသီးသီးသို့ထည့်ကာ ပို့လိုသည့် မဂ္ဂဇင်း၊ ဂျာနယ်များ၏လိပ်စာကို ရေးမှတ်လိုက်၏။ သို့သော် ကျွန်တော့် မှာ ရန်ကုန်မြို့ကြီးသို့ ရောက်နေခဲ့သော်လည်း မည်သည့်မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်ခန်းမှ မသွားဖူးသေး၊ မရောက်ဖူးသေးဟု ဆိုရပေမည်။ ရှင်းရှင်းပြောရလျှင် စာအိတ်အသီးသီးမှာ မှတ်ယူထားသော စာပေတိုက် များသို့ ကျွန်တော်မသွားတတ်ပေ။ အကယ်၍ သွားတတ်လာတတ်သည် ဆိုချေဦးတော့ ဤမျှများပြားသောစာအိတ်တစ်ထပ်ကြီးကို တစ်တိုက် ဝင်၊  တစ်တိုက်ထွက်  သွားပို့ဖို့ဆိုသည်မှာ  မလွယ်ကူပေ။   သို့ဖြစ်၍ စာတိုက်မှတစ်ဆင့်ပို့ရန် စီစဉ်လိုက်တော့သည်။ သို့နှင့် တူတော်မောင် တင်မြင့်ဦး (ယခု ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆေးရုံအုပ်ကြီး) ကို အကူအညီတောင်းလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။