နောင်တစ်ခေတ်ရည်မျှော် အောင်စစ်သည်တော်များသို့ ဂုဏ်ပြုဖော်ညွှန်း စာမော်ကွန်း
“မြောက်လေအပြန် ဟေမန်... ဆောင်းရာသီ၊ ငွေရည်ငွေနှင်းလေးတွေ ဖျန်းပက်နေတော့သည် . . .” အဆိုတော်ကြီး ခင်ညွန့်ရည်၏ နားဝင်ပီယံဂီတသံစဉ်နှင့်အတူ ဆောင်းဦးပေါက်ရာသီ၏ နံနက်ခင်းတွင် စာရေးသူနိုးထလာခဲ့သည်။ နံနက် ၅ နာရီထဖို့ ဆောင်းအမီသီချင်းလေးဖြင့် ဖုန်းမြည်သံပေးထားရာ အခုဆို စာရေးသူရော အခြားသောဓာတ်ပုံအဖွဲ့၊ သတင်းမှတ်တမ်းအဖွဲ့၊ စာမူပြုစုရေးအဖွဲ့ အားလုံး အိပ်ရာမှနိုးထကြလေပြီ။ အိပ်ရာမှနိုးသည်နှင့် ဦးဆုံးကြားရသည်က ဗိုလ်လောင်းတပ်ရင်းများဘက်ဆီမှ “ ဒုန်း...ဒုန်း... ဒုန်း” မြည်သံစွဲအလင်္ကာဖြင့် စစ်ရေးပြဘင်ခရာ သံများပင်ဖြစ်ခြေ၏။ အသံများကြောင့် ကြက်သီးမွေးညင်းများပင်ထသွားရ၏။ ထို့နောက် မိမိဘာသာတစ်ဦးတည်း ပြုံးလိုက်မိသည်။ မကြာမီ ကျောင်းဆင်းတော့မည့် ညီငယ်အရာရှိများကိုယ်စား ပြုံးမိခြင်းသာ။ ဒီအချိန်ဆို သူတို့ပျော်နေကြတော့မည်။ စာရေးသူပင်ကြားထဲက အပျော်တွေကူးစက်မိသည်မဟုတ်ပါလား။ ဪ ... ဘာလိုလိုနဲ့ဒီနေ့က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) မှ မျိုးဆက်သစ်နောင်တစ်ခေတ်၏ အောင်စစ် သည်များကို မွေးထုတ်ပေးနိုင်သည့် နေ့ရက်အခါသမယပင် မဟုတ်ပါလားလေ။ စစ်ရေးပြကွင်းထဲချီတက်ဖို့ပြင်စရာ ရှိသည်များကို ပြင်ဆင်ရင်း စာရေးသူ စိတ်အစဉ်က လွန်လေခဲ့ပြီးသော အနှစ်(၂၀) ကာလဆီပြန်ရောက်ရလေသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတတိယပတ်။ ရာသီဥတုက အရိုးထိအောင်အေးစိမ့်လှသည်။ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် ပြင်ဦးလွင်ဆောင်းနှင့် စာရေးသူကြုံတွေ့ရသည်။ ကိုယ်သာလျှင်မက ပြင်ဦးလွင်နယ်ခံမဟုတ်သည့် အနယ်နယ်အရပ်ရပ်က ရောက်လာသူတိုင်း ခိုက်ခိုက်တုန်လှသည့် ရာသီဥတုပင်။ ယခုအချိန်ထိ တရားဝင်ဗိုလ်လောင်းအဖြစ် အသိအမှတ်ပြုမခံရ သေး။ အကြောင်းကား Under Training ကာလ မပြည့်သေးသောကြောင့်ပင်။ ထိုကာလ ဆေးစစ်မှုများပြီးမြောက်မှ ဒေါက်တင်ပွဲအခမ်းအနားကျင်းပကာ တရားဝင်ဗိုလ်လောင်းဖြစ်သည်။
ဗိုလ်လောင်းဘဝသို့ခြေချသည်နှင့်ပထမဆုံးရင်းနှီးကျွမ်းဝင်ရသည်က “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဟူသည့် ကြက်သီးထဖွယ် ဆိုင်းဘုတ်ကြီးနှင့် ဆောင်ပုဒ်ကြီး။ ထို့နောက် သစ္စာ၊ သူရ၊ သိပ္ပ ။ တစ်ဖန် “ မီးနာမှ သံကောင်းမည်၊ သံကောင်းမှ ဓားထက်မည်” အစရှိသည့် ဆောင်ပုဒ်အသီးသီးက ဗိုလ်လောင်းအသစ်လေးများ ကျော်ဖြတ်ရင်ဆိုင်ရမည့် စိန်ခေါ်မှု အသစ်များဆိုသည်ကို အစောပိုင်းကာလများက မသိခဲ့ကြသေး။
ဗိုလ်လောင်းဒေါက်တင်ပွဲနေ့မှာတော့ နိုင်ငံတော်အလံကို လက်သီးဆုပ်ဖြင့်ထိလျက် သစ္စာပြုရသည်။ မှတ်မိနေပါသေးသည်။ “တရားဥပဒေဖြင့် အတည်ပြုထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယုံကြည်လေးမြတ်စွာ၊ ကျွန်ုပ်၏အသက်စွန့်၍ပင် အမှုထမ်းပါမည်ဟုလည်းကောင်း၊ ကုန်းကြောင်းခရီးဖြင့်ဖြစ်စေ၊ ရေကြောင်းခရီးဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ မည်သည့်နေရာသို့မဆို အမိန့်ပေးသည့်အတိုင်း ကျွန်ုပ်၏အသက်စွန့်၍ပင် သွားပါမည်ဟုလည်းကောင်း၊ ကျွန်ုပ်ကိုအုပ်ချုပ်သော အထက်အရာရှိတစ်ဦးဦး၏အမိန့်အားလုံးကို ကျွန်ုပ်၏အသက်စွန့်၍ပင် နာခံပါမည်ဟူ၍လည်းကောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါ၏” ဟူသည့် အသံ ကို ယနေ့ထက်တိုင်ပင် ပြန်လည်ကြားယောင်နေမိသည်။ ပထမနှစ် ဗိုလ်လောင်းဘဝရောက်မှ စစ်တက္ကသိုလ်၏သမိုင်းကြောင်းကို ပိုမိုလေ့လာခွင့်ရရှိသည်။
၁၉၅၄ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်ရှိ ဗထူးတပ်မြို့၌ “ကာကွယ်ရေးစစ်တက္ကသိုလ်” အမည်ဖြင့် စတင်ပေါ်ပေါက်ခဲ့သော စစ်တက္ကသိုလ်သည် ၁၉၅၆ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှစကာ “ စစ်တက္ကသိုလ်” ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၅၇ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ပြင်ဦးလွင်မြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယနေ့ထက်တိုင်ပင်ဖြစ်၏။ “ တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသောရည်ရွယ်ချက်ဖြင့် သားကောင်းရတနာများကို မွေးထုတ်ပေးခဲ့သည်။ လေ့ကျင့်ရေးဌာန၊ စာပေဌာနနှင့် အုပ်ချုပ်မှု ဌာနဟူ၍ အဓိကဌာနကြီးသုံးခုဖြင့် ဗိုလ်လောင်းများ၏ စားသောက်နေထိုင်ရေး၊ စစ်ပညာစာပေပညာ သင်ကြားရေး အဖုံဖုံကို ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်ပညာသင်ကြားရသည့် ပင်ပန်းမှုနှင့်မကြုံခင် မနက်စောစော P.T ထပြေးရသည့်ဒုက္ခကိုက မသေးလှပေ။ နှင်းစိုစိုထဲ ကိုယ်စီလေ့ကျင့်ခန်းဆောင်ရွက်ရသည့် စစ်ပညာရပ်များကလည်း ပထမနှစ်ဗိုလ်လောင်းများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ဘဝတစ်သက်တာ အမှတ် ရစရာများထဲတွင် စစ်တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည့် ဗိုလ်လောင်းတိုင်းအတွက် စစ်တက္ကသိုလ် ပထမနှစ်တာကာလသည် မမေ့နိုင်ဖွယ်ကာလဟု ဆိုနိုင်ပေသည်။ အမိရင်ခွင်မှလွန်မြောက်ချိန်တွင် ပျော်ရွှင်လွတ်လပ်မှု၊ အရပ်ဘက် တက္ကသိုလ်များ၏ ကြည်နူးဆွတ်ပျံ့မှုတို့နှင့် မတူညီသော ပထမနှစ်ဗိုလ်လောင်းဘဝ၏ လမ်းလျှောက်ခွင့်မရှိသော အပြေးတက်ချွေးထွက်များရသောအနံ့၊ နေကြာရိုင်းနံ့များသည် ယောကျ်ားကောင်းတစ်ဦး စစ်သားကောင်းတစ်ဦးအဖြစ် ပုံသွင်းပေးသော ကာလများဟု ထိုစဉ်ကာလများကမသိခဲ့ရိုးအမှန်ပေ။ ဒါကြောင့်ပဲ “ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက် စမ်းပါကွာ…” ဟူသော စစ်သည်တော်ဟောင်းတစ်ဦး၏ ဂန္ထဝင်စကားတစ်ခွန်းက ယနေ့ထက်တိုင် ပြောစမှတ်တွင်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
စစ်သားကောင်းတစ်ဦးပီသပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်စေခြင်းအလို့ငှာ သင်ကြားရသည့် စစ်ရေးပြဘာသာရပ်မှသည် ဗိုလ်လောင်းနှစ်အလိုက် သင်ယူရသည့် နယ်ကျော်ပြေး၊ ရေကူး၊ လှံစွပ်ထိုး၊ သန်မာမှု၊ လက်ဝှေ့၊ သေနတ်ပစ်၊ ဘောလုံး၊ ခြင်းလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ကျွမ်းဘား၊ မြန်မာ့သိုင်းပညာ၊ ချေမှုန်းရေး
အစရှိသော ပြိုင်ပွဲများသာမက ဉာဏစွမ်းရည်အတွက် ကျပန်းစကားပြောပြိုင်ပွဲများကိုလည်း ဗိုလ်လောင်းဘဝတွင် သင်ယူတတ်မြောက်ခဲ့ရသည်။ ထိုမျှမက မြင်းစီးသင်ခန်းစာ၊ မော်တော်ယာဉ်မောင်း သင်ခန်းစာများကိုလည်း ပို့ချပေးလျက်ရှိ၏။ စစ်တက္ကသိုလ်တွင် သင်ကြားပေးသည့် ဘာသာရပ်များသည် ရည်ရွယ်ချက်အသီးသီးရှိကြောင်းနှင့် သင်ယူခဲ့ရသည့် အတတ်ပညာရပ်များသည် လူ့ဘဝရှင်သန်ရပ်တည်ရေးတွင် တစ်နည်းတစ်ဖုံဖြင့် အထောက်အကူပြုနေသော ပညာရပ်များပင်ဖြစ်ပေသည်။ ပြည်သူ့ဘဝ လေ့လာရေးခရီးများသွားရောက်ကာ ပြည်သူလူထု၏လိုအပ်ချက်များအား တစ်နိုင်တစ်ပိုင် ဖြည့်ဆည်းပေးခြင်း၊ စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းတို့ဖြင့် ဗဟုသုတများစွာရရှိစေခဲ့သည်။
ဗိုလ်လောင်းဘဝတွင် မှတ်မှတ်ထင်ထင်စွဲကျန်ရစ်နေသော စကားနှစ်ခွန်းမှာ DSA Never Surrender နှင့် Mine Honour is My Life အစချီသော စကားတို့ပင်ဖြစ်ပါသည်။ ရင်ထဲသံမှိုစွဲစေသော ထိုစကားနှစ်ခွန်းကို ဗိုလ်လောင်းတိုင်းလိုလို လက်ခံကျင့်သုံးခဲ့ကြသည်။ အမိစစ်တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော ရှေးရှေးသော နောင်တော်စစ်သည်များသည်လည်း “ စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ၊ ဒူးမထောက် လက်မမြှောက်” စိတ်ဖြင့် ရှင်သန်ခဲ့ကြသလို “ ကျွန်ုပ်၏ဂုဏ်သိက္ခာသည် ကျွန်ုပ်၏ဘဝ” ဖြစ်သည်ဟူသော ခံယူချက်ကို နှလုံးသွင်းကာ စစ်တက္ကသိုလ်ဗိုလ်လောင်းကောင်းတစ်ဦး၊ တပ်မတော်သားကောင်းတစ်ဦး၊ ထိုမှသည် နိုင်ငံသားကောင်းတစ်ဦးအဖြစ် ကျရာတာဝန်များကျေပွန်လျက် သမိုင်းပေးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။ မိမိရှေ့မှ နောင်တော်အပေါင်းသည်လည်း “နောင်တစ်ခေတ်၏ အောင်စစ်သည်” များအဖြစ် အမိစစ်တက္ကသိုလ် ဂုဏ်ကိုဖော်ညွှန်းခဲ့ကြသည်။ စာရေးသူတို့အလှည့်တွင် သေနတ်တစ်လှည့်၊ ကလောင်တံတစ်လှည့်ဖြင့် ပေးအပ်သည့် တာဝန်များ ကျေပွန်အောင်ထမ်းဆောင်ခဲ့သည်။ ယခုဆိုလျှင် နောင်တစ်ခေတ်၏ အောင်စစ်သည်ညီငယ်များကို ဂုဏ်ပြုဖော်ညွှန်းရန် စစ်တက္ကသိုလ်စစ်ရေးပြကွင်းကြီးထဲသို့ ရောက်ရှိနေခဲ့ပါပြီ။
အားမာန်ပြည့်ဝမြိုင်ဆိုင်လှသော စစ်တီးဝိုင်းအဖွဲ့၏ တီးခတ်မှု၊ ဗိုလ်လောင်းများ၏ ဝမ်းခေါင်းသံအပြည့်နှင့် သီဆိုဟစ်ကြွေးနေသော “အမျိုးချစ်တဲ့ဇာနည် တိုင်းပြည်ဝန်ထမ်းမည် စစ်တက္ကသိုလ်ကျောင်းသားများစွမ်းရည် . . . ပေးအပ်တတာဝန် တို့ကျေပွန်ရမည် အားခဲကာ ဇွဲနဲ့တက်လှမ်းချီ” ဟူသော တေးသီချင်းသံနှင့်အတူ ဗိုလ်လောင်းများက စစ်ရေးပြကွင်းထဲ အားမာန်အပြည့် ဝင်ရောက်နေရာယူကြပါပြီ။ သေချာပါသည် စာရေးသူသာမက မိမိထက် စစ်သက်ရာထူးကြီးရင့်ကြမည့် အရာရှိကြီးများသည်ပင် ဗိုလ်လောင်းလေးများ၏ ချီတက်လှုပ်ရှားမှုများကိုကြည့်လျက် တစ်ခါက ဗိုလ်လောင်းဘဝများကို ပြန်လည်အောက်မေ့လျက် စစ်သွေးစစ်မာန်များ ပြန်လည်တစ်ရေးနိုးလာလိမ့်မည်ဟု စာရေးသူယုံကြည်မိသည်။
စစ်ရေးပြအခမ်းအနား အစီအစဉ်သည် သတ်မှတ်ချက်အတိုင်း အစီအစဉ်ကျစွာ ပြီးမြောက်သွားခဲ့သည်။ စစ်ရေးပြအခမ်းအနားတွင် အငြိမ်းစားစစ်သားကြီးများကိုလည်းတွေ့ခဲ့ရသည်။ မိမိတို့၏ မျိုးဆက်သစ်များအတွက် ဂုဏ်ယူဝင့်ကြွားစွာ အခမ်းအနားတက်ရောက်ကြသည့် ပုံရိပ်များက လေးစားအားကျစရာပင်။ ထို့ပြင် နိုင်ငံတော်အတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းကြမည်ဟူသော ဆုရ ဗိုလ်လောင်းများ၏ ရင်တွင်းစကားသံများကလည်း အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်ကြီးအတွက် အားရကြည်နူးစရာ။ စစ်ရေးပြအစီအစဉ်ပြီးဆုံးသည့်နောက် ဗိုလ်လောင်းများ ကွင်းအတွင်းမှထွက်ခွာသွားကြသည်။ ဧည့်ပရိသတ်အပေါင်းလည်း ထွက်ခွာသွားကြလေပြီ။ မလှမ်းမကမ်းတွင် တွေ့မြင်နေရသည့် အနော်ရထာတပ်ရင်းမှ ဗိုလ်လောင်း အဆောင်များ၊ ဗိုလ်လောင်းများ အဆောင်နှင့်မနီးမဝေးမှ ပြင်ဦးလွင်မြို့အဝင်ရှိ ကျောက်တောင်ဘုရားတို့ဆီ လှမ်းမျှော်ကြည့်ရင်း တစ်ခါတုန်းက ချွေးနံ့၊ နေကြာရိုင်းပင်များရနံ့၊ နံနက်စာ ကြက်ဥပြုတ်၊ လက်ဖက်ရည်၊ ချပါတီနံ့၊ ညနေစောင်းသောက်ရသည့် နွားနို့နံ့တို့နှင့်အတူ စစ်ရေးပြနည်းပြများ၏ အပိုစစ်ရေးပြမောင်းသည့် နှုတ်မိန့်သံများ၊ “ First Year အပြေးတက်” ဟူသော စီနီယာများနှင့် နည်းပြများဆီမှ အသံများကို ပြန်လည်ကြားယောင်လာမိသည်။ သေချာသည်ကား ထိုရနံ့များနှင့် ထိုပုံရိပ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် ထုဆစ်ပုံသွန်းပေးသည့် အရေးအကြီးဆုံးသော အခြေခံလက်ရာများပင်ဖြစ်ပါကြောင်း စာရေးသူ ယနေ့အချိန်မှာ ခံစားသက်ဝင်မိခဲ့ပါပြီ။ မျိုးဆက်သစ်ညီငယ် များသည်လည်း အမိစစ်တက္ကသိုလ်၏ စေတနာမေတ္တာတို့ကို ခံစားနားလည်လျက် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များအဖြစ် ပါဝင်ကပြ အသုံးတော်ခံကြလိမ့်မည်ဟု စာရေးသူ ယုံကြည်မျှော်လင့်မိပါသည်။ ။
အန်ကယ်စိုး