လက်ရုံးရည် နှလုံးရည်ပြည့်ဝပေသည် ဆေးစစ်သည်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သည် “သူရ၊ ပညာ၊ ကျွမ်းကျင်” ဟူသောဆောင်ပုဒ် နှင့်အညီ နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူလူထုကို အလုပ်အကျွေးပြုမည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” ကောင်းများကို စဉ်ဆက်မပြတ်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)နှင့် တပ်မတော် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၅)သင်တန်းများပြီးမြောက်၍ တပ်မတော်တွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ တာဝန်များကို ထမ်းဆောင်ကြရတော့မည်ဖြစ်ပေသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များ လေ့ကျင့်မွေးထုတ်ပေးရန် ဖြစ်ပေသည်။ နိုင်ငံသားတိုင်း၏ ကျန်းမာရေး အဆင့်အတန်းမြင့်မားရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် အဓိက အရေးပါသော အချက်တစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုလမ်းစဉ်ကို ထိရောက်စွာ ဦးတည်လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် သူနာပြုအတတ်ပညာနှင့် ဆေးဘက်ပညာရပ်များ ကိုပြည့်ပြည့်စုံစုံ သင်ကြားပေးရာတက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုတိုင်းတွင် မွန်မြတ်သော သူနာပြု စိတ်ဓာတ်ရှိကြသည်။ သူနာပြုစိတ်ဓာတ်၏ အခြေခံဖြစ်သည့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ဆိုသည့် နာငါးနာနှင့်ပြည့်ဝနေရန်လည်း သင်ကြားခဲ့ပြီးဖြစ်သည်။ သူနာပြုခြင်း၏ ရည်ရွယ်ချက်သည် ကျန်းမာမှုဖြစ်စေရန်၊ တိုးတက်ကောင်းမွန်သည့် ကုသမှုဖြစ်စေရန်၊ ရောဂါဘယကြောင့်မသန်စွမ်းသူများကို ကာကွယ်ရန်ဆိုသည့် သီးခြားရည်ရွယ်ချက်များ ထားရှိဆောင်ရွက်ရခြင်းဖြစ်ပေသည်။ သူနာပြုနှင့် ဆေးဘက် ဆိုင်ရာလုပ်ငန်းသည် တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားမြင့်မားရေးကို အထောက်အကူပြုနေသည့် အဓိကအစိတ်အပိုင်းလည်းဖြစ်ပေသည်။

ကျန်းမာရေး အသိပညာတတ်မြောက်မှု တိုးတက်မြင့်မားအောင်လုပ်ဆောင်ရာတွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူသူများသာမက ကျန်းမာရေး အခန်းကဏ္ဍဆိုင်ရာ မူဝါဒချမှတ်သူများနှင့် ကျန်းမာရေး ဝန်ထမ်း တိုင်းတွင်တာဝန်ရှိသည်။ သူနာပြုစိတ်ဓာတ်ပြည့်ဝသူများသည် မိမိ၏အလုပ်ပေါ်တွင် ကျေနပ်ပျော်ရွှင်သည်။ တပ်မတော်သားများဖြစ်နေသည့်အတွက်  မည်သည့်နေရာဒေသမဆို သွားရောက် တာဝန်ထမ်းဆောင်ရန် ဝန်လေးသူများ မဟုတ်ကြပေ။ တပ်မတော်သားများနှင့်မိသားစုများအား နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ဆောင်ပေးလျက်ရှိသည်မှာ သူနာပြုစိတ်ပြည့်ဝမှုကို ပြသနေခြင်းဖြစ်သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့၏ “ကျန်းမာ ကြံ့ခိုင် တိုက်နိုင်ရန်” ဟူသောဆောင်ပုဒ်ကို ဦးထိပ်ထားကာ မိမိတို့ ကျွမ်းကျင်တတ်မြောက်ခဲ့သည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ နည်းပညာရပ်များကို အကျိုးရှိရှိအသုံးချရင်း နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် ကျွမ်းကျင်ကူညီဆေးစစ်သည်ကောင်းများအဖြစ် ကြိုးစားကျင့်ကြံနေထိုင်ကြရပေမည်။ သူနာပြုခြင်းသည်လွန်စွာမွန်မြတ်သောလုပ်ငန်းစဉ်ဖြစ်သည်။ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် နာမကျန်းသည့် ရဟန်းများကိုပြုစုကြောင်း ဗုဒ္ဓဝင်စာပေများတွင် ဖတ်ရှုရသည်။

သူတစ်ပါးကို ကူညီစောင့်ရှောက်ပေးခြင်းသည် မိမိအတွက်ကောင်းကျိုးချမ်းသာ ပြန်လည်ရရှိသည်။ အထူး သဖြင့် နာမကျန်းနေသူ၊ ဒဏ်ရာရနေသူ စသည်ဖြင့် ကျန်းမာရေးချို့တဲ့နေသူများကို ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းသည် လူတိုင်းလုပ်ဆောင်နိုင်ခဲသော အရာဖြစ်သည်။ COVID-19 ရောဂါနှင့်ရင်ဆိုင်ကြုံတွေ့ နေရသောအခြေအနေတွင် တပ်မတော်သည် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကိုအင်တိုက်အားတိုက်လုပ်ဆောင်နေလျက်ရှိရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းနှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းဆင်းများသည်လည်း တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ကြရပေတော့မည်။ အများကောင်းကျိုးရွက်သယ်ပိုးမည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝ ပေသည် ဆေးစစ်သည်များအဖြစ် ဂုဏ်ပြုရေးသားလိုက်ရပေသတည်း။     ။