တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ ၁၁

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂၀)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၄၈၂၁၁၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့၊ မန်းရေနံမြေအတွင်း၌ တရားမဝင် ရေနံစိမ်း(၁၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်ထားသည့်မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်း    ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ မကွေးမြို့၊ အောင်ရတနာရပ်ကွက်၌ လိုင်စင်မဲ့ New Anbo 125 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၂၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇာသပြင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်မည့်မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၆၂၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Hiace(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၅၆၂၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ    စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊  ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌  လိုင်စင်မဲ့မော်တော်ယာဉ် (၃)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊   တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ်(၂ ဒသမ  ၈၂၄)တန်၊ သစ်မာ (၁ ဒသမ ၄၃၃)တန်၊ အခြားသစ် (သုည ဒသမ ၇၁၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၈၀၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား(မန္တလေး) စစ်ဆေးရေးစခန်း၌   မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၈) ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၅၆၀၄၄၂၄)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Hyundai Porter II Pickup (၁)စီးနှင့် KIA Bongo III Pickup (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၀၄၄၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၇၇၃၇၅၆၀)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့   တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းနှင့်  ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။