
ကျင့်ဝတ် တီထွင် စွမ်းအားရှင်တို့ အားအင်သစ်သွေး ဆတက်မွှေးပါစေ
နှစ်စဉ်ဒီဇင်ဘာလ အခါသမယရောက်လေတိုင်း အေးမြကြည်လင်သော နှင်းရည်နှင်းသားတို့ဖြင့် အဆင်တန်ဆာ ဆင်ယင်ထားလေ့ရှိသော ပြင်ဦးလွင်မြို့လေးမှာ ယခုနှစ်တွင်လည်း ခါတိုင်းနှစ်များနှင့်မခြားပင်ဖြစ်သည်။ ဆောင်းရာသီ၏ အဆင်တန်ဆာတစ်ခုဖြစ်သော ပန်းနေကြာရိုင်းများကလည်း တောတောင်ဝန်းကျင်အားလုံး၌ နုသစ်ရွှမ်းစိုသည့် ရွှေဝါရောင်တောက်တောက်ဖြင့် အပြိုင်းအရိုင်းဖူးပွင့်နေကြသည်က ပြင်ဦးလွင်မြို့လေး၏ ပင်ကိုအလှကို ပိုမိုပနံသင့်စေလျက်ရှိ၏။
နေခြည်နုနွေးနွေးက ဝန်းကျင်တစ်ခုလုံးကို တဖြည်းဖြည်းနေရာယူဖြန့်ကြက်လာချိန်တွင် အရောင်အသွေးစုံလင်လှသော ပန်းပွင့်ပန်းခိုင်များပေါ်တွင် ဝတ်ရည်ချိုသောက်သုံးရန် ပြေးလွှားရှာဖွေနေကြသည့် ပျားလိပ်ပြာရောင်စုံ၊ အရွယ်စုံတို့ကိုတွေ့မြင်လာရသည်။ ဤသည်မှာလည်း ပန်းမြို့တော်ပြင်ဦးလွင်၏ ဒီဇင်ဘာလအခါသမယ အမှတ်အသားတစ်ခုပင်ဖြစ်၏။ ပြင်ဦးလွင်မြို့၏ အထင်ကရပုံရိပ်အဆင်တန်ဆာများက လွန်စွာပင်များပြားသည်။ ယင်းပုံရိပ်အဆင်တန်ဆာတို့အနက် မိုးထိတိုင်မျှ ညီညီညာညာ သီဆိုဟစ်ကြွေးကြသည့် စစ်ချီတေးဟစ်ကြွေးသံတို့သည်လည်း အပါအဝင်ဖြစ်သည်။
မိုးထိတိုင်လုမျှ ညီညီညာညာသီဆို ဟစ်ကြွေးကြသည့် စစ်ချီတေးဟစ်ကြွေးသံတို့မှာ ပြင်ဦးလွင်မြို့၏ တပ်မတော်စစ်ကျောင်းကြီးများမှ သင်တန်းဆင်းပွဲကျင်းပသည့် နှစ်စဉ်နှစ်တိုင်းသော ဒီဇင်ဘာလအခါသမယ ပုံရိပ်တစ်ခုဖြစ်၏။
ဤယနေ့နံနက်မိုးလင်းလုအချိန်တွင်လည်း မိုးထိတိုင်မျှ ညီညီညာညာသီဆိုဟစ်ကြွေးကြသည့် စစ်ချီတေးဟစ်ကြွေးသံတို့က ပြင်ဦးလွင်မြို့လေးနှင့် အနီးတစ်ဝိုက်ကို လှုပ်နှိုးလိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ စစ်ချီတေးသံများမှာ ပန်းမြို့တော်ပြင်ဦးလွင်မြို့၏ ပုံရိပ်တစ်ခုဖြစ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းတော်ကြီး ပရဝဏ်အတွင်းမှဖြစ်၏။
နံနက်ခုနစ်နာရီကျော်စအချိန်တွင် စစ်ချီဘင်ခရာသံများ တအုန်းအုန်းတစီစီဖြင့် စစ်ချီသီချင်းဟစ်ကြွေးသံများကို ပိုမိုကျယ်လောင်စွာ ကြားလာရသည်။
မကြာမီပင် စစ်ရေးပြမှူး ဗိုလ်လောင်းမှ ဦးဆောင်ချီတက်လာသည့် စစ်ရေးပြတပ်ခွဲများ ကွင်းအတွင်း ဝင်ရောက်လာသည်။ စစ်ရေးပြမှူး၏နောက်တွင် အလံတော်အဖွဲ့ပါရှိ၏။ ယင်းနောက်တွင် သင်တန်းဆင်းတပ်ခွဲဖြစ်သည်။ သင်တန်းဆင်းတပ်ခွဲကိုလည်း သင်တန်းဆင်း ဗိုလ်လောင်းတစ်ဦးက ဦးဆောင်ပြီး ထို့နောက်တွင်မှ သင်တန်းဆင်းအရန် ညီတော်တပ်ခွဲများက လိုက်ပါချီတက်လာခြင်းဖြစ်သည်။
စစ်ချီတေးသီချင်းကို ဟစ်ကြွေးချီတက်လာနေသည့် စစ်ရေးပြတပ်ခွဲများ၏ စစ်သွေးစစ်မာန် ထက်သန်တက်ကြွမှုများက သင်တန်းဆင်းပွဲ တက်ရောက်လာကြသူများထံသို့ပင် ကူးစက်လာစေသည်။ စစ်ရေးပြတပ်ခွဲများ၏ စစ်သွေးစစ်မာန် ထက်သန်ပြည့်ဝသော လှုပ်ရှားမှုများက တပ်မတော်အင်ဂျင်နီယာ အရာရှိကောင်းများ၏ကောင်းမြတ်သည့် အစဉ်အလာသမိုင်းပုံရိပ်များကို လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းတော်ကြီး၏ “ကျင့်ဝတ် တီထွင် စွမ်းအားရှင်” ဟူသည့် သမိုင်းအစဉ်အလာပုံရိပ်များကို လည်းကောင်း ထင်ဟပ်လာစေလျက်ရှိသည်။
စစ်ရေးပြတပ်ခွဲအားလုံး နေရာယူပြီးချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရောက်ရှိလာသဖြင့် အလေးပြုပြီးတန်းအပ်သည်။ တန်းအပ်ပြီးချိန်တွင် သင်တန်းဆင်းတပ်ခွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဆေးခြင်းကို စနစ်တကျခံယူ၏။ ယင်းနောက်တွင် စစ်ရေးပြတပ်ခွဲအားလုံးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အနှေးလျှောက် အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုပြီး ၎င်းတို့၏စစ်ရေးပြစွမ်းရည်ကို ထုတ်ဖော်ပြသကြသည်။
ယင်းလှုပ်ရှားမှုများက “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိ ရှိရမည်”ဟူသည့် ရည်မှန်းချက်ကိုလည်းကောင်း၊ “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား TECHNOLOGY FOR -MILITARY MIGHT” ဟူသည့် ဂုဏ်ဒြပ်ပုံရိပ်ကိုလည်းကောင်း ထင်ဟပ်စေလျက် ရှိသည်ကို တွေ့မြင်ခဲ့ကြရမည်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း တပ်ခွဲအား စစ်ဆေးပြီးချိန်တွင် တပ်ခွဲအားလုံးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သင်တန်းဆင်းမိန့်ခွန်းကိုနာခံရန်အတွက် အလယ်တန်းညှိအမြန်လျှောက်လျက် စစ်ရေးပြစွမ်းရည်ပြခဲ့ကြ သည်မှာလည်း ပရိသတ်အားလုံးကို မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့၏။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် နည်းပညာတက္ကသိုလ် အမှတ်စဉ်(၂၆) ဗိုလ်လောင်းသင်တန်း၏ ဆုရရှိသူဗိုလ်လောင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။
တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မည့် ပြည်ထောင်စုတပ်မတော် အတွက်လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာအရာရှိကောင်းများ မွေးထုတ်ပေးရန်ဖြစ်သည်။”
ထို့ကြောင့်ပင် တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြိုနှင့် ဘွဲ့ရ၊ ဘွဲ့လွန်အရာရှိများ နှစ်စဉ်နှစ်တိုင်း တာဝန်ကျေပွန်စွာ မွေးထုတ်ပေးလျက်ရှိသည်ကိုတွေ့ရသည်။
ဘွဲ့လွန်သင်တန်းများအနေဖြင့် “အင်ဂျင်နီယာပါရဂူဘွဲ့သင်တန်း၊ မဟာအင်ဂျင် နီယာဘွဲ့သင်တန်း၊ အင်ဂျင်နီယာပညာ သင်ကြားရေး ဒီပလိုမာသင်တန်းနှင့် အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ တပ်မတော်နည်းပညာ တက္ကသိုလ်အနေဖြင့် အမိနိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အရာရှိ ကောင်းများကို အစဉ်တစိုက်မွေးထုတ် ပေးနေခြင်းဖြစ်ကြောင်း တွေ့မြင်ရပေသည်။
တပ်မတော်နည်းပညာတက္ကသိုလ်၏ ဗိုလ်လောင်းများကို လေ့ကျင့်သင်ကြား ပေးရာတွင် “စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်”ဟူသည့် ဦးတည်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။
အင်ဂျင်နီယာပညာသင်ကြားရေး အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရပ် အရည်အသွေး စိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ (Engineering Education Accreditation Committee, EEAC) ဖြစ်သည့် ဘွဲ့ရအမှတ် လက္ခဏာများဖြစ်သည့် အချက် (Graduate Attributes) ၁၂ ချက်နှင့် ကိုက်ညီစေသော သင်ကြားရေးစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
ထူးချွန်ဆုအနေဖြင့် နှစ်စဉ်သင်တန်းဆင်းပွဲများတွင် ထူးချွန်ဆုသုံးမျိုး ရွေးချယ် ပေးအပ်လျက်ရှိပြီး ထိုဆုသုံးမျိုးမှာ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ စာပေထူးချွန်ဆုတို့ဖြစ်သည်။ အောင်စစ်သည်ဆုကို ဗိုလ်လောင်းသင်တန်းကာလ ခြောက်နှစ်အတွင်း စစ်ပညာ၊ စာပေပညာ၊ စိတ်ဓာတ်စည်းကမ်းကဏ္ဍကြီးသုံးခု၏ ရမှတ်အများဆုံးရရှိသည့် ဗိုလ်လောင်းကို အောင်စစ်သည်ဆု ရွေးချယ်သတ်မှတ် ပေးကြောင်း သိရသည်။ လေ့ကျင့်ရေး ထူးချွန်ဆုကိုလည်း ဗိုလ်လောင်းသင်တန်း ကာလခြောက်နှစ်အတွင်း စစ်ပညာနှင့် စိတ်ဓာတ်၊ စည်းကမ်းတို့တွင် အမှတ်အများဆုံးရရှိပြီး ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မှုတို့တွင် စံပြဖြစ်သူကို ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ စာပေထူးချွန်ဆုကိုမူ သင်တန်းကာလခြောက်နှစ်အတွင်း အင်ဂျင်နီယာဘာသာရပ် ခုနစ်ခုထဲမှ တက္ကသိုလ်ပညာဆိုင်ရာ အမှတ်အများဆုံးရရှိသော ဗိုလ်လောင်းကို စာပေထူးချွန်ဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။
တပ်မတော်နည်းပညာတက္ကသိုလ်ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြင်ဦးလွင်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဧပြီလ ၁၁ ရက်တွင် အမှတ်စဉ် (၁)ကို အင်ဂျင်နီယာ တပ်မတော်အရာရှိ ၈၄ ဦးဖြင့် အောင်မြင်စွာမွေးထုတ် သင်တန်းဆင်းပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ယနေ့သင်တန်းဆင်းသည့် အမှတ်စဉ်(၂၆)အထိ အင်ဂျင်နီယာဘွဲ့ရ တပ်မတော် အရာရှိများကို အစဉ်အလာမပျက် အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လုပ်ခွင့်ပြုပြီး စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာသွားသည်။ ယင်းနောက်တွင် အလံတော်အဖွဲ့နှင့် သင်တန်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းအတွင်းမှ ညီတော်ရောင်းရင်းများကို နှုတ်ဆက်သည့် စစ်ချီသီချင်းကိုတက်ကြွစွာ သီဆိုဟစ်ကြွေးလျက် စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာကြ၏။ ယင်းအခိုက်တွင် ကွင်းအတွင်း ကျန်ရစ်ခဲ့သည့် နောက်ချန်ညီတော်တပ်ခွဲများက စစ်ပညာလေ့ကျင့်ရေး ကာလ၏ နောက်ဆုံးအလေးပြုခြင်း အနေဖြင့် နောင်တော်များကို အလေးပြုနှုတ်ဆက်နေကြသည်မှာ သင်တန်းဆင်းပွဲ တက်ရောက်လာသူအားလုံးကို ဝမ်းနည်းဝမ်းသာ ခံစားချက်များ ကူးစက်ခံစားရစေခဲ့သည်။
မကြာမီအချိန်၌ပင် တပ်မတော် နည်းပညာတက္ကသိုလ်၏ အမှတ်စဉ်(၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကြီး အောင်မြင်စွာပြီးဆုံးခဲ့သည်။ သင်တန်းဆင်းပွဲပြီးဆုံးခဲ့ချိန်တွင် သင်တန်းဆင်းစစ်ရေးပြ အခမ်းအနားတွင် သီဆိုခဲ့သည့် “တပ်မတော်နည်းပညာ တက္ကသိုလ်”ဟု အမည်ရသည့် သမိုင်းဝင်သီချင်းနှင့် သင်တန်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာစဉ် နောင်တော်တပ်ခွဲကို ညီတော်တပ်ခွဲများက နှုတ်ဆက်သည့်အနေဖြင့် သီဆိုသည့် “နောင်တော်စစ်သည်”ဟုအမည်ရသော ဂုဏ်ပြုသီချင်းတို့ကို စွဲစွဲထင်ထင် ဖြစ်နေမိခဲ့သည်။
ထို့ကြောင့်ပင် နောင်တော်စစ်သည် စစ်ချီသီချင်းမှ အဓိပ္ပာယ် ဖော်ညွှန်းချက် တချို့ပါအတိုင်း “သားဇာနည်တို့အနေဖြင့် တိုင်းပြည်အကျိုး နိုင်ငံတော်အကျိုးကို ခေတ်နှင့်အညီ တီထွင်မြော်မြင်ပြီး အင်ဂျင်နီယာသားကောင်း စစ်သည်တို့ စွမ်းအားကို ကမ္ဘာကအသိအမှတ်ပြုရတဲ့အထိ ကြိုးစားသွားကြပါ” ဟု နှုတ်ဆက်အမှာပါးရင်း ကျင့်ဝတ် တီထွင် စွမ်းအားရှင်တို့ အားအင်သစ်သွေး ဆတက်မွှေးပါစေဟု ဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။