တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် အတွက် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊  ဒီဇင်ဘာ - ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သား သံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အထောက်အကူပြုပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများနှင့်  စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အဆိုပါလှူဒါန်းပွဲသို့ အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော် ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမဆရာတော် ဘုရားကြီး) အမှူးပြု သည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ရွာမဆရာတော်ဘုရားကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို  နာယူကြည်ညို ကြ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းစိန်ရွာမ ဆရာတော် ဘုရားကြီး ထံသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19      ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေ များနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော် အရာရှိ ကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ်လှူဒါန်းသည့် လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော် အရာရှိကြီးများနှင့် အငြိမ်းစား တပ်မတော် အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ် ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းစိန် ရွာမ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် အင်းစိန် ရွာမဆရာတော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်  များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားသံဃာတော်များအတွက်  တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ယနေ့လှူဒါန်းမှုအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့်  Surgical Mask   ၂၀၀၀၀ ခု၊ KN-95 Mask ၁၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Examination Gloves ၂၀၀၀ ခု၊ Hand Gel 500 ml ၁၀၀ ဘူး၊ Hand Sanitizer 500 ml ၂၀၀ ဘူး၊ ဆန် ၂၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ငွေကျပ် သိန်း ၅၀၀ တို့ဖြစ်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းမှုအနေဖြင့်  ဆန် ၉၁ အိတ်၊ ဆီ ၁၉၀ ပိဿာ၊ ပဲ ၁၉၀ ပိဿာ၊ စောင် ၂၁၂ ထည်နှင့် ငွေကျပ် ၄၃ သိန်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။