
ပြည်သူ့စစ်မှုထမ်းနှင့် ယနေ့လူငယ်
ယနေ့လူငယ်တို့သည် အတိတ်ကာလကပွဲကြည့် ပရိသတ်များဖြစ်ခဲ့ကြသည်။ မျက်မှောက်ပစ္စုပ္ပန်တွင် သရုပ်ဆောင်သူများဖြစ်ကြပြီး အနာဂတ်တွင် ဒါရိုက်တာကောင်းများဖြစ်ကြမည့် သူများပင် ဖြစ်သည်။ လူငယ်တို့သည် လူကြီးတို့ထက် ပိုင်ဆိုင်မှုပိုမိုများပြားလှပြီး လူ့လောကတွင် အချိန်ကြာကြာနေနိုင်စွမ်း ရှိကြသည်။
အနာဂတ်ကိုဖန်တီး တည်ဆောက်သွားရမည့်သူတို့မှာ ယနေ့လူငယ်များပင်ဖြစ်ပါသည်။ လူငယ်ဟူသည် အသက်အပိုင်းအခြားအရ ကာယ၊ ဉာဏရှင်သန် ဖွံ့ဖြိုးထက်မြက်ဆုံးအရွယ်ဖြစ်ကြသည်။ လူငယ်သည် တက်ကြွနိုးကြားသည်။ သန့်ရှင်းဖြူစင်သောစိတ်ထားရှိသည်။ ပွင့်လင်းသည်။ အပင်ပန်းခံနိုင်ရည်ရှိသည်။
ရိုးသားကြသည်။ အထူးအဆန်းကို စူးစမ်းလိုသည်။ ဆန်းသစ်တီထွင်လိုကြသည်။
အထင်ကြီးလွန်းခြင်း၊ စိတ်လိုက်မာန်ပါ လုပ်လေ့ရှိခြင်းများ၊ ဘဝအတွေ့အကြုံနုနယ်ပြီး ဆင်ကန်းတောတိုးခြင်းမျိုး လုပ်လေ့ရှိခြင်းများရှိသလို အတုယူလွယ်ပြီး အုပ်စုဖွဲ့၍ ထင်ရာစိုင်းတတ်ခြင်းများ လည်းရှိသည်။
လူငယ်များ၏အင်အားအရေအတွက်သည် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်မျှရှိကြသည်။ ထိုအင်အား အရေအတွက်သည် တိုင်းပြည်၏အနာဂတ်အရေးကို အဆုံးအဖြတ် ပေးနိုင်ပေသည်။ ယနေ့လူငယ်တို့သည် ယနေ့တာဝန်ထမ်းဆောင်နေကြသော လူကြီးတို့၏နေရာတွင် ပခုံးပြောင်းတာဝန်ယူကြရမည့်သူများ ဖြစ်ကြပါသည်။ လူငယ်တို့၏ စွမ်းပကားဖြင့် တိုင်းပြည်ကို တစ်ခေတ်ပြီးတစ်ခေတ်၊ တစ်နှစ်ပြီးတစ်နှစ်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အနာဂတ်၏ ခေါင်းဆောင်လောင်းများဖြစ်ကြပေသည်။ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်” ဟူ၍ ဆရာဇော်ဂျီ၏ကဗျာတွင် ရေးဖွဲ့ထားခဲ့သကဲ့သို့ ယနေ့လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အားကိုးအားထားပြုနိုင်သည့် ကာယ၊ ဉာဏ၊ စာရိတ္တတို့ စွယ်စုံပြည့်ဝသော သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရပါမည်။
သဘာဝတရား၏ဖြစ်စဉ်အရ အကောင်းနှင့်အဆိုးသည် ဒွန်တွဲလွန်ဆွဲကာ အားပြိုင်လျက်ရှိနေသည်။ နေခြည်ဖြာလာလျှင် နှင်းပျောက်သကဲ့သို့ လူကောင်းလူမွန် လူရည်ချွန်ကလေးများ များပြားလာသည်နှင့်အမျှ လေလွင့်လူငယ်များ၊ ဆိုးသွမ်းလူငယ်များ တစ်စတစ်စလျော့ပါး ပျောက်ကွယ်သွားမည်သာဖြစ်သည်။ လူတော်လူကောင်းလူငယ်ကလေးများက နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေချိန်တွင် တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားနေသော လူငယ်အချို့ကိုလည်း လမ်းမှန်ရောက်အောင် လက်တွဲခေါ်ဆောင်ကြရမည်ဖြစ်သည်။
လူသာလျှင် ပဓာနဟုဆိုသည့်အတိုင်း လူသားများစွာ၏ ကောင်းကျိုးကို ပြုလုပ်နိုင်စွမ်းရှိသူမှာ လူသားတို့ပင်ဖြစ်ပေသည်။ အသိဉာဏ်အရှိဆုံးနှင့် အသိဉာဏ်ကို အသုံးချတတ်ဆုံးမှာလည်း လူသားတို့ပင်ဖြစ်ရာ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားကာ လူသားများစွာ၏ ကောင်းကျိုးကိုပေးစွမ်းနိုင်မည့် လုပ်ငန်းများအားလုပ်ဆောင်ခြင်းဖြင့် တန်ဖိုးရှိသောလူအဖြစ် အသက်ရှင်နေထိုင်ကြရန် လိုအပ်ပါသည်။ အသိတရားဖြင့် သတိထားဆင်ခြင်ရှောင်ကြဉ်ကာ အရာရာတိုင်းတွင် အတုယူသင့်၊ မယူသင့်၊ လုပ်သင့်မလုပ်သင့် စဉ်းစားတွေးခေါ်တတ်ဖို့ လိုပါသည်။
တိုင်းပြည်အကျိုးဆောင်ရွက်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်ပေသည်။ ဤမွန်မြတ်သန့်စင်သော အမျိုးသားရေး စိတ်ဓာတ်ဟူသည် အမျိုးသားနိုင်ငံရေး သဘောထားဟုပင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
အမျိုးသားနိုင်ငံရေးသည် မည်သို့နည်း။ တစ်မျိုးသားလုံးနှင့်ဆိုင်သော ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး၊ ပရဟိတ၊ သဘာဝဘေးအန္တရာယ်နှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ပေးခြင်းသည် အမျိုးသားနိုင်ငံရေးလုပ်သည်မည်ပေ၏။
အမျိုးသားနိုင်ငံရေးအန္တရာယ်ကို ကာကွယ်လိုစိတ်သည် ဗီဇစိတ်မဟုတ်၊ လေ့ကျင့်ပျိုးထောင်ယူမှ ရသောစိတ်ဖြစ်သည်။ လူတိုင်းမရနိုင်ချေ။ ထိုစိတ်ကို ကိုယ်ချင်းစာစိတ်နှင့်သော် လည်းကောင်း၊ ကိုယ်ကျိုးစွန့်သည့် စိတ်နှင့်သော်လည်းကောင်း လေ့ကျင့်ယူသော်ရနိုင်ပါသည်။
ကျောင်းသားလူငယ်တို့ကအစ လူတန်းစားအသီးသီးက ပြည်သူတို့သည် ပြည်တွင်းပြည်ပရန် ကာကွယ်စောင့်ရှောက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ စနစ်တကျစစ်ပညာ သင်ကြားခွင့်ရခြင်းသည် နိုင်ငံသားတစ်ဦးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ကို သတိချပ်သင့်ပါသည်။
ညီညွတ်ခြင်းသည် အင်အားဖြစ်၍ တာဝန်ကို စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကိုရရှိစေသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ရိုသေလေးစားမှုများကို တိုးပွားစေကာ တစ်ဦးပေါ်တစ်ဦး သစ္စာရှိပြီး အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုပွားများ ခိုင်မာစေပါသည်။
သဘာဝအားဖြင့် အလေ့အထမှသည် အကျင့်စာရိတ္တသို့ ပြောင်းလဲတတ်သည့် အားလျော်စွာ စစ်ပညာမှရရှိသော အမိန့်နာခံတတ်ခြင်းသည် တာဝန်ကိုထမ်းဆောင်ရာ၌ ကျေပွန်စွာဆောင်ရွက်တတ်သည့် အကျင့်စာရိတ္တများကို ရရှိစေပါသည်။ တစ်နည်းအားဖြင့် စစ်ပညာကို တိကျသေချာစွာ လေ့ကျင့်ခဲ့ရသောသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး စစ်စည်းကမ်းသေဝပ်သည့် လူတော်လူကောင်းများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးချင်းကောင်းသည့် လူငယ်များကို စုပေါင်းထားသော ပြည်သူ့စစ်သည် အမျိုးအစား ပို၍ကောင်းသော ပြည်သူ့စစ်ဖြစ်လာရပေမည်။ စစ်စည်းကမ်းကို စနစ်တကျလေးစားလိုက်နာ ဆောင်ရွက်ပါလျှင် ကောင်းမြတ်သော စစ်သည်တော်တစ်ဦးဖြစ်ပါလိမ့်မည်။
မိဘနှစ်ပါးမှပေါက်ဖွားလာသော လူငယ်မှန်သမျှသည် ပွင့်လင်း၏။ ရိုးသားကြ၏။ တက်ကြွကြ၏။
သို့သော် ပွင့်လင်းမှုလွန်ကဲ၍ ယဉ်ကျေးမှုဘောင်မှ လွတ်ကင်းသွားမည်ကို စိုးရိမ်ကြရ၏။ လူငယ်တို့၏ ရိုးသားမှုကို လူကြီးများက အမြတ်ထုတ်သွားမည်ကိုလည်း စိုးရိမ်ရ၏။ တက်ကြွမှုလွန်ကဲ၍ လမ်းမှားသို့ရောက်ကာ အဖတ်ဆယ်မရမည့် ဘေးကလည်းရှိနေသေး၏။ သို့ဖြစ်ရာ ပွင့်လင်းရိုးသား တက်ကြွသည့် လူငယ်ထုကို မှန်ကန်သောပန်းတိုင်သို့ စနစ်တကျလမ်းညွှန်ပေးသော ပြည်သူ့အတွက် ပြည်သူ့စစ်မှုထမ်း တာဝန်များထမ်းဆောင်ခြင်းဖြင့် ဖြောင့်မတ် မှန်ကန်သူများ၊ ရဲရင့်ပြတ်သားသူများဖြစ်လာပေလိမ့်မည်။
မျိုးချစ်စိတ်နှင့်နိုင်ငံချစ်စိတ်သည် လူငယ်တိုင်းတွင် ရှိရမည့် အဓိကအရည်အချင်း တစ်ရပ်ဖြစ်သည်။ မျိုးချစ်စိတ်ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကိုထိလျှင်မချိအောင်နာတတ်သည့်စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲတိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား မည်ဆိုသည့်စိတ်တို့ဖြစ်သည်။ ထိုသို့ အတုမရှိမွန်မြတ်လှသော စိတ်ဓာတ်မျိုးကို လူငယ်တိုင်း၌ မလွဲမသွေရှိကြရပေမည်။ မျိုးချစ်စိတ်ဓာတ်ရှိသူများကြောင့်ပင် မြန်မာနိုင်ငံအား သူ့ကျွန်ဘဝမှ လွတ်မြောက်သောအဖြစ် ကမ္ဘာတစ်လွှားတွင် ဝင့်ကြွားစွာ ထူထောင်ရပ်တည်နိုင်ခဲ့ကြသည်။ ထို့ကြောင့် လူငယ်တိုင်း၏ ရင်ထဲ၌ မျိုးချစ်စိတ်ဓာတ်သည် အမြဲထာဝရ လင်းလက်တောက်ပနေရန် အထူးအရေးကြီးပေသည်။
လူငယ်တို့သည် မိမိနိုင်ငံကို အမှန်တကယ် ချစ်မြတ်နိုးကြမည်ဆိုလျှင် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲ၍ တိုးတက်စည်ပင်မည်မှာ မုချဖြစ်ပါသည်။ ယနေ့တိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံများရှိ နိုင်ငံသားများသည် ၎င်းတို့နိုင်ငံအတွက် အသိပညာများ တက်ကြွနိုးကြားမှုများဖြင့် ဦးလည်မသုန် ဆောင်ရွက်ကြိုးပမ်းနေကြသည်ကို တွေ့ရပေမည်။ ဤသည်မှာ ၎င်းတို့တစ်တွေသည် နိုင်ငံချစ်စိတ်ကို ကာယကံမြောက် လက်တွေ့ထုတ်ဖော်ပြသ နေကြခြင်းပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မျက်မှောက်ကာလတွင် ဖောက်ပြန်သောစိတ်ဓာတ်ဖြင့် တိမ်သလာဖုံးအောင် ပြုလုပ်နေသည့်အစွန်းရောက် မီဒီယာများ၏ နိုင်ငံရေးရှုမြင်သုံးသပ်မှုများ၊ လှုပ်ရှားမှုများကို အသိတရားလက်ကိုင်ထား၍၊ သတိတရားရှေ့ဆောင်ထား၍ ခွဲခြားဆုံးဖြတ်ရပေမည်။ ထို့ပြင် ယနေ့အချိန်အခါတွင် အင်အားငယ်နိုင်ငံများအပေါ် အင်အားကြီးနိုင်ငံများက ဘက်စုံစစ်ပွဲအသွင် ကျူးကျော်ဆင်နွှဲနေခြင်းများကြောင့် အခြားအင်အားငယ်နိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေး နိုင်ငံ၏ကာကွယ်ရေးအင်အားကို တိုးမြှင့်တည်ဆောက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး အနေအထားအရ အလွန်အရေးပါသောနေရာတွင် တည်ရှိနေသောကြောင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော စစ်ရေးနိုင်ငံရေး အခြေအနေများကို ခေတ်ရေစီးကြောင်းနှင့်အညီ တုံ့ပြန်နိုင်စွမ်းရှိသော ကာကွယ်ရေးစနစ်ကောင်းများ ရှိရန်လိုအပ်လာပြီဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်စေရမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယနေ့လူငယ်များအနေဖြင့်ဖြစ်ပေါ်နေသော မြန်မာ့အရေး ကမ္ဘာ့အရေးများကို မှန်ကန်သောရှုထောင့်မှ မျက်ခြည်မပြတ်လေ့လာရင်း နိုင်ငံသားကောင်းတစ်ဦးအဖြစ် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတွင် ကျေနပ်ဂုဏ်ယူစွာ ပါဝင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား တင်ပြလိုက်ရပါသည်။ ။