
တပ်တော်ဝင် အညွန့်အဖူး… ပွင့်ဦးက စစ်စွမ်းရည်
တပ်မတော်(လေ)သည် မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် သို့မဟုတ် “ရှေ့ဦးတံခွန်” ဖြစ်ခဲ့သည်ဟု ပြောရပေလိမ့်မည်။ ယုတ်စွအဆုံး လွတ်လပ်ရေးပန်းတံတား၏ တံခါးအဖွင့်ဟုဆိုနိုင်ပါ၏၊ ဆိုပါ၏။ တိတိကျကျ ပြောရလျှင် လွတ်လပ်ရေးမရမီ ရက် ၂၀ အလို၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကာကွယ်ရေးဌာနကောင်စီအမိန့်အမှတ်(၄၀၉)ဖြင့် မြန်မာ့မြေဝယ် တပ်မတော်(လေ) မွေးဖွားသန့်စင်ခဲ့ပါသည်။ နေရာ မင်္ဂလာဒုံ ဘူမိနက်သန်မြေဖြစ်၏။ အမြော်အမြင်ရှိသည့် နိုင်ငံ့ခေါင်းဆောင်များ ကျေးဇူးကား ကြီးမားလှပေစွ။ လက်ရုံးတပ် “သရဖူ” လွှင့်ထူနိုင်ခဲ့ခြင်းပင်။ ယနေ့ဆိုလျှင် (၇၇)နှစ်တိုင်ခဲ့လေပြီ။ အတွေ့အကြုံအရပင် ရတုများစွာ သစ်ထွန်း ‘‘သံမဏိမော်ကွန်း’’ထူလောက်ပါ၏။
ထိုစဉ်က ဗြိတိသျှစစ်လက်ကျန် တိုက်ဂါးမော့သ်၊ တွင်အော်တာ အစရှိသည့် လေယာဉ်အနည်းငယ်ဖြင့် ခရီးအစ၊ မလှမပ… ချီတက်ခဲ့ရလင့်ကစား ဇာတိမာန်စိတ်ဓာတ် အခြေခံခဲ့သည်။ မျိုးဆက်သစ်ဖူးပွင့်...ကူးဆင့် လက်ကမ်းလှမ်းတက်နိုင်ခဲ့သည်။ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံဝန်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့သည်။
စစ်ခရီးကြမ်းတွင်ရှိသည့် လက်နက်စွဲကိုင်ခြင်းအပြင် စွန့်ဦးတီထွင် လက်လုပ်ဗုံးများဖြင့် လေယာဉ်ပေါ်မှ လေယာဉ်မှူးကိုယ်တိုင် စနက်တံဖြုတ် ကြဲချခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များပင်ရှိခဲ့ပါ၏၊ အသက်များစွာ ရင်းခဲ့ရပါသည်။ မီးနာမှသံကောင်း၊ သံကောင်းမှ ဓားထက်ဆိုသည့်စကားအတိုင်း ယနေ့တပ်မတော်(လေ)သည် ထုသားပေသားကျသည့် ကျစ်လျစ်သန်မာသော ခွန်အားနှင့်စွမ်းရည် ပိုင်ဆိုင်ခဲ့လေပြီ။
တပ်မတော်(လေ)၏ အဓိကအားလက်ရုံးသည် ‘‘သိပ္ပံနှင့်နည်းပညာ’’ ပြီးတော့ ‘‘ပျံသန်းရေး’’ ဖြစ်၏။ ယင်းပျံသန်းရေး၏အရင်းအမြစ်ကား ကျွမ်းကျင်မှုအတတ်ပညာပိုင်း၊ စက်မှုကဏ္ဍ နည်းနာနိဿယ၊ အသိပညာရပ် သီအိုရီများအပြင် လေယာဉ်၊ ရဟတ်ယာဉ်များ နိုင်ငံတကာအဆင့်မီ တည်ဆောက်၊ ဖန်တီး၊ တီထွင်၊ ပြုပြင်၊ ဆောင်ရွက် စသည်ဖြင့် နယ်ပယ်ကျယ်ဝန်းလာစေသည်။ ဤကမ္ဘာမြေ ကျယ်ပြောလေသမျှ ‘‘အသိ၊ အတတ်’’ပညာရပ်များ၏ ဆန့်ထွက်မှုနှင့် ဖြန့်ကြက်မှုအသစ်၊ အသစ် အသစ်ဖြစ်တည်လာမြဲ၊ သမိုင်းခေတ် ရေအလျဉ်ကတော့ဖြင့်စီးဆင်းမြဲ၊ လိုက်ပါစီးမျောခွင့်အတွက် အရည်အသွေးပြည့်မီရန် လိုအပ်မြဲ စသည်ဖြင့် အဖွဲ့အစည်းဆိုင်ရာ ခွန်အား၊ စွမ်းရည်တို့မှာ တစ်ရံမလပ် လေ့ကျင့်ရှင်သန်ရပ်တည်နေရပေလိမ့်မည်။
တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးသမိုင်းတွင် ‘‘တံတိုင်း’’အဖြစ် သိုင်းဝိုင်းရပ်တည် နေသည်မှာ (ကြည်း၊ရေ၊လေ)ဆိုင်ရာ တပ်မတော်အဖွဲ့အစည်းပင်ဖြစ်ပါ၏။ တပ်မတော်(လေ)သည် စစ်လက်ရုံးအဖြစ် နိုင်ငံတော်၏ ဝေဟင်ပိုင်နက်စိုးမိုးရေးနှင့် လေကြောင်းစွမ်းရည် မြင့်မားရေးကို တာဝန်ယူရပေမည်၊ တာဝန်ခံရပေလိမ့်မည်။ သွင်ပြင်လက္ခဏာအရဖြစ်စေ၊ ပုံသဏ္ဌာန်အရဖြစ်စေ တပ်မတော်(လေ)သည် သမားရိုးကျ၊ သာမန်အနေအထား ဖွဲ့စည်းပုံမျိုးမဟုတ်ပေ၊ တီထွင်ဆန်းသစ်စေမည့် ပညာရပ်ဆိုင်ရာ ခေတ်သိပ္ပံလမ်းကြောင်းပေါ်တွင် ရပ်တည်နေ၏။ ခေတ်ဆန်းပွင့်ဆက် မြင့်တက်လေသမျှ၊ သိပ္ပံနှင့်နည်းပညာရပ်တို့ ပွတ်တိုက်မှုများ ဆင့်ကာဆင့်ကာ ဖြစ်လာကြပေလိမ့်မည်။ ရုပ်ဝတ္ထုပစ္စည်းတို့၏ ခေတ်ကိုဆန်တက် တီထွင်ချက်အဝန်းအဝိုင်းကလည်း ကျယ်ပြန့်လာကြောင်းတွေ့ရပေလိမ့်မည်။ ခေတ်ကို မျက်ခြည်မပြတ်စောင့်ကြည့်ရင်း လေယာဉ်၊ ရဟတ်ယာဉ် များ၏ သက်ရောက်မှုနည်းစနစ်များ၊ ပုံသဏ္ဌာန်ပိုင်းအရပါ မြင့်မြဲဆင့်ကဲမှုများဖြင့် စိန်ခေါ်မှုများ ဖြစ်လာနေပြီဖြစ်၏။ သမိုင်းအကွေ့တစ်ခုတွင် ‘‘အရွေ့’’သည် အလှည့်အပြောင်းအသွင်မှ (Standard Air Force) အဆင့်သို့ ရောက်လာပေလိမ့်မည်။ ဤကား သစ္စာဖြင့်တည်သောစကားပင်။ ဤသည်မှာ အိပ်မက်မဟုတ် ယုံကြည်မှုပင်ဖြစ်၏။ ဆိုလိုသည်မှာ ရည်မှန်းချက်သည် ယုံကြည်ချက်ကို အကောင်အထည်ဖော် တည်ဆောက်ဖြစ်တည်လာခြင်း မဟုတ်ပါလား။
ယနေ့ခေတ်တွင် နိုင်ငံတော်၏အစီအမံ အပင့်အတွန်း လမ်းညွှန်ဆောင်ရွက်မှုကလည်း အားကောင်းလှပေသည်။ စစ်လက်နက်ပစ္စည်း အသစ်အသစ်ပံ့ပိုးမှုဖြင့် ‘‘တပ်တော်ဝင်ကဏ္ဍ’’အဖြစ် မင်္ဂလာရှိသော နေ့ရက်ထိတွေ့မှုများ ခပ်စိပ်စိပ် ရှိလာနေပြီဖြစ်၏။ ဆန်းသစ်သော စစ်လက်နက် ပစ္စည်းများကြောင့် ရင်ခုန်စရာမြင်ကွင်းအဖြစ် အတွေးဝင်လာစေသည်။ လေကြောင်းစွမ်းရည်သည်အမြင့်မားဆုံးသောစွမ်းရည် ဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်လာစေနိုင်သည်။ တကယ်တော့ တပ်တော်ဝင်ဆိုသည်မှာ အသစ်အသစ်သော လေယာဉ်၊ ရဟတ်ယာဉ်များ မှတ်တမ်းတင် တာဝန် သတ်မှတ်ခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် တာဝန်ထမ်းဆောင်စေခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
စင်စစ် တပ်တော်ဝင်ဟူသည် သမိုင်းသစ်စာမျက်နှာဝယ် အလိုအပ်ဆုံးသော တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်း၊ ထမ်းဆောင်ခြင်းပင်ဖြစ်၏။ ကြည့်လေ… နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် ယင်းနိုင်ငံ၏ ကာကွယ်ရေး၌ မူတည်နေခြင်းဖြစ်သည်။ ကာကွယ်ရေး ခိုင်မာတောင့်တင်းပါမှ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလာမည်။ ဒေသတွင်းဖြစ်စေ၊ ဒေသပြင်ပ နိုင်ငံတကာကပင်ဖြစ်စေ ယုံကြည်လေးစား လာပေလိမ့်မည်။
စော်ကားမော်ကား ရန်မပြုဝံ့တော့၊ အဘက်ဘက်မှ ဖွံ့ဖြိုးအောင် ဆောင်ရွက်လာနိုင်ပေလိမ့်မည်။ တပ်တော်ဝင်သည် ပန်းအညွန့်အဦးဖြစ်သည်ဆိုလျှင် အဖူးအပွင့်မှာ စွမ်းရည်သတ္တိ ဖြစ်လာမည်ဟု ယုံကြည်ပါ၏။ စင်စစ်စွမ်းရည် ဖွံ့ဖြိုးစေတန်ရာသော မျိုးစေ့ကြဲချခြင်း သို့မဟုတ် အနာဂတ်လမ်းဆင့် တန်းမြင့်မီရေး လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်၏။ မော်ကွန်းသစ်ရေးထိုး လိုက်ခြင်းပင်။
ကျွန်တော့်ရင်ထဲတွင် ခံစားမှုကဗျာလေးတစ်ပုဒ်ရှိနေသည်။ တပ်တော်ဝင်ဟူသည့် ဘာသာဗေဒ စကားလုံးအသုံးအနှုန်းအပေါ်မြင်သာသည့်အမြင်ပင်။ အနှစ်သာရလေးနက်မှု ဂုဏ်သတင်းနှင့် ထုံသင်းနေပါလိမ့်မည်။ တော်ဝင်ခြင်းဟူသော ‘‘ပညတ်’’နှင့် ‘‘ဓာတ်သက်’’ ရောယှက်ကာ အထွတ်အမြတ် ဂုဏ်မြှင့်ခြင်းဟု အဓိပ္ပာယ်သက်ရောက်ပေလိမ့်မည်။
“လမ်းဖွင့် မြှင့်တင် တပ်တော်ဝင်”
မြတ်ဖော်အသွင်
တပ်တော်ဝင်…တည်ရစ်ပေတော့
ပြည်သစ်ဝေ အခွင့်အလမ်းတွေနဲ့
ပွင့်လန်းနေ ဂုဏ်ရည်လင်းအောင်ပါ့
ဖြည့်တင်း… အစီအမံရယ်က
ရည်သန်မြင့်မား
တပ်မတော်လျှင်…
ထပ်မြော်မြင်…အနာဂတ်ချီလို့
ကမ္ဘာဖြတ်မည် စစ်ရည်စွမ်းတွေနဲ့
ခေတ်မီထွန်းစေ… မြန်ဇမ္ဗူအတွက်ကိုဖြင့်
ခံယူချက်…သန္နိဋ္ဌာန်
မှန်ကန်ထင်ရှား
တပ်မတော်(လေ) မူတည်
ဖြတ်ကျော်နေ သမိုင်းသစ်
ဖွင့်လှစ်ရမည်
လေကြောင်းဖွဲ့ စွမ်းရည်
မြင့်မီအောင်ဖြည့်တင်း
လေယာဉ်…ရဟတ်ယာဉ်တို့
တပ်တော်ဝင်စစ်အားမောင်းတွေနဲ့
ဆင့်လောင်းခင်းကျင်း။ ။
တပ်မတော်(လေ)၏ စစ်အားမောင်းသည် လေယာဉ်၊ ရဟတ်ယာဉ်ဆိုင်ရာ လေကြောင်း စစ်ဗျူဟာ အခင်းအကျင်းပင်ဖြစ်သည်။ စစ်လက်နက်ပစ္စည်းပိုင်းကိုကြည့်လျှင် ခေတ်မီခြင်း၊ ဆန်းသစ်ခြင်း၊ စွမ်းရည်ထက်မြက်ခြင်းတို့မှာ လိုအပ်ပေသည်။ လေကြောင်းစွမ်းရည်သည် စစ်ပွဲ တစ်ပွဲ၏ရေချိန်ကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း နိုင်ငံတကာဖြစ်စဉ်များတွင် တွေ့ရပေလိမ့်မည်။ စင်စစ်လေကြောင်းစွမ်းရည်သည် စစ်ပွဲတစ်ပွဲ၏ဝင်ရိုးဖြစ်၏။ စစ်ပွဲချိန်ခွင်လျှာ အလှည့်အပြောင်းကို ဖန်တီးနိုင်စွမ်းသော အရည်အသွေးနှင့် ပြည့်မီနေကြောင်းလည်း တွေ့ရပေလိမ့်မည်။ ခေတ်အထာ ဖွင့်သုံးလျှင်ဖြင့် စစ်မဟာအမြင့်ဆုံးဟု ဆိုလောက်ပေ၏။ ဆိုနိုင်ပါ၏။
တပ်မတော်(လေ) ဖြတ်သန်းလာခဲ့သည့် စစ်သမိုင်းခရီးကား ကြမ်းတမ်းလှပေသည်။ ဖွဲ့စည်းထွက်ပေါ်စ သက်တမ်းကာလ လပိုင်းမျှဖြစ်သည့်၊ လွတ်လပ်ရေးပန်းကလည်း ဖူးပွင့်စ နုနုနယ်နယ်အရှိန်ယူဆဲတွင် စစ်မုန်တိုင်းကြမ်းနှင့် ရင်ဆိုင်ခဲ့ရ၏။ နိုင်ငံရေးပါတီများ၏ ဝါဒရေးရာ အကွဲအပြဲ ဒီမိုကရေစီ အခင်းအပြန့်က မလုံမလဲ၊ တိုင်းရင်းသားလူမျိုးများ၏ မတူညီသည့် သဘောထားခံယူချက် စသည့်မမျှညီသည့် အယူအဆများနှင့် လက်နက်စွဲကိုင်သည်ထိ ဖြစ်လာခဲ့လေပြီ။ ၁၉၄၈ ခုနှစ် မတ်လ၊ ဇူလိုင်လ၊ ဩဂုတ်လတို့တွင် တိုင်းရင်းသားများတောခိုသည်။ မတ်လ ၂၉ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) တောခိုပြန်သည်။ ရောင်စုံသောင်းကျန်းသူများဖြင့် ဝိုင်းလည်နေသည့် ပြည်ထောင်စုအရေးကား ကြီးမားလာခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခမီးလောင်ကျွမ်းခဲ့ပြီပေါ့၊ ‘‘ရန်ကုန်အစိုးရ’’ဟုခေါ်တွင်လောက်သည် ဖြစ်လာရတော့၏။
သည်ကာလတွင် မြွေပူရာကင်းမှောင့် ဖြစ်လာသည်က ပြည်ပကျူးကျော်မှုဖြစ်၏။
၁၉၄၉ ခုနှစ်မှစတင်ကာ ရှမ်းအရှေ့ဒေသများကို ကျူးကျော်လာသည့် ကူမင်တန် တရုတ်ဖြူများသည် ၁၉၅၀ ပြည့်နှစ်တွင် အင်အားကြီးမားလာခဲ့သည်။ တပ်မတော်(လေ)သည် တပ်မတော်(ကြည်း)နှင့် အတူတွဲကာ လူအင်အား၊ လက်နက်အင်အား အနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ခေတ်သမိုင်းကို သုံးသပ်ကြည့်လျှင် တပ်မတော်(လေ)၏ မြင့်မြတ်သော ဥပဓိကို တွေ့လာရပေမည်။ နိုင်ငံရေးအယူအဆ၊ ဝါဒမှိုင်း ရောင်ခြယ် အတွန်းအတိုက်များကြောင့် ကြီးထွားလာသည့် လက်နက်ကိုင်ပဋိပက္ခ၊ နယ်ချဲ့ဝါဒအခြေခံနယ်မြေကျူးကျော်လာသည့် ကူမင်တန်ကျူးကျော်စစ်၊ ဤစစ်ပွဲကြီးနှစ်ခုသည် မြန်မာနိုင်ငံတွင် ဆုံမှတ်ဖြစ်လာခဲ့သည်။ နိုင်ငံရေးအရ အတင်းမာဆုံးသော ကာလများဖြစ်ခဲ့ပါ၏။
တပ်မတော်(လေ)သည် စစ်လက်ရုံးပီပီ၊ တပ်မတော်(ကြည်း)နှင့်တွဲကာ တိုက်ပွဲဝင်ရင်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ချေမှုန်းခဲ့ရသည်။ စစ်ပွဲ၊ ယမ်းငွေ့၊ ကျည်ဆန်၊ ဗုံးဒဏ်များကြားမှ စွန့်လွှတ်စွန့်စားရပ်တည်လာခဲ့သည့် တပ်မတော်(လေ)ရုပ်ပုံလွှာသည် သမိုင်းပုံရိပ်၊ စစ်ပုံရိပ်အပြင် ခေတ်ပုံရိပ်အတွင်းမှာပင် ထင်ဟပ်လာမှုဖြင့် ကြီးမားသော ထုထည်ကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်ဆဲဖြစ်ခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခလောင်းရိပ်ကို ဖောက်ထွက်ရာတွင်လည်း စစ်ဆင်ရေးများစွာ၊ စစ်ပွဲကြီးငယ်များစွာကို ရေရှည်စစ်ပွဲအသွင် အကြိမ်ကြိမ်ဆင်နွှဲခဲ့ရသည်။
တစ်ဖက်မှာလည်း လိုအပ်သည့်လေယာဉ်၊ ရဟတ်ယာဉ်များအား ဖြည့်တင်းဝယ်ယူအသုံးပြုခဲ့ရခြင်းများရှိခဲ့ပါ၏။ အောင်သီဟစစ်ဆင်ရေး၊ ဟိုက်ကမ်းပါးတိုက်ပွဲ၊ ကွမ်းလုံရက်လေးဆယ်၊ ထော်ပိုင်၊ အောင်စိုးမိုး၊ အောင်သံလွင်၊ အောင်တံခွန်၊ ရဲရန်အောင်၊ ရွှေလင်းယုန်၊ စီစီဝမ်တာပန်၊ ပါဂျိုနားဖော့၊ မိုင်းယန်းမဲသဝေါ စသည်ဖြင့် စစ်ဆင်ရေးကြီးများစွာတို့တွင် ပါဝင်တိုက်ပွဲဝင်ခဲ့ရပါသည်။
ပြည်ပကျူးကျော်မှု တွန်းလှန်စစ်နှင့်ပတ်သက်၍ ကူမင်တန်တပ်များ အင်အား၁၂၀၀၀ ခန့်အထိ ဖြစ်လာမှုအား ၁၉၅၃ ခုနှစ် မတ်လမှစတင်ကာ မဟာစစ်ဆင်ရေး၊ နဂါးနိုင်စစ်ဆင်ရေး ဆင်နွှဲခဲ့ရာတွင် လေကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့သည်။
ဘုရင့်နောင်စစ်ဆင်ရေး (၁၉၅၄)၊ ရန်ကြီးအောင် စစ်ဆင်ရေး (၁၉၅၅)၊ မဲခေါင်စစ်ဆင်ရေး ထိုးစစ်(၁၉၆၀) စသည့် စစ်ပွဲကြီးများတွင်လည်း လေကြောင်းပစ်ကူ အကြိမ်ရေများစွာ ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ခြင်း ရှိပါသည်။
ဤပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးစစ်ပွဲများနှင့် ပြည်ပကျူးကျော်မှု တွန်းလှန်စစ်ပွဲများကာလအတွင်း အသက်ပေါင်းများစွာ စတေးခဲ့ရသည်။ ရင်နင့်စရာ၊ ရင်နာစရာ အဖြစ်အပျက်များနှင့် စိတ်ခံစားမှုများ ကြုံခဲ့ရသည်။ ပြည်ထောင်စုကြီး ပြိုကွဲလုနီးနီးအချိန်မှစ၍ တပ်မတော်(ကြည်း)နှင့် လက်တွဲကာ ကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့သည်။ တပ်မတော်(လေ)အနေဖြင့် ဂုဏ်သိက္ခာပိုင်းအရဖြစ်စေ စိတ်ဓာတ်နှင့်ခံယူချက်ပိုင်းအရဖြစ်စေ အနှိုင်းမဲ့သစ္စာရှင်အဖြစ် ရပ်တည်လာနိုင်ခဲ့လေပြီ။ ဤမှန်ကန်သောသစ္စာတရား အခြေခံသန္ဓေကောင်းသည် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ဆောင်ယူခြင်းဖြင့် ယနေ့ တပ်မတော်(လေ)ကို စစ်အားမောင်းဖြည့်တင်း ခိုင်မာခြင်း ဖြစ်သည်။ ထုဆစ်လာနိုင်ခဲ့ပြီမဟုတ်ပါလား။
တစ်ဖက်တွင် စစ်ရေးတာဝန်ကို ရေကုန်ရေခန်း ထမ်းရွက်ခဲ့ရသလို၊ တစ်ဖက်တွင်လည်း အမျိုးသားရေး တာဝန်ဖြစ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို တာဝန်မက၊ စစ်ဆင်ရေးတမျှ အလေးထားဆောင်ရွက်ခဲ့သည်။ ဘိန်းစိုက်ခင်း၊ ဘိန်းချက်စခန်းများအား လေကြောင်းမှ ကင်းထောက်ခြင်း၊ လေယာဉ်ဖြင့် ဆေးဖျန်းဖျက်ဆီးခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း စသည်ဖြင့် နှိမ်နင်း ဆောင်ရွက်ခဲ့ရသည်။ ပန်ဝိစစ်ဆင်ရေး၊ မဲလုံးစစ်ဆင်ရေး၊ ဇင်နူးစစ်ဆင်ရေးတို့တွင် Bell-205 ရဟတ်ယာဉ်များအသုံးပြုခဲ့၏။ မိုးဟိန်းစစ်ဆင်ရေး(အဆင့် ၁ မှ ၁၂ ထိ)နှင့် တောင်ရန်ရှင်းစစ်ဆင်ရေး (အဆင့် ၁ မှ ၄ ထိ) တို့အား အဆင့်လိုက် အမှတ်စဉ်များကပ်လျက် ဝေဟင်မှ ဆေးဖျန်းဖျက်ဆီး ခဲ့ကြောင်းသိရပေသည်။ သဘာဝဘေးအန္တရာယ်ဟုဆိုရမည့် နာဂစ်မုန်တိုင်း မြစ်ဝကျွန်းပေါ် ဝင်မွှေခြင်း (၂၀၀၈)၊ ကိုဗစ်ရောဂါဆိုးကြီးကျရောက်ခြင်း (၂၀၁၉)၊ မိုခါမုန်တိုင်း (၂၀၂၃)၊ မကွေး၊ စစ်ကိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည်ဖြင့် နိုင်ငံအနှံ့အပြားဖြစ်ပွားလာသည့် ကပ်ရောဂါဆိုးအန္တရာယ်များမှ ကာကွယ်ရန် လေယာဉ်၊ ရဟတ်ယာဉ်များ အချိန်နှင့်တစ်ပြေးညီ ပျံသန်းလုပ်ဆောင်ခြင်းများရှိခဲ့သည်။
တပ်မတော်(လေ)၏ အဓိကမောင်းနှင်အားမှာ ပျံသန်းရေးဖြစ်သဖြင့် နှစ်စဉ်မပျက် လေသူရဲများ မွေးထုတ်ပေးလျက်ရှိခြင်းကပင် သမိုင်းပေးတာဝန်ထမ်းရွက်မှု မလစ်ဟင်းကြောင်း သိသာလှပေသည်။ ထူးခြားချက်အနေဖြင့် အမျိုးသားများသာမက အမျိုးသမီးများပင် လေသူရဲလောက၌ နေရာပေးလာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရပါ၏။ ထို့ပြင် အမျိုးသမီးလေသူရဲများကို ယခင်က သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်များတွင်သာ တာဝန်ပေးခဲ့ရာမှ ယနေ့ဆိုလျှင် တိုက်လေသူရဲများနေရာ၌ပင် အစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပြီးဖြစ်၏။ မြန်မာ့အမျိုးသမီးလောကအတွက် ခေတ်နှင့်အညီ ရင်ပေါင်တန်းစေရေး ဖွင့်ပေးလိုက်သည့် တံခါးတစ်ချပ်ပင်တည်း။ အမျိုးသမီးတို့၏စိတ်ထား မိုးထိမြင့်မားခဲ့လေပြီ။
တပ်မတော်(လေ)အတွက်မူ ဆန်းသစ်စေသည့် စွမ်းအားဆင့်ပွားဆန့်ထွက်လာခြင်းပင်။ စင်စစ် လေသူရဲကောင်းများ မွေးထုတ်ခြင်းသည် မျိုးဆက်အဟောင်းနှင့် အသစ်အကူးအသန်း ပေါင်းမီကမ်းသည့် ထိုက်တန်သော အမွေခံရယူခြင်းမျိုးဟုလည်း ဆိုနိုင်လောက်ပေ၏။
နိုင်ငံတကာမြင်ကွင်းတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာမသေးလှ၊ လေကြောင်းပညာရပ်နယ်ပယ်တွင် လေသူရဲများနှင့် အာကာသသူရဲကောင်းများအဖြစ်ပင် အမျိုးသမီးများ တာဝန်ထမ်းရွက်နေသည်မှာကြာခဲ့ပြီ။ အသံထက်မြန်သော ဂျက်တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များပင် ပေါ်ထွက်လာနေပြီဖြစ်ရာ စစ်လက်နက်ပစ္စည်းပိုင်း၏ တီထွင်ဆန်းသစ်မှု အဆန့်အထုတ်အဝန်းအဝိုင်းကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေရဆဲပင်။
တပ်မတော်(လေ)၏ လေကြောင်းလွင်ပြင်၊ လေကြောင်းရပ်ဝန်းဟုခေါ်ဆိုလောက်သည်က မိတ္ထီလာ အညာမြို့ကလေး၊ ယင်းမြို့ကလေးသည်ပင်လျှင် လေကြောင်းပညာရပ်တို့ဆုံဆည်းရာ၊ စက်မှုလုပ်ငန်းတို့ တွန်းဖွင့်စီးမျောရာဒေသဖြစ်သည်။ လေကြောင်းစွမ်းရည်ဗဟိုချက်ဟု ခေါ်ဆိုနိုင်လောက်သည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ဤဒေသ၊ ဤမြို့ကလေးနှင့် အနီးကပ်ဆုံးနေရာတွင် တည်ရှိပါ၏။ ဤစခန်းဌာနချုပ်ကို ဝိသေသပြုစရာအဖြစ် လေယာဉ်မောင်း သင်တန်းကျောင်းကလည်း သမိုင်းဂုဏ်ရောင်တဝင်းဝင်း၊ တမာပင်တန်းအခင်းအကျင်းကလည်း ရနံ့တသင်းသင်းဖြင့် ကြိုဆိုနေကြပေလိမ့်မည်။ ကြည့်စမ်း…၊ ဤကျောင်းရပ်မြေသည် လေသူရဲ ဇာနည်မော်များစွာတို့၏ မွေးဇာတိရပ်မြေတည်း။ ရှေးရှေးက စွန့်လွှတ်စွန့်စား အသက်ပေးတာဝန် ထမ်းခဲ့ကြသည့် နောင်တော့်နောင်တော် လေသူရဲကောင်းကြီးများ၏ သွေးဝိညာဉ်များ ကိန်းအောင်းနေပေလိမ့်မည်။ သည်အတွေးဝင်လာလျှင် ရင်ခုန်သံမြန်လာစေမည်။ မနီးမဝေးတွင် လေကြောင်း စစ်ဆင်ရေးသင်တန်းကျောင်းကြီးကလည်း ရှိနေပြန်သေးသည်။ ဘေးပတ်ဝန်းကျင်ဝယ် လေကြောင်းဆိုင်ရာ မြေပြင်အတတ်သင်ကျောင်းများတည်ရှိသည့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်ရှိသည်။ သည်မှာ တစ်ဖက်တွင်လည်း လေကြောင်းပညာဝိညာဉ်ဟု ခေါ်တွင်လောက်သည့် စက်မှုလုပ်ငန်းများပြားစုံလင်သည့် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်ကြီးကလည်း ရှိသေးသည်။ တကယ်တော့ “ Sky is the Limit” တဲ့။ “တက်နိုင်ဖျားရောက်’’ ဟူသည် တပ်မတော်(လေ)ဆောင်ပုဒ်နှင့်အညီ၊ ဤလေကြောင်းလွင်ပြင်ရပ်ဝန်းမှ သင်ကြားပို့ချတတ်မြောက်လာသည့် စွမ်းရည်ဖြင့် ‘‘တက်နိုင်’’ခဲ့လျှင် အခေါင်အဖျားထိတိုင် ရောက်လိမ့်မည်ဟု ညွှန်းပြုစာဆိုဖွင့်ဟခြင်း ဖြစ်နိုင်ပါ၏၊
တပ်မတော်(လေ)သည် သက်တမ်းရှည်လာခဲ့သည်နှင့်အမျှ အသိပညာ၊ အတတ်ပညာများ အမြဲတမ်းရှင်သန်ထက်မြက် ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့ရပေသည်။
စင်စစ် တပ်မတော်(လေ)သည်လင်းယုန်ငှက်၏ နှလုံးသားသန္ဓေမှန်ကို စံနမူနာပြုကာ အားမောင်းသန်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
အားမောင်းနှင့်အားမာန်သည် စွမ်းရည်ဖွဲ့တည်ကာ နိုင်ငံ့လက်ရုံး၊ ပြည်သူ့လက်ရုံး ဖြစ်လာခဲ့ပေပြီ။ လင်းယုန်သည် ငှက်မျိုးစိတ် အကြီးအမှူး၊ သန်မာခြင်း၊ ခွန်အားကြီးခြင်း၊ ရန်အပေါင်းကို လျင်မြန်စွာ ဖြိုခွင်းနိုင်ခြင်းစသည့် စွမ်းရည်ထူးများရှိသည်။ ဇွဲမာန်ကြီးခြင်းနှင့် သန္နိဋ္ဌာန်စိတ်သည် ယင်း၏ထူးခြားသော အားသာချက်ပင်ဖြစ်၏။ ထို့အတူ လေယာဉ်အမျိုးအစား များစွာတွင် တိုက်လေယာဉ်များ တည်ဆောက်ထားမှုမှာ ဤစံနှုန်းအတိုင်းဟုယူဆနိုင်၏။
တိုက်လေသူရဲ အမည်ခံ သံမဏိငှက်များအပိုင်းမှာလည်း စွန့်လွှတ်စွန့်စားနှလုံးသားပုံရိပ်များတွင် ဤသဘောအတိုင်းပင် ကြံ့ခိုင်မာသန်ကြောင်း မြင်တွေ့ရပေလိမ့်မည်။
ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့သည် တပ်မတော်(လေ)မွေးနေ့ သို့မဟုတ် နှစ်ပတ်လည်နေ့ဖြစ်သည်။ လွန်လေပြီးသော ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် တပ်မတော်(လေ)သည် နှစ်ကာလသတ်မှတ်ချက် ရတုများစွာကို ကျော်လွှားဖြတ်သန်းလာခဲ့သည်မှာ (၇၇)နှစ်တိုင်ခဲ့လေပြီ။ နှစ်(၈၀)ပြည့်မြောက်ခဲ့လျှင်ဖြင့် ‘‘ဝက်သစ်ချရတု’’သို့ ရောက်ရှိလာပေလိမ့်ဦးမည်။ နှစ်ပေါင်းရှည်ကြာ ချီတက်လာခဲ့သည့် ခရီးကြမ်းတစ်လျှောက် သစ္စာရှိရှိ တပ်မတော်(ကြည်း)နှင့်တွဲကာ ကာကွယ်ရေးတာဝန်ကို
ဦးလည်မသုန် ထမ်းရွက်ခဲ့သည်။ တစ်ဖက်တွင်လည်း မိမိတပ်ဖွဲ့ဆိုင်ရာ အရည်အသွေး၊ အရည်အချင်း၊ စွမ်းရည်ပြည့်ဝရေး၊ စစ်ဗျူဟာမြောက် လေ့ကျင့်သားပြည့်ဝရေးအပြင် ခေတ်မီစစ်လက်နက်ပစ္စည်းများ ပိုင်နိုင်ကျွမ်းကျင်ရေးတို့ကို ဂရုတစိုက်ဆောင်ရွက်လာခဲ့ပေသည်။
ယနေ့ခေတ်တွင် နိုင်ငံတော်၏ပံ့ပိုးဆောင်ရွက်မှု၊ စီမံခန့်ခွဲလမ်းဖွင့်ပေးမှုတို့ဖြင့် ‘‘တပ်တော်ဝင်’’ ရွှေရောင်နေ့ရက်များကို လက်တွေ့ပိုင်ပိုင် ထိတွေ့နိုင်ခွင့် ရရှိခဲ့လေပြီ။ တပ်တော်ဝင်အခမ်းအနားသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လေယာဉ်၊ ရဟတ်ယာဉ်ဖြည့်တင်း လွှဲပြောင်းပေးခြင်းဖြစ်ရာ၊ တိုးကာ တွန်းကာ…ဖောက်ထွက်လာသည့် တပ်မတော်(လေ)၏ ဆန့်ထုတ်စွမ်းရည်များ ဖြစ်လာပေလိမ့်မည်။ စင်စစ်တပ်တော်ဝင်အခမ်းအနားသည် မြန်မာ့တပ်မတော်၏ ရည်မှန်းချက် Standard Army ‘‘အရွေ့’’ တစ်ခုဖြစ်စေတန်ရာသော အခြေခံကျကျ ခင်းဖြန့်လိုက်သည့် သေနင်္ဂဗျူဟာကွန်ရက်အဖွင့် ဖြစ်နိုင်လောက် ပေ၏။ ကြည့်လေ…၊ စစ်လက်နက်ပစ္စည်းဆန်းသစ်မှုနှင့် ဖွံ့ဖြိုးမှုအပေါ် လွန်းထိုးမြော်မြင်တွန်းတင် လာခြင်းသည် ကာကွယ်ရေးသမိုင်းအတွက် လာခြင်းကောင်းသော လက်ဆောင်မွန်ပင်ဖြစ်ပါ၏။
လင်းအရုဏ်ဦးနှင့်အတူ ပန်းများ ဖူးပွင့်လာကြသည်။ မိုးအကုန်၊ အနှောင်း၊ ဆောင်းဝင်ခဲ့လေပြီ။ လေအဝှေ့ဝယ် ချမ်းချမ်းမြမြ ခံစားရသည်။ တစ်ချက်တစ်ချက် လေနှင့်အတူ စီးမျောလာသည့် တမာရနံ့ကြောင့် လန်းလန်းဆန်းဆန်းနှင့် စိတ်ခံစားမှု ရှင်းသန့်လှပါ၏။
တိမ်ပြာသောကောင်းကင်ဝယ် အညာနေသည် နှင်းမြူစဘဝကို တွန်းဖွင့်ရန် မာန်တင်းစပြုလေပြီ။ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၏ အနောက်ဘက်ကျကျ လေယာဉ် ပြေးလမ်းကို နောက်ခံပြုကာ ကျင်းပမည့်အခမ်းအနား၊ အစီအစဉ်တစ်ခုရှိနေသည်။ ပြေးလမ်း ကွန်ကရစ်သားပေါ်တွင် စီစီရီရီရပ်ထားသည့် အမျိုးအစားစုံ လေယာဉ်၊ ရဟတ်ယာဉ်များ ပြီးတော့ အလံတိုင်များ ထူလွှင့်ထားသည့် လေယာဉ်ပြေးလမ်းဖြင့်လည်း စစ်ရေးပြကွင်း၊ ဧည့်ပရိသတ်နားနေဆောင် စသည် စသည်ဖြင့် တစ်ကန့်စီ တစ်ကန့်စီ… စီစဉ်ထားရှိမှုမှာ စနစ်တကျပင်၊ စင်စစ် တပ်တော်ဝင်အခမ်းအနား မြင်ကွင်းပင်တည်း၊ မကြာမီ သက်ဝင်လှုပ်ရှားလာပေဦးတော့မည်။ ကျွန်တော် ရင်ခုန်နေမိသည်။
တကယ်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဦးဆောင်ဖွင့်လှစ်ခြင်း၊ လေယာဉ်၊ ရဟတ်ယာဉ်များ ဖြည့်တင်းလွှဲပြောင်းပေးသည့် အစီအစဉ်ပါဝင်နေသည်မို့ အဆန်းတကြယ်ပြုပြောခြင်းထက် အဆင့်အတန်းရှိသော၊ တန်ဖိုးကြီးမြင့်သော ပွဲသဘင်ဟု ပြောနိုင်ပါ၏၊ ပြောလိုပါ၏။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် ပွဲဖြစ်သည်နှင့်လျော်ညီစွာ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်မှာ ရင်သပ်ရှုမောစရာပင်၊ ဖြည့်တင်းလွှဲပြောင်းပေးမည့်လေယာဉ်၊ ရဟတ်ယာဉ်များကို အောင်သပြေပန်းများဖြင့် အမွှေးနံ့သာပက်ဖျန်းကာ တပ်တော်ဝင်မှတ်တမ်းတင်ခြင်းအပိုင်းမှာ ကြည်နူးဖွယ် ခံစားမှုတစ်ရပ် ဖြစ်စေပြန်ပါသည်။
ကျွန်တော့်ရင်မှာ အစွဲမက်ဆုံးကတော့ လေသူရဲများ၏လေယာဉ်ကို စွမ်းရည်ပြသမောင်းနှင်ခြင်း၊ သရုပ်ပြအပိုင်းဖြစ်သည်။ လေယာဉ်အမျိုးအစားအလိုက် လေသူရဲများ၏ ကျွမ်းကျင်မှုကို ဖော်ပြသည့် စွမ်းရည်သရုပ်ပြ ဆောင်ရွက်မှုသည် ထိတ်လန့်အံ့ဩဖွယ်၊ ရင်တသိမ့်သိမ့် နင့်နင့်နဲနဲ ခံစားရပါသည်။ မြန်မာ့လေသူရဲများ၏ ကြောက်ရွံ့မဲ့စွာ လေယာဉ်ကို လိုသလို ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်ပြသမှုတို့မှာ ရင်သပ်ရှုမောဖြစ်ရသည်။ သာမန်လူတို့ဆောင်ရွက်ရန်ခက်ခဲသည့်ကိစ္စ၊ သူတို့၏ ရဲစွမ်းသတ္တိနှင့် စွန့်စားမှုများကို လေးစားဂုဏ်ယူမိသည်။
ကျွန်တော်ထင်ပါသည်။ တပ်မတော်(လေ)သည် စွမ်းရည်အရာ၌ တင့်သထက်တင့် မြင့်သထက်မြင့်လာနေသည်မှာ အမှန်ဖြစ်၏။ သန္ဓေမှန်အကြောင်းအရပ်နှင့် ကောင်းမြတ်မာသန်သည့် အားမောင်းလည်း ပြည့်စုံခဲ့လေပြီ။ ၂၀၁၀ ပြည့်နှစ်မှစ၍ တပ်တော်ဝင်အခင်းအကျင်းနှင့် အလျဉ်းသင့်သလို ဖြည့်တင်းလာခဲ့သည့် စစ်ခွန်အားလည်း မြင့်မားမှုအဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့လေပြီ။
တပ်တော်ဝင်သည် မော်ကွန်းတင်သည့် သမိုင်းဖြစ်စဉ်ဖြစ်သကဲ့သို့ သမိုင်းသစ်ဖော်ညွှန်းခြင်းလည်း ဖြစ်နေနိုင်သည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်(လေ)သည် ဤသမိုင်းကို အနာဂတ်သို့တိုင် ယူဆောင် သွားပေလိမ့်မည်။ ထိုအခါ ပြည်ထောင်စုသမိုင်းအဖြစ် တလွင်လွင်တောက်ပနေသည့် ရွှေရောင်နေ့ရက်များ ဖြစ်လာလိမ့်ဦးမည်ဟု ကျွန်တော်ယုံကြည်နေပါသည်။
မျှော်လင့်နေပါသည်။ ဖြစ်လည်း ဖြစ်လာပါလိမ့်မည်။ ။
မောင်လတ်(ကမ်းရိုးတန်း)