
မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ဂုဏ်ပြုခံဆရာကြီး၊ ဆရာမကြီးများ ကိစ္စပြီးချိန်တွင် ထူးချွန်ဆရာ၊ ဆရာမများကို ဆုပေးပါတော့သည်။ ဆုကတော့ ရန်သူမျိုးငါးပါးဒဏ်ကြောင့် ဘေးဒုက္ခတွေ့ကြုံခဲ့ကြရသည့် ကျောင်းသား၊ ကျောင်းသူများကို သက်စွန့်ဆံဖျားကယ်တင်ခဲ့ကြသည့် ဆရာ၊ ဆရာမများကို ပေးသည့်ဆုဖြစ်သည်။ တတိယအကြိမ် ချီးမြှင့်ခံကြရသည့် ပုဂ္ဂိုလ်များကတော့ ၂၀၀၆ ခုနှစ်အတွက် ကမ္ဘာ့ဆရာများနေ့ စာပေပြိုင်ပွဲတွင် ဆုရရှိကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများ ဖြစ်ကြသည်။
"အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆောင်းပါးစာမူဖြင့် ဒုတိယဆုရရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အ.မ.က−၂၃ (မူလွန်)က ကျောင်းအုပ်ဆရာကြီး ဦးဘညွန့် (ကျွန်းစဉ်မြေစောခက်) အားဆုယူရန် ဖိတ်ခေါ်အပ်ပါတယ်ရှင့်"
ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးက ကျောင်းဆရာမလေး ဆုယူအပြီးမှာ ကျွန်တော့်နာမည် ခေါ်လာတာကြောင့် ထိုင်ခုံကထပြီးညာဘက်ခြမ်းလမ်းကြောင်းလေးကနေ ကျွန်တော်စင်ပေါ်သို့တက် လိုက်သည်။ ကိုယ်ကိုမတ်မတ်ထားပြီး ဘယ်ခြေ၊ ညာလက်အနေအထားမှန်မှန်လေးနဲ့ ဆက်လျှောက်လိုက်သည်။ ကြမ်းခင်းပေါ်က မျဉ်းဖြူတန်း အရောက်မှာခြေထောက်စုံရပ်ပြီး ဆုချီးမြှင့်မည့်ပုဂ္ဂိုလ်ကို ဦးညွတ်အလေးပြုလိုက်သည်။ ထိုမှတစ်ဆင့် ဘယ်ခြေကိုရှေ့မျဉ်းဖြူသို့ လှမ်း တက်လိုက်ပြီး ညာခြေကိုဘယ်ခြေနဲ့အတူ ကပ်ဆွဲပြီး ရပ်လိုက်သည်။ ဆုပေးသူလူကြီးဆီက ချီးမြှင့်သည့်ဂုဏ်ပြုလက်ဆောင်ကို လက်ခံပြီး ဘယ်လက်နဲ့ထိန်းကာ ဘယ်ဘက်နံဘေးတွင် ကပ်ထားလိုက်သည်။ လူကြီးကမ်းပေးသည့်လက်ကို ညာလက်ဖြင့်ဆွဲပြီး ယဉ်ကျေးစွာလှုပ်ယမ်းနှုတ်ဆက်လိုက်သည်။
ပရိသတ်လက်ခုပ်သံများ ခန်းလုံးပြည့် ညံသွားသည်။ နှုတ်ဆက် အပြီးမှာ ကျွန်တော် ဘယ်ခြေနဲ့ပဲ နောက်နားမျဉ်းဖြူတန်းသို့ ပြန်ဆုတ် ပြီး ညာခြေကိုဘယ်ခြေသို့ကပ်ဆွဲပြီး အတက်တုန်းကလုပ်သလို အဆင်း တွင်လည်း ထပ်မံပြုလုပ်လိုက်သည်။ ခြေနှစ်ချောင်းစုံရပ်အပြီးမှာဆုချီးမြှင့်သူလူကြီးကို ဦးညွတ်ကာ ထပ်မံဂါရဝပြုပြီး စင်မြင့်၏ ဘယ်ဘက်ခြမ်းလှေကားက ခပ်မှန်မှန်လျှောက်လှမ်းပြီး ဆင်းလာခဲ့ပါတော့သည်။ သည်လိုစနစ်တကျလုပ်တတ်ရန်အတွက် ဆုယူမည့်သူများကို တစ်ရက်ကြိုပြီး Rehearsal လုပ်ကြရသည်။
ဆုယူအပြီး စင်မြင့်ပေါ်က ဆင်းလာသော ကျွန်တော်၏ ရှေ့တူရူတွင်တော့ ပညာရေးဒုတိယဝန်ကြီးသည် အခန့်သားရပ်လျက်ရှိသည်။ ဒုတိယ ဝန်ကြီးသည် တစ်ခါတော့ ကျွန်တော့်ကို တခြားဆုရှင်များထက် ပိုပြီး အာရုံစူးစိုက်ကြည့်နေသလိုရှိသည်။ ကျွန်တော်ကတော့ ဒုတိယဝန်ကြီး ရှေ့သို့ရောက်အောင် ခပ်မှန်မှန်ပဲလျှောက်သွားလိုက်သည်။ သူ့ရှေ့ အရောက်တွင် ဆုလက်မှတ်ကိုကိုင်လျက်ပဲ ကိုယ်ကိုကိုင်းညွတ် အလေးပြုလိုက်သည်။
ဒုတိယဝန်ကြီးသည် မရယ်မပြုံးဘဲနဲ့ ခေါင်းညိတ်အသိအမှတ်ပြုလိုက် သည်။ ကျွန်တော် ကိုယ့်နေရာ ထိုင်ခုံရောက်လို့ ဂုဏ်ပြုလက်မှတ်ကိုကြည့် လိုက်သည်။ ဒုတိယဝန်ကြီး၏လက်မှတ်ရှည်ရှည်ကြီးမှာ ကြည့်ကောင်း လွန်းလှသည်။
ကျွန်တော် ကျေးဇူးရှင်ဒုတိယဝန်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ချိန်မှာ သူသည် ကျွန်တော့်ကို လှမ်းကြည့်နေတုန်းပါပဲ။
၂၀၀၆ ခုနှစ်မှာပဲ တိုက်ဆိုင်မှုလို့ပဲပြောရလေမလား။ စာပေဗိမာန် စာပေဆုပြိုင်ပွဲမှာ ကျွန်တော်ဦးဘညွန့် (ကျွန်းစဉ်မြေစောခက်) "ကုသိုလ်အရောင်ဆိုးပေးပါ" စာမူဖြင့် လူငယ်စာပေ ပထမဆုရခဲ့သည်။ အဆိုပါစာမူကို စာပေဗိမာန်ကပဲ ၂၀၀၇ ခုနှစ်တွင် စာအုပ်ထုတ်ဝေဖြန့်ချိ ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် "ကုသိုလ်အရောင်ဆိုးပေးပါ" စာအုပ်ကိုပဲ "အမျိုးသားစာပေဆု" (လူငယ်စာပေ) ချီးမြှင့်ခံရပြန်သည်။
"ကုသိုလ်အရောင်ဆိုးပေးပါ "စာအုပ်မှာ ပညာရေးလောက ဆရာဘဝကို အလှရသခြယ်မှုန်းထားသည့်စာ။ ပေးဆပ်မှုပေါင်းများစွာနဲ့ ရယူထားသည့် ကျောင်းဆရာဘဝကိုသမ္မတရာထူးနဲ့ မလဲနိုင်ပါဘူးလို့ ဟစ်ကြွေးထားသည့်စာ။
ကျွန်တော် ဘယ်နှေးလိမ့်လေမလဲလေ။ အမျိုးသားစာပေဆုရ "ကုသိုလ်အရောင်ဆိုးပေးပါ" စာအုပ်ကို "ကမ္ဘာ့ဆရာများနေ့" တွင် စာပေဆုချီးမြှင့်ထားသည့် ကျေးဇူးရှင်ဒုတိယဝန်ကြီးဆီသို့ လိပ်မူပြီး စာတိုက်မှတစ်ဆင့် မှတ်ပုံတင်ပို့လိုက်ပါတော့သည်။
အိပ်ပျော်နေသောကျားကြီးနိုးလာပြီ
ကျွန်တော်သည် ဘဝခယောင်းလမ်းကျဉ်းမြောင်း၍ လှည့်စောင်းပြေးနေခဲ့ရသော်လည်း အခြေအနေပေးလျှင် ပေးသလို စာဖတ်သည်၊ စာရေးသည်။ ဌာနဆိုင်ရာများကလည်း ကျောင်းတွေမှာကျောင်း စာကြည့်တိုက်တည်ထောင်ဖွင့်လှစ်ကြရန် ညွှန်ကြားသည်။ စာပေ ကိစ္စနှင့်ပတ်သက်လာလျှင် ကျွန်တော့်မှာ တာထွက်ရန်အသင့်ဖြစ်နေ သောအပြေးသမားနှယ်ပေတည်း။ ကျွန်တော့်မှာကိုယ်ပိုင်စာအုပ်များ၊ ဆရာ၊ ဆရာမများလှူဒါန်းသော စာအုပ်များနှင့် ယခင်ဆရာကြီး လက်ထက်ကပင် စုဆောင်းထားခဲ့သော ဌာနကဖြန့်ဝေသည့် စာအုပ်၊ စာစောင်များကိုရှာဖွေပြီး စုပုံလိုက်သည်။ ကျောင်းဆောင်နှစ်ဆောင် အနက် စာသင်ခန်းလွတ် အခန်းတစ်ခန်းကိုရှင်းပြီး စာကြည့်တိုက်အဖြစ် သတ်မှတ်လိုက်၏။ ရပ်ကွက်ထဲက ကားနံပါတ်ရေးသည့် ပန်းချီဆရာ ကိုခေါ်ပြီး "မေတ္တာရိပ်ကျောင်းစာကြည့်တိုက်" ဟူ၍ ဆိုင်းဘုတ်ရေး စေ၏။ ဒေါ်သင်းသင်းကြူ (လယ်/ပြ)က စာကြည့်တိုက်အတွက် လိုအပ် သောဗီရိုတစ်လုံးလှူလိုက်ရာ ပိုပြီးသဘာဝကျပြီး စာကြည့်တိုက်မှာ တော်တော်ကြည့်ကောင်းသွားသည်။
ကျွန်တော်ကိုယ်တိုင် မြဝတီစာပေတိုက်သို့သွားပြီး ငွေတာရီမဂ္ဂဇင်း၊ တို့ကျောင်းသား၊ ရွှေသွေးစသောစာအုပ်၊ စာစောင်များကို လစဉ်ယူရန် စာရင်းပေးခဲ့သည်။ အဆိုပါစာအုပ်၊ စာစောင်များကို စာတိုက်မှတစ်ဆင့် လစဉ်ပို့ပေးသည်။ စာကြည့်တိုက်တစ်ခုတည်ထောင်လျှင် သတင်းစာ
ဟူသည်မရှိမဖြစ်လိုအပ်သည်ဟု ကျွန်တော်ခံယူထားပြီးဖြစ်သည်။ သို့ကြောင့် မြန်မာ့အလင်း နေ့စဉ်သတင်းစာကို ကျောင်းအရောက် ကျွန်တော်မှာယူသည်။
နေ့လယ် ကျောင်းဆင်းချိန်ကို ကျောင်းသား၊ ကျောင်းသူများစာဖတ် ချိန်အဖြစ် သတ်မှတ်ထားပေရာ စာကြည့်တိုက်ခန်းတွင် ကလေးများစာအုပ်ကိုယ်စီနှင့် စာဖတ်နေကြသည့်ပန်းကလေးများ၏ မြင်ကွင်းက ကြည့်မဝ၊ ရှုမဝစရာပင်။ ဆရာမတစ်ဦးစီ နေ့အလိုက်စာကြည့်တိုက်မှူး အဖြစ် တာဝန်ပေးထားသည်။ စာကြည့်တိုက်မှူးဆရာမ၏တာဝန်မှာကလေးများစာအုပ်၊ စာစောင်များကို စနစ်တကျကိုင်တွယ်ဖတ်ရှုရန်၊ စကားမများကြရန်၊ မဆော့ကြရန်တို့ကို ထိန်သိမ်းစောင့်ရှောက်ရသည့် အပြင် အပြင်သို့ငှားရမ်းဖတ်ရှုလိုသော စာအုပ်များကိုလည်း စနစ်တကျ အငှားစာရင်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ငှားရမ်းပေးရသည်။
အဆော့သန်သောကလေးများမှာ နေ့လယ်ကျောင်းလွှတ်ချိန်တွင် ကျောင်းဝင်းအနှံ့ပတ်ပြေးပြီးဆော့ကြသည်။ ကျောင်းနောက်ဘက်အိမ်သာနားအထိသွားပြီး ဆော့ကြသည်။ ဆော့နည်းမျိုးစုံအကုန် ဆော့ကြသည်။ ဤသို့အားလပ်ချိန်လေးမှာ စာအုပ်၊ စာပေဖတ်ရကောင်းမှန်းမသိ။ စာကြည့်တိုက်ခန်းထဲ ဝင်ရကောင်းမှန်း အာရုံမရကြ။ ဤသို့အချိန်မျိုးတွင် အဆော့သန်ကြသောကလေးများကို စာဖတ်ရ ကောင်းမှန်း မသိရကောင်းလားဟု ဒေါမနဿစိတ်သည် ကျွန်တော့် ရင်၌ဖြစ်၏။ ထို့ကြောင့် ပုဆိုးကိုတိုတိုပြင်ဝတ်ပြီး ယခင်ဆရာကြီးလက် ထက်ကပင် ကျောင်းရုံးခန်းထဲ၌ရှိနေသော ကြိမ်လုံးကိုလှမ်းဆွဲပြီး ပြေးလွှားနေသော ကလေးများကို ကျွန်တော်ခပ်မြန်မြန်လျှောက်ပြီး ခပ်နာနာလေးခြောက်လှန့်ရိုက်တော့သည်။ ဤတွင် ဆရာမတွေက-
"ဆရာကြီး မုန့်စားဆင်းချိန်လေ မုန့်စားဆင်းချိန်ဆရာကြီး"တဲ့ဗျာ။ အဓိပ္ပာယ်က နေ့လယ်မုန့်စားဆင်းချိန်သည် ကလေးများအတွက်ကိုယ်ပိုင်လွတ်လပ်ခွင့်ရသည့်အချိန် ကျောင်းဝင်းတစ်ခုလုံးသည်လည်း ကလေးများ၏ ဆော့ကစားကွင်းဆိုသည့်သဘော။ ဆရာမများက ကလေးများဘက်က ရှေ့နေလိုက်ပေးကြ၏။ အရေးဆိုပေးကြ ပါ၏။
ဆက်လက်ဖော်ပြပါမည်။