တရားမဝင်စက်သုံးဆီများ၊ သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်စက်သုံးဆီများ၊ သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ  မန္တလေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်တွင် ကျောက်ဆည်မြို့နယ်၊ ရွှေသာလျောင်းတောင်၊  ကြိုးပြင်ကာကွယ်တောအနီး၌ တရားမဝင် သစ်ခုတ်ရာတွင် အသုံးပြုသည့် Komatsu ဘက်ဟိုးယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)ကို သစ်တောဥပဒေအရ လည်း‌ကောင်း၊  ဒီဇင်ဘာလ ၁၄ ရက်တွင် ရတနာပုံတံတား(မန္တလေး) စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ မုံရွာမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၅)မျိုး၊ စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၈၁၄၁၂)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀၀)နှင့် မန္တလေးမြို့မှ ရွှေဘိုမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ(၇၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၄၀၁၀)နှင့် အဆိုပါစက်သုံးဆီများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Pick Up မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းအနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်   လုပ်ငန်းသုံးပစ္စည်း (၁)မျိုး၊ စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၂၉၉၆၆၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Hino Profia Truck (၁)စီး၊ Isuzu Giga Truck (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀)၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကျောက်ဆည်တက္ကသိုလ် အနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၂၅၃၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  စက်မှုဇုန်ထုတ် Chin  Dwin Star Light Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀)နှင့် မြစ်ငယ် Dry Port အနီး၊  သော်တာဝင်းတိုးဂိတ်အကျော်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၀၀၄၅၂၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၆၄၂၉၀၂)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ MFD အိမ်ရာဝင်း၊ ကြယ်စင် (၄) လမ်းရှိ ဂိုဒေါင်(၁)လုံးအတွင်းမှ တရားဝင်   စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၄၇၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၅၈၃၉၉၀၂)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန်အစားထိုးပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး   နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။