စွမ်းရည်တိုးမြှင့် အားမာန်ဝင့် လက်ဆင့်ကမ်း အမွေပေးဖြန့်ဝေ ဂုဏ်တင့်တပ်မတော်(လေ)

 

စွမ်းရည်တိုးမြှင့် အားမာန်ဝင့် လက်ဆင့်ကမ်း အမွေပေးဖြန့်ဝေ ဂုဏ်တင့်တပ်မတော်(လေ)

 

(၇၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး

 

      မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ  ပေါက်ဖွားလာသည့် မျိုးချစ်တပ်မတော်ဖြစ်သည်။ နိုင်ငံတော်သည် ပြည်ထောင်စုတိုင်းရင်းသား ညီနောင်များ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့်  တပ်မတော်သည်လည်း ပြည်ထောင်စုညီအစ်ကိုမောင်နှမများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အပေါ် ကျရောက်လာမည့် အန္တရာယ်အပေါင်းကို     ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည်။ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ နိုင်ငံတော်အားထိပါးလာမည် ဆိုပါက ကာကွယ်တားဆီးရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်ပေး ဆောင်ရွက်ကြသည်များမှာ တပ်မတော်သားများပင်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်အပေါ် ကျရောက်ခဲ့သည့် အန္တရာယ်အသွယ်သွယ်အား ပြည်သူတို့နှင့်လက်တွဲပြီး အသက်သွေး၊ ချွေးပေါင်းမြောက်မြားစွာ  ပေးဆပ်လျက်  ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့် တပ်မတော်အား အစဉ်အလာကြီးမားသည့် မျိုးချစ်တပ်မတော်ဟု ဆိုရမည်ဖြစ်သည်။ တပ်မတော်ဆိုရာ၌လည်း တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) ဟူသည့်  “ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည်” ဟူသည့် ညီနောင်သုံးဖော်ပင်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံတပ်မတော်ကို အင်အားတိုးချဲ့ ဖွဲ့စည်းလျက်ရှိကြသည်။ မိမိတို့၏အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်နိုင်စွမ်းရှိသည့် ခေတ်မီပြီး အင်အားတောင့်တင်းသည့် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိကြသည်။ ကျွန်ုပ်တို့  အမိမြန်မာနိုင်ငံတော်သည်လည်း “အင်အားတောင့်တင်းခိုင်မာသည့် ခေတ်မီတပ်မတော်” ဖြစ်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပေသည်။ ခေတ်မီတပ်မတော်ဆိုရာတွင်    တပ်မတော်(ကြည်း)၏   စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ၊  လက်နက်ခဲယမ်းများ၊ အမြောက်/သံချပ်ကာ  ယန္တရားများ၊ မိုးလေဝသဆိုင်ရာ စက်ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ တပ်မတော်(ရေ)တွင်လည်း စစ်လက်နက်ပစ္စည်းများ ခေတ်နှင့်အညီ ဖြည့်ဆည်းပေးခြင်း၊ ရေငုပ်သင်္ဘောများ ဝယ်ယူဖြည့်ဆည်းပေးခြင်း၊ တပ်မတော်(လေ)အတွက်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် စွမ်းအားမြင့် လေယာဉ်/ ရဟတ်ယာဉ်များ  ဝယ်ယူဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ၎င်းနိုင်ငံတပ်မတော်အား ကာကွယ်ရေး စွမ်းအားတိုးတက်မြင့်မားရေး အစဉ်အမြဲကြိုးပမ်း လုပ်ဆောင်နေကြပေသည်။

ကျွန်ုပ်တို့နိုင်ငံအနေဖြင့်လည်း  အမိနိုင်ငံတော်အား ကျူးကျော်ထိပါး မခံရစေရေးအတွက်  တပ်မတော်အား   နည်းပညာအဆင့်အတန်းမြင့်မားပြီး ခေတ်မီလက်နက် များတပ်ဆင်အသုံးပြုနိုင်ရေး ကြိုးစားကြ ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအား  တိုးတက်မြင့်မားစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်သည်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့်အတိုင်း တပ်မတော်အင်အား ရှိရန်အတွက် တပ်မတော်အကြီးအကဲများက စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်လျက်ရှိပါသည်။ လက်ရှိစစ်ပွဲများအား လေ့လာသုံးသပ်ကြည့်ပါက နည်းပညာတိုးတက်မြင့်မားမှု၊ စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ စစ်လက်နက်ပစ္စည်းများ အသုံးပြုနိုင်မှု၊  အီလက်ထရောနစ်နည်းပညာ ကျွမ်းကျင်ပိုင်နိုင်မှု၊ လေကြောင်းအကဲသာမှုတို့သည် စစ်ပွဲ၏အနိုင်အရှုံးကို    အဓိကဆုံးဖြတ်ပေးနိုင်ကြောင်း    မြင်တွေ့နိုင်ပေသည်။ လေကြောင်းအားသာမှု၏ အရေးပါမှုကို တပ်မတော်(လေ) စတင်ဖွဲ့စည်းစဉ်အခါကပင် ကောင်းစွာသိရှိနားလည်ခဲ့ရသည်။

တပ်မတော်(လေ)အား ၁၉၄၇ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်တွင်  စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။   ၂၀၂၄  ခုနှစ်ဒီဇင်ဘာလ  ၁၅  ရက်တွင် (၇၇)နှစ်မြောက်နှစ်ပတ်လည်နေ့သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ တပ်မတော်(လေ)သည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး ယခုအခါ   စွမ်းရည်ထက်မြက်သော လေတပ်တစ်ခုအဖြစ် စိန်ရတုအလွန်နှစ်များတွင် ခံ့ညားထည်ဝါစွာရောက်ရှိခဲ့ပြီဖြစ်သည်။  စတင်ဖွဲ့စည်းစအချိန်ကပင် ခက်ခဲကြမ်းတမ်းသော   ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည်။ စတင်ဖွဲ့စည်းစဉ်တွင် Tiger Moth နှင့် Gipsy Moth လေယာဉ်အနည်းငယ်တို့သာရှိခဲ့သည်။ တပ်မတော်(လေ)သက်တမ်း လသားအရွယ်မှာပင် အခက်အခဲမျိုးစုံဖြင့်ရင်ဆိုင်ခဲ့ရသည်။   ၁၉၄၈   ခုနှစ် ဇန်နဝါရီလ  ၄  ရက်တွင် လွတ်လပ်ရေး ရရှိသည်။ ပါတီများသဘောထား ကွဲလွဲပြီး   တောခိုမှုများ ပေါ်ပေါက်လာကာ လက်နက်ကိုင်သောင်းကျန်းမှုများ၊ ရောင်စုံသူပုန်များ နေရာအနှံ့ပေါ်ပေါက်လာ ခဲ့သည်။  တပ်မတော်(လေ)အနေဖြင့် လူအင်အား၊  လေယာဉ်အင်အားနှင့် စစ်လက်နက်ပစ္စည်း မပြည့်စုံသော်လည်း တပ်မတော်(ကြည်း) တပ်ရင်းများနှင့်လက်တွဲပြီး       တိုက်ပွဲဝင်ခဲ့သည်။ လေကြောင်းပစ်ကူပေးခဲ့သည်။ မိမိ၌ရှိသည့်လေယာဉ်ကို လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့်ခဲ့ကြသည်။   ရရာလက်နက်စွဲကိုင်လျက် တိုက်ပွဲဝင်ခဲ့သည်။ လေယာဉ်တွင် တပ်ဆင်အသုံးပြုနိုင်သည့် စက်သေနတ်များ အသုံးမပြုနိုင်သေးသော်လည်း သေနတ်သမားက လေယာဉ်ပေါ်မှ စက်သေနတ်ကိုင်၍ မြေပြင်သို့ ပစ်ကူပေးနိုင်ခဲ့သည်။   မိမိတို့တွင်ရှိသည့်ဗုံးဖြင့် လေယာဉ်ပေါ်မှ   ပစ်ချပေးနိုင်ခဲ့သည်။ ရောင်စုံသောင်းကျန်းမှုများသည် တိုင်းပြည်အတွင်း နေရာအနှံ့ဖြစ်ပွားနေခြင်းကြောင့် တပ်မတော်အင်အားရှိရန် လိုအပ်လှသည်။ တပ်မတော်(လေ)သည်လည်း အင်အားတောင့်တင်းရန် လိုအပ်ကြောင်း သိရှိလာကြသည်။ ထို့ကြောင့် တတ်နိုင်သမျှဖြင့် လေယာဉ်များ   ဖြည့်ဆည်းခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဧပြီလအတွင်း Spit Fire လေယာဉ်များဖြင့်   ထိရောက်သော လေကြောင်းပစ်ကူများ ပေးနိုင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းသူများအား Spit Fire နှင့် Oxford လေယာဉ်များ အသုံးပြုလျက်တိုက်ပွဲဝင်ခဲ့သည်။ ပြည်တွင်း၌ ရောင်စုံသောင်းကျန်းမှုများ ဖြစ်ပေါ်နေသည်ကို အခွင့်ကောင်းယူ၍ ကူမင်တန်တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်  ဇန်နဝါရီလတွင် တရုတ်ကူမင်တန်တပ်များ ကျိုင်းတုံ နယ်သို့ဝင်ရောက်ခဲ့ပြီး မိုင်းယန်း၌ တပ်စွဲခဲ့ကြသည်။  ထိုနှစ် ဇွန်လအတွင်း၌ပင် ကျိုင်းတုံ/ တာချီလိတ် လမ်းမကြီးအတိုင်း ဆင်းလာကြပြီး   တာချီလိတ်မြို့အထိ သိမ်းပိုက်လိုက်ကြသည်။ ၁၉၅၁ ခုနှစ် နှစ်ဦးပိုင်းတွင်  သံလွင်မြစ်အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ ကူးလာခဲ့ကြသည်။   ၎င်းတို့ရောက်ရှိခဲ့သည့် နယ်မြေများအတွင်း ဘိန်းစိုက်ကြသည်။ ဘိန်းချက်သည်။ ဘိန်းကုန်ကူးကြသည်။ ဒေသခံတိုင်းရင်းသားများကို ကြေးစားတပ်သားအဖြစ် သိမ်းသွင်းခဲ့ကြသည်။

၁၉၅၁  ခုနှစ်အတွင်း  ကျူးကျော်သူတရုတ်ဖြူတပ်များသည် အင်အား ၄၀၀၀ ခန့်ဖြစ်လာခဲ့သည်။  ၁၉၅၃ ခုနှစ်တွင် ကျူးကျော်သူအင်အား ပိုမိုများပြားလာခဲ့သည်။ မော်ချီး၊ လှိုင်းဘွဲ့၊ ကရွတ်ပိကမ်းရိုးတန်းအထိ   ရောက်ရှိအခြေပြုလာကြသည်။  အမိမြန်မာနိုင်ငံတော်အတွက် ကြီးမားသောအန္တရာယ်ဖြစ်သည်။ ပြည်ပ ကျူးကျော်မှုခံရသည့်အတွက် အမျိုးသားရေး လိုအပ်ချက်ကား   ကျူးကျော်သူကို မောင်းထုတ်နိုင်ရန်ပင်ဖြစ်သည်။ ထိုတာဝန်ကား တပ်မတော်၏တာဝန်ပင်ဖြစ်သည်။ တပ်မတော်သည် ရွှေလင်းယုန်စစ်ဆင်ရေး၊ ပြည်သာယာစစ်ဆင်ရေး၊ အောင်ရန်နိုင် စစ်ဆင်ရေးနှင့် ရဲမာန်အောင်စစ်ဆင်ရေး စသည့်စစ်ဆင်ရေးကြီးများဖြင့်   ဒေသအလိုက်   စစ်ဆင်ရေးများဆင်နွှဲခဲ့ပြီး ကူမင်တန်တို့ကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ ပြည်တွင်းသောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲများတွင်  တပ်မတော်(ကြည်း)နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့သည့် တပ်မတော်(လေ)အနေဖြင့် လေကြောင်းစစ်ဆင်မှု အတွေ့အကြုံများ   တိုးတက်နေပြီဖြစ်သည်။ Spit Fire၊ Oxford လေယာဉ်များအပြင် သယ်ယူပို့ဆောင်ရေးအတွက် Dakota လေယာဉ်များ၊ Chipmunk လေယာဉ်များပါ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင်    အမောင်းသင်လေယာဉ်အဖြစ် Vampire T-55 လေယာဉ်များပါ ဝယ်ယူအင်အားဖြည့်တင်းနိုင်ခဲ့ပြီဖြစ်သည်။

၁၉၄၉ ခုနှစ်မှစတင်၍ ကျူးကျော်ဝင်ရောက်ခဲ့သည့်  ကူမင်တန်တရုတ်ဖြူများအား တိုက်ထုတ်ရာတွင် တပ်မတော်(လေ)သည် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခြင်း၊ လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ဆောင်ပေးခြင်း၊ လူနာသယ်ပို့ခြင်းများ ဆောင်ရွက် ခဲ့သည်။  ၁၉၅၄ ခုနှစ် မတ်လအတွင်း ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင်စစ်ဆင်ရေး၊ ၁၉၆၀ ပြည့် နှစ်တွင် မဲခေါင်စစ်ဆင်ရေး စသည်ဖြင့် လေကြောင်းမှ စစ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မဲခေါင်စစ်ဆင်ရေးတွင် ရန်သူ၏ရိက္ခာပို့လေယာဉ် အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီးနှင့်  မြန်မာ့တပ်မတော်(လေ)၏   Seafury   တိုက်လေယာဉ်သုံးစင်းတို့ ဝေဟင်၌ စီးချင်းထိုးခဲ့ကြသည်။

ရန်သူ၏လေယာဉ်သည် မီးလောင်ပျက်စီးကျဆုံးခဲ့ပြီး  မိမိတို့၏တိုက်လေယာဉ်သုံးစင်းမှ ဗိုလ်ပီတာ၏ လေယာဉ်ပျက်ကျပြီး လေသူရဲပါကျဆုံးခဲ့ရသည်။ ကူမင်တန်တို့၏ ကျူးကျော်စစ်မှာ မဲခေါင်စစ်ဆင်ရေးတွင်အဆုံးသတ်ပြီး  မြန်မာ့မြေမှ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော် တပ်မတော်(လေ)၏ အောင်ပွဲအဖြစ် မမေ့နိုင်သော တိုက်ပွဲများပင် ဖြစ်သည်။  တပ်မတော်၏ အမျိုးသားရေးအောင်ပွဲပင်ဖြစ်သည်။

တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များသည် စတင်ဖွဲ့စည်းစဉ်ကပင် သင်ခန်းစာ အမျိုးမျိုးရရှိခဲ့သည်။ အောက်သက်ကျေခဲ့ကြသည်။ “အားမတန်သော်လည်း မာန်မလျှော့”ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ စသည့် စိတ်ဓာတ်ဖြင့်   တိုက်ပွဲဝင်ခဲ့ကြသည်။ မလျှော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လ ဝီရိယ၊ သူမတူသောသတ္တိတို့ဖြင့် စစ်ပွဲဆင်နွှဲခဲ့ကြသည်။   မိမိတို့တိုင်းပြည်၏ စီးပွားရေး အခြေအနေအရ လိုက်လျောညီထွေဖြစ်မည့် လေယာဉ်/ ရဟတ်ယာဉ်နှင့် စစ်လက်နက်ပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။ တိုက်ပွဲတစ်ခုအောင်မြင်နိုင်ရေးအတွက် လူသားအရင်းအမြစ်များ၊ စစ်လက်နက်ပစ္စည်းအရင်းအမြစ်များ အရေးပါမှုကို သဘောပေါက်နားလည် ခဲ့ကြသည်။ တပ်မတော်အကြီးအကဲများသည်လည်း ခေတ်အဆက်ဆက် လေယာဉ်/ရဟတ်ယာဉ်များ ဝယ်ယူဖြည့်ဆည်းပေးခဲ့သည်။ တပ်မတော်(လေ)ပေါက်ဖွားလာသည့် နှစ်ပတ်လည်နေ့ အခမ်းအနားများတွင် လေယာဉ်/ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကျင်းပဆင်နွှဲပေးခဲ့သည်။ ယခုအခါ စိန်ရတုလွန်နှစ်များအတွင်း (၁၅)ကြိမ်မြောက်အထိ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည်။   နိုင်ငံတကာနှင့်ဒေသအတွင်း    နိုင်ငံအသီးသီး၏ လေကြောင်းစွမ်းအား တိုးတက်တည်ဆောက်နေမှုကိုလည်း အစဉ်အမြဲလေ့လာ သုံးသပ်သွားရမည်ဖြစ်သည်။ မိမိတို့၏ တပ်မတော်(လေ)အား လေကြောင်းစွမ်းအားနှင့် လေကြောင်းအာကာသစွမ်းအားကို ပိုင်ဆိုင်သည့် ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်စေရေး အချိန်နှင့်တစ်ပြေးညီ တွေးတောကြံဆလုပ်ဆောင် ကြရပေမည်။ အကောင်အထည်ဖော် ဆောင်ရွက်နေရမည်ဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများအား လေ့လာကြမည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါလှသည်ကို  တွေ့ရှိရမည်ဖြစ်သည်။ လေကြောင်းစွမ်းအား သာလွန်မှုသည် ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး မိမိတပ်များ၏ စိတ်ဓာတ်နှင့်တိုက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ တပ်မတော်များအနေဖြင့် လေကြောင်းစိုးမိုးမှု၊ လေကြောင်းအရေးသာမှု ရရှိရေးအတွက် အဓိကထားဆောင်ရွက် လာကြသည်ကို  တွေ့ရှိရမည်ဖြစ်သည်။   တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များအနေဖြင့် စတင်ဖွဲ့စည်းစဉ်မှစ၍ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ လူ့စွမ်းအားအရင်းအမြစ်များကို အစွမ်းကုန် စိုက်ထုတ်ခဲ့ကြသည်။ အရာရှိ/ စစ်သည်များအဆက်ဆက်  ကောင်းမွေများကို လက်ဆင့်ကမ်းသယ်ဆောင်လာကြသည်။ မြင့်မားသော လေကြောင်းစွမ်းအားပိုင်ဆိုင်ရေးအတွက် အမြဲလေ့ကျင့်လျက်ရှိသည်။

တိုက်ပွဲဝင်အသင့်ဖြစ်ရေး အမြဲလုပ်ဆောင်လျက်ရှိသည်။ တပ်မတော်အကြီးအကဲများမှ ခေတ်မီလေယာဉ်/ ရဟတ်ယာဉ်များ၊ ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ ခေတ်မီအီလက်ထရောနစ် ပစ္စည်းများနှင့် မိုးလေဝသဆိုင်ရာနည်းပညာမြင့်မားသည့် စက်ပစ္စည်းများအား ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များသည်လည်း စစ်နည်းဗျူဟာကျွမ်းကျင်ရေး၊ လေကြောင်းအကဲသာမှုရရှိရေး၊ အီလက်ထရောနစ်နည်းပညာသာလွန်ကောင်းမွန်ရေး၊   ခေတ်မီစစ်လက်နက်ပစ္စည်းများအား  အကျိုးရှိရှိ အသုံးချနိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိပေသည်။ နည်းပညာများ တိုးတက်ပြောင်းလဲ လာသည်နှင့်အတူ ကျင့်သုံးလာသည့် စစ်နည်းဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေး အလေးအနက် ထားပြီး   လုပ်ဆောင်လျက်ရှိပေသည်။

တပ်မတော်(လေ)တွင် အဓိကသင်ကြားပို့ချပေးလျက်ရှိသည့် လေယာဉ်မောင်းသင်ကျောင်း၊ လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်း၊ စက်မှုလက်မှုအတတ်သင်ကျောင်း၊ အီလက်ထရောနစ် အတတ်သင်ကျောင်းနှင့် အုပ်ချုပ်ရေးအတတ်သင်ကျောင်း စသည့် သင်တန်းကျောင်းကြီး ငါးကျောင်းမှလည်း အရည်အချင်း၊ အရည်အသွေးထက်မြက်သည့် အရာရှိ/စစ်သည်များ မွေးထုတ်ပေးလျက်ရှိသည်။ ခေတ်မီပြောင်းလဲ တိုးတက်နေသည့် နည်းပညာများနှင့်အတူ လိုက်လျောညီထွေဖြစ်စေမည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများအား “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဟူသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက် ရှိနေပေသည်။  တပ်မတော်(လေ)အနေဖြင့် သမိုင်းကြောင်းတစ်လျှောက်တွင် ပိုင်နက်ဝေဟင်စိုးမိုးရေးနှင့် လေကြောင်းရန်ကာကွယ်ရေးသာမက ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပသောင်းကျန်းမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊  သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုတို့နှင့်အတူ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သုံးသပ်ကြည့်မည်ဆိုပါက အမျိုးမျိုးသော အကြမ်းဖက် အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုများအား နေရာအနှံ့အပြားတွေ့ရှိနေကြရပေမည်။ အကြမ်းဖက်များကျူးလွန်ခဲ့ကြသည့်လုပ်ရပ်များသည်လည်း နိုင်ငံတကာသတ်မှတ်ထားသည့် အကြမ်းဖက်ပုံစံများနှင့်   ထပ်တူညီဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် နယ်မြေဒေသများတည်ငြိမ် အေးချမ်းသာယာရေးအတွက်၊ ပြည်သူများ၏ လူနေမှုဘဝအေးချမ်း သာယာရေးအတွက် အကြမ်းဖက်များ၊ လက်နက်ကိုင်သောင်းကျန်းသူများအား တပ်မတော်မှ တရားသောစစ် ဆင်နွှဲလျက်ရှိပေသည်။   တပ်မတော်(လေ)အနေဖြင့်လည်း   တပ်မတော်(ကြည်း) လက်ရုံးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆင်နွှဲလျက်ရှိပေသည်။

လေကြောင်းစွမ်းအားကို  ထိရောက်စွာ အသုံးချလျက် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလျက်ရှိပေသည်။   တပ်မတော်(လေ)၏ဖြတ်သန်းခဲ့သည့် (၇၇)နှစ်တာကာလအတွင်း သမားရိုးကျစစ်ဆင်ရေးများ၊ သမားရိုးကျမဟုတ်သည့်စစ်ဆင်ရေးများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပေးအပ်သည့်  တာဝန်များကို အားကြိုးမာန်တက် ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ပေသည်။

တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များအနေဖြင့် နိုင်ငံတကာနှင့် ဒေသအတွင်း နိုင်ငံအသီးသီး၏ လေကြောင်းစွမ်းအား တိုးတက်တည်ဆောက်နေမှုကိုလည်း အချိန်နှင့်တစ်ပြေးညီ လေ့လာသုံးသပ်လျက်ရှိပေသည်။ မိမိတို့တပ်မတော်(လေ)၏ ဖြတ်သန်းခဲ့ရသည့် ကာလတစ်လျှောက် အတွေ့အကြုံများမှ သင်ခန်းစာရယူလျက်  အနာဂတ်ကာလတွေ့ကြုံရမည့် စစ်ပွဲများအတွက် အောင်မြင်စွာလုပ်ဆောင်နိုင်ရေး နည်းလမ်းကောင်းများကို ရှာဖွေလက်ဆင့် ကမ်းခဲ့ကြပေသည်။ ယနေ့တပ်မတော်(လေ)တွင် စတုတ္ထမျိုးဆက်လွန် လေယာဉ်များပိုင်ဆိုင်နေပြီဖြစ်သည်။ တပ်မတော်(လေ)၏  အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားများကိုလည်း လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။ မဟာဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက်လေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ် ကူးပြောင်းရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။    

တပ်မတော်အကြီးအကဲများအနေဖြင့် တပ်မတော်(လေ)အား ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ပေးလျက်ရှိသည်။  တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များသည်လည်း  သမိုင်းအဆက်ဆက် တာဝန်ကျေခဲ့ကြသူများဖြစ်သည်။ ရှေ့ဆက်၍လည်း တိုင်းပြည်၏တာဝန်များကို ကျရာအခန်းကဏ္ဍမှ အသက်ပေး ထမ်းဆောင်သွားမည့်သူများဖြစ်သည်။ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို  အစဉ်ဦးထိပ်ပန်ဆင် သွားမည့်သူများဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် အသက်စွန့်ထမ်းဆောင်သွားမည့်သူများဖြစ်သည်။  အမိမြေ၊ အမိရေ၊ အမိဝေဟင်ပိုင်နက်များအား အသက်ပေးကာကွယ်စောင့်ရှောက်လျက် တပ်မတော်(လေ)၏ ဂုဏ်၊ တပ်မတော်၏ဂုဏ်ကို  မြှင့်တင်ဆောင်ရွက်သွားမည့်သူများဖြစ်သည်။

တပ်မတော်(လေ)သည် နိုင်ငံတကာအဆင့်မီ ခေတ်မီလေတပ်မတော်ဖြစ်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် လေယာဉ်/ ရဟတ်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင်ပျံသန်းနိုင်ရေး အစဉ်အမြဲ လေ့ကျင့်လျက်ရှိပေသည်။ တပ်ဆင်ထားသည့် လက်နက်ပစ္စည်းများအား  ရည်မှန်းချက်သို့  ထိရောက်စွာ ပစ်ခတ်နိုင်ရေး စဉ်ဆက်မပြတ်လေ့ကျင့် လျက်ရှိပေသည်။ စစ်ဆင်ရေးများအတွက် နေ့ညအချိန်အခါနှင့်   ရာသီဥတုမရွေး ထမ်းဆောင်နိုင်ရေး အသင့်ဖြစ်နေမည့် တပ်မတော်(လေ)ဖြစ်သည်။ တပ်မတော်(လေ)အနေဖြင့်  စစ်ဆင်ရေးအတွက် အသင့်ဖြစ်နေစေရေး လေ့ကျင့်ဆောင်ရွက် နေသကဲ့သို့ တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကိုလည်း မပြတ်လုပ်ဆောင်လျက်ရှိပေသည်။ တပ်မတော်၏အစဉ်အလာကောင်းများအား မျိုးဆက်သစ်များမှ    ဆက်လက်ထိန်းသိမ်းလျက် အဘက်ဘက်မှ ကောင်းမွန်ပြည့်စုံသည့် တပ်မတော်(လေ)အဖြစ် တည်ဆောက် သွားမည်ဖြစ်သည်။

အမိနိုင်ငံတော်၏ လက်ရှိအခြေအနေတွင် မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။  အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်သာအဓိကဖြစ်သည်။     ထို့ကြောင့် တပ်မတော်အား အင်အားတောင့်တင်းပြီး ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်အောင် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တပ်မတော်(လေ)သည်လည်း နည်းပညာမြင့်မား တိုးတက်သည့် လေယာဉ်/ ရဟတ်ယာဉ်များအား အထိုက်အလျောက်    ပိုင်ဆိုင်နေပြီဖြစ်သည်။

တိုက်ပွဲဝင်လေယာဉ်များအား စတုတ္ထမျိုးဆက်အဆင့်သို့ပင်   တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်များအနေဖြင့် လက်ဝယ်ပိုင်ဆိုင်နေသည့် လေယာဉ်/ ရဟတ်ယာဉ်များဖြင့် အဆင့်မြင့် စစ်လက်နက်ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရမည်ဖြစ်သည်။ တွေ့ကြုံနေရသည့် စစ်ပွဲများတွင် အကျိုးရှိစွာ  တိုက်ပွဲဝင်နိုင်ရမည်ဖြစ်သည်။ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲများအတွက် ပိုမိုမြင့်မားတိုးတက်သည့် လေကြောင်းစွမ်းပကားများကို ပိုင်နိုင်စွာအသုံးပြုနိုင်ရန် လက်ဆင့်ကမ်းအမွေများ ဖြန့်ဝေပေးသွား ရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ တပ်မတော်(လေ)သည် မိမိတို့တပ်ရှိ အရာရှိ/ စစ်သည်များအား စိတ်ဓာတ်အင်အားမြှင့်တင်လျက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားစေရေး လေ့ကျင့်ဆောင်ရွက်သွားရမည်ဖြစ်သည်။ လေကြောင်းအရေးသာမှုရရှိရေး၊ မြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင်သည့် လေတပ်မတော်ဖြစ်စေရေး   အလေးအနက်ထား    ဆောင်ရွက်သွားကြပါစို့၊ တပ်မတော်(လေ)ကို ကျစ်လျစ်ပြီး စွမ်းရည် ထက်မြက်သည့် အီလက်ထရောနစ်စွမ်းအားမြင့်မားသည့် ခေတ်မီတပ်မတော်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့ဟု (၇၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အား    ဂုဏ်ပြုရေးသားလိုက်ရပါကြောင်း။     ။