ဝမ်းဗိုက်အဆီကျစေရေး ဆောင်ရန် ရှောင်ရန်နည်းလမ်းများ

ဝမ်းဗိုက်အဆီကျစေရေး ဆောင်ရန် ရှောင်ရန်နည်းလမ်းများ

ဒေါက်တာလွင်သန့်

ဝမ်းဗိုက်အဆီချဖို့ဆိုရင် ကယ်လိုရီစားသုံးမှုကိုလျှော့ချပြီး နေ့စဉ်လေ့ကျင့်ခန်းနာရီဝက်ကနေ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပြီး ခန္ဓာကိုယ်အဆီတွေလျှော့ချနိုင်ပါတယ်။ခန္ဓာကိုယ်အဆီတွေကိုလျှော့ချရတာထက် ဝမ်းဗိုက်အဆီတွေကို လျှော့ချရတာက ပိုပြီးခက်ခဲပါတယ်။  ဝမ်းဗိုက်အဆီချဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

သံပရိုသီးအသုံးပြုသင့်ပါတယ်။ နံနက်ခင်းမှာ ရေနွေးပူပူတစ်ခွက်ထဲကို သံပရိုသီးအကွင်းလိုက်ထည့်ပြီး သောက်ပေးသင့်ပါတယ်။ အစာစားတိုင်းမှာလည်း ရေများများသောက်ပေးသင့်ပါတယ်။ တစ်နေ့ကိုရေ (၁-၂)လီတာလောက် သောက်ပေးသင့်ပါတယ်။

မှန်ကန်စွာစားသောက်သင့်ပါတယ်။အစားအသောက်တွေကိုမှန်ကန်စွာစားသောက်တာက အဆီပိုတွေမတက်အောင်ကာကွယ်နိုင်တဲ့အပြင် ရှိပြီးသားကိုယ်တွင်းအဆီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ပါတယ်။   ပရိုတင်းအတွက် ကြက်သား၊ အမဲသား၊ငါး၊ ဥအမျိုးမျိုးနဲ့ချိစ် စတဲ့မလိုင်ဖယ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေစားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်အနေနဲ့  ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်တို့စားသင့်ပါတယ်။ သစ်သီးမှာဆိုရင် ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီးစားပေးနိုင်ပါတယ်။ အဆီမှာဆိုရင် မပြည့်ဝဆီအမျိုးအစားဖြစ်တဲ့ သံလွင်ဆီ၊ငါးကြီးဆီ၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့အစေ့အဆန်တွေစားနိုင်ပါတယ်။

ဘယ်ရီသီးစားသင့်ပါတယ်။ မွန်းတည့် ၁၂ နာရီမတိုင်မီ တစ်နေ့ကိုသစ်သီးတစ်မျိုးစားပေးသင့်ပါတယ်။ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ခရင်မ်ဘယ်ရီသီး စတဲ့ဘယ်ရီသီးတစ်မျိုးမျိုးကိုစားတာက ဝမ်းဗိုက်အဆီတွေကိုကျဆင်းစေပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်အောင်စားသင့်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေစားသုံးတာက ဝမ်းဗိုက်အဆီတွေကိုလျော့နည်းစေပါတယ်။ အမျှင်ဓာတ်များစွာပါဝင်လို့ အူလမ်းကြောင်းလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ပါတယ်။

လက်ဖက်စိမ်းရည်သောက်သင့်ပါတယ်။ လက်ဖက်စိမ်းမှာ ခန္ဓာကိုယ်အလေးချိန်ကိုကျဆင်းစေတဲ့ပိုလီဖီနောတွေများစွာပါဝင်ပါတယ်။လေ့လာမှုတွေအရ လက်ဖက်စိမ်းရည်က ဇီဝဖြစ်ပျက်မှုကိုကောင်းစေပြီး ခန္ဓာကိုယ်တွင်းအဆီတွေကို ချေဖျက်ပေးတာကိုတွေ့ရပါတယ်။အင်တီအောက်စီးဒင့်(Antioxidants)တွေလည်း များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်တွင်းဓာတ်တိုးဖြစ်စဉ်တွေမဖြစ်ပွားအောင်  တားဆီးပေးပါတယ်။

အရည်များများသောက်သင့်ပါတယ်။ အရည်များများသောက်တာကဝမ်းဗိုက်အဆီလျော့နည်းသွားစေဖို့ ကူညီပေးပါတယ်။  အရည်များများသောက်ရင် ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုကိုကောင်းစေပြီး အစာ ချေဖျက်မှုကိုကောင်းစေပါတယ်။ ဒါပေမဲ့ သောက်တဲ့အရည်က အချို ရည်မဖြစ်ဖို့လိုပါတယ်။  အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တဲ့Detox water မျိုး၊ လက်ဖက်စိမ်းရည်၊ သောက်ရေသန့် စတာမျိုးတွေသောက်သင့်ပါတယ်။

  ဗာဒံစေ့စားသင့်ပါတယ်။ ဗာဒံစေ့က ကိုယ်တွင်းအဆီတွေကိုလျော့နည်းစေပြီး ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရရှိစေပါတယ်။နံနက်ခင်းမှာ ဗာဒံစေ့ ခြောက်စေ့လောက်စားထားရင် ပရိုတင်းရရှိစေလို့   အဆီတွေလောင်ကျွမ်းစေပါတယ်။  ဗာဒံစေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေပါဝင်လို့ သွေးတွင်းမကောင်းတဲ့အဆီဓာတ်လျော့ နည်းစေပါတယ်။

 ကျန်းမာရေးနဲ့ညီညွတ်တဲ့နံနက်စာစားသင့်ပါတယ်။ နံနက်စာကို ပြည့်ဝစွာစားရင်တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့လန်းဆန်းစေ ပါတယ်။ နံနက်စာကို အဝစားသင့်ပါတယ်။ ဒါမှ တစ်နေ့တာဆောင်ရွက် မယ့်လုပ်ငန်းတွေကို စွမ်းအင်အပြည့်နဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာ   စားသုံးဖို့တော့လိုပါတယ်။  ကယ် လိုရီများတဲ့အစားအစာတွေ၊ သကြား၊ အချိုများတဲ့အစားအစာတွေရှောင်ကြဉ်သင့်ပါတယ်။

အဆီလောင်ကျွမ်းစေတဲ့အစားအစာတွေစားသင့်ပါတယ်။  အစာစား တဲ့အခါမှာ ခန္ဓာကိုယ်တွင်းအဆီကိုလောင်ကျွမ်းစေတဲ့အစာတွေကို ရွေးချယ်စားသင့်ပါတယ်။ အဆီကိုလောင်ကျွမ်းစေတဲ့အစာတွေက ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုကိုကောင်းစေပြီး အဆီတွေကိုလျော့နည်းစေပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ လက်ဖက်စိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲကြီးစေ့၊ ဂရိတ်ဖရု၊ ဖရဲသီး၊ ပန်းသီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ချင်း၊  သင်္ဘောသီး စတာတွေက ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပါတယ်။

ယောဂကျင့်သင့်ပါတယ်။ နံနက်ခင်းမှာယောဂကျင့်တာက ဝမ်းဗိုက် အဆီတွေကို အလျင်အမြန်ကျဆင်းစေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။    နေ့စဉ်ပုံမှန်  လေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့လိုပါတယ်။ တစ်ပတ်ကိုအနည်းဆုံး ငါးရက်လောက်ပြုလုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးတဲ့အခါ နေ့စဉ်စားသောက်လို့ပိုလျှံတဲ့ကယ်လိုရီတွေကို ချွေးအဖြစ်စွန့်ထုတ်ပစ်နိုင်လို့ အဆီစုခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါတို့မှကင်းဝေးစေပါတယ်။ လေ့ကျင့်ခန်းက ဝမ်းဗိုက်အဆီလျော့ကျရုံမကကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။ လေ့ကျင့်ခန်းလုပ်သလိုအစားအစာကိုလည်း ကျန်းမာရေးနဲ့ညီညွတ်စွာစားသင့်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချသင့်ပါတယ်။  စိတ်ဖိစီးမှုများရင် ကော်တီဆုန်း (Cortisone)ဟော်မုန်းတွေများလာပြီး  ကြွက်သားတွေကိုဖြိုခွဲကာဝမ်းဗိုက်မှာအဆီတွေနေရာယူလာတတ်ပါတယ်။ စိတ်ဖိစီးမှုကိုအတတ်  နိုင်ဆုံးလျှော့ချလိုက်ရင်  ဝမ်းဗိုက်အဆီတွေကိုလျှော့ချပြီးသားဖြစ်ပါ တယ်။  စိတ်ဖိစီးမှုများတဲ့အခါ အချိုစာတွေပိုပြီးစားချင်လာပြီး အထိန်းအကွပ်မရှိစားသုံးတာကြောင့် အဆီတွေပိုတက်လာ‌စေပါတယ်။ အနားယူတာ၊   တရားထိုင်တာ၊     အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေပြုလုပ်ပြီး စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်။ ဗီတာမင် C စားသုံးပြီးကော်တီဆုန်းဟော်မုန်းပမာဏလျှော့ချနိုင်ပါတယ်။

အိပ်ချိန်ပုံမှန်‌ခြောက်နာရီရှိအောင်အိပ်စက်သင့်ပါတယ်။ အိပ်ရေးပျက် များတာ၊ ညဉ့်နက်မှအိပ်စက်တာတွေက ခန္ဓာကိုယ်မှာအဆီတွေစုပြီး ဝစေပါတယ်။ အိပ်ချိန်ပုံမှန်ရှိဖို့လိုအပ်ပါတယ်။  ငါးနှစ်ကြာ ပြုလုပ်တဲ့လေ့လာမှုအရ  တစ်ညကို  အိပ်ချိန်(၆-၇)နာရီအိပ်စက်သူတွေနဲ့  အိပ်ချိန် ငါးနာရီအောက်အိပ်စက်သူတွေကို    နှိုင်းယှဉ်ကြည့်တဲ့အခါ အိပ်ချိန် (၆-၇) နာရီ အိပ်စက်သူတွေက ဝမ်းဗိုက်အဆီတွေ  ပိုပြီးလျှော့ချနိုင်တာကိုတွေ့ရပါတယ်။ အိပ်မပျော်တဲ့အခါ ဗိုက်ဆာတတ်ပြီး အချိန်လွန်မှ  အစာစားမိတတ်ကြပါတယ်။  ညဘက်မှာလှုပ်ရှားမှုကလည်းနည်းသွားတာကြောင့်    စားလိုက်တဲ့အစာတွေက ဗိုက်မှာအဆီတွေစုလာပြီး အဝလွန်စေပါတယ်။

ဆော်ဒါပါဝင်တဲ့အချိုရည်တွေမသောက်သင့်ပါဘူး။  ဆော်ဒါပါဝင်တဲ့ အချိုရည်တွေသောက်သုံးတာက အာဟာရမရရှိဘဲ ကယ်လိုရီရရှိမှုကိုသာများစေပါတယ်။ သကြားပါဝင်ပြီး ဝမ်းဗိုက်အဆီတွေများစေပါတယ်။ အချိုရည်တွေသောက်သုံးမယ့်အစား  လတ်ဆတ်တဲ့သစ်သီးတွေကိုသကြားမထည့်ဘဲ သဘာဝအတိုင်းဖျော်သောက်သင့်ပါတယ်။

ရေဆာရင်ရေကိုသာသောက်သင့်ပါတယ်။ အရက်၊ ဘီယာမသောက်သင့်ပါဘူး။ အရက်နဲ့ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို ခဏအတွင်းညစ်နွမ်းစေလို့ ရေဆာရင် ရေများများသောက်ပေးဖို့လိုပါတယ်။

ဆေးလိပ်နဲ့ကွမ်း ဖြတ်သင့်ပါတယ်။ ဆေးလိပ်နဲ့ကွမ်းမှာ ဆေးရွက် ကြီးကို အခြေခံပြုလုပ်ထားပြီး နီကိုတင်းအပါအဝင် ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေလို့    ပါးစောင်ကင်ဆာ၊  လျှာကင်ဆာ၊  ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာတို့ဖြစ်စေနိုင်တာကြောင့်  ဆေးလိပ်နဲ့ကွမ်း ဖြတ်သင့်ပါတယ်။   အီးစီးကရက်နဲ့မဖြတ်သင့်ပါဘူး။  အီးစီးကရက်မှာ  နီကိုတင်းနဲ့ ရနံ့ထည့်ထားလို့ စီးကရက်လိုပဲ ကျန်းမာရေးထိခိုက်စေလို့ ဆေးလိပ်ဖြတ်ချင်ရင် တိခနဲဖြတ်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။            ။