သမိုင်းကောင်းများနှင့် မှတ်ကျောက်တည် သမားဇာနည် အောင်စစ်သည်

 

သမိုင်းကောင်းများနှင့် မှတ်ကျောက်တည်  သမားဇာနည် အောင်စစ်သည်

 

{တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)  သင်တန်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး)

    လူသားတစ်ဦးချင်း၊  မိသားစုတစ်စုချင်းစီရဲ့ အနှစ်သာရဟာ အသက်ရှည်ကျန်းမာစွာ နေထိုင်လိုခြင်း၊  အေးချမ်းတည်ငြိမ်ခြင်းနဲ့ ရရှိထားတဲ့   အေးချမ်းတည်ငြိမ်မှုတွေ  ထာဝရတည်တံ့ရေး    လို့ဆိုလျှင်မှားနိုင်မည် မထင်ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အနှစ်သာရကောင်း တစ်ရပ်ဟာလည်း ထို့အတူပါပဲ။  နိုင်ငံသူနိုင်ငံသားတိုင်း  သက်ရှည်ကျန်းမာရေး၊  နိုင်ငံတွင်း အေးချမ်းတည်ငြိမ်ရေး၊    ရရှိထားတဲ့ငြိမ်းချမ်းရေး အနှစ်သာရကောင်းများ ရေရှည်တည်တံ့ရေးတို့ဟာ  အဓိကကျပါတယ်။ ဒီလိုမျှော်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းတဲ့နေရာမှာ   နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းများရဲ့ အခန်းကဏ္ဍဟာ  သိပ်ကိုအရေးပါလာတာကို တွေ့ရပြန်ပါတယ်။ ဒီလိုဆိုရင် ဒီတပ်ဖွဲ့ဝင်များရဲ့ ကျန်းမာကြံ့ခိုင်သန်စွမ်းရေးဟာလည်း များစွာလိုအပ်နေတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် တပ်မတော်သားဆရာဝန် မျိုးဆက်သစ်များကို တပ်မတော်အနေနဲ့ နှစ်စဉ်မပြတ်   မွေးထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် မျိုးဆက်သစ် သမားဇာနည်  အောင်စစ်သည်တော်တို့ဟာ အောင်လံကိုလွှင့်၍ မွေးဖွားလာခဲ့ပြီဖြစ်ကြောင်း   စာဖတ်သူများသို့  ဦးစွာအသိပေးလိုက်ရပါတယ်။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်တဲ့ ဆေးမှူးဆရာဝန်များဟာ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်မှ ယနေ့ထက်တိုင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ တပ်မတော်သားများ အစဉ်ထာဝရကြံ့ခိုင်ပြီး တိုက်စွမ်းရည်မြင့်မားစေဖို့အတွက်     အဓိကထမ်းဆောင်သလို     စစ်မြေပြင်အချိုးအကွေ့တွေမှာ  စစ်သည်တော်ကောင်းတွေ အဖြစ်လည်း   အံ့မခန်းမြင်တွေ့ရပြန်ပါတယ်။ သမားဇာနည် အောင်စစ်သည်တို့ရဲ့   အဓိကသမိုင်းမှတ်တမ်းများစွာအနက်  တစ်ခုကတော့  လွတ်လပ်ရေး ကြိုးပမ်းမှုကာလအလွန်   ပြည်တွင်းသောင်းကျန်းမှုကာလရဲ့ ဒိုက်ဦးဖောင်တော်သီတိုက်ပွဲမှာ ဆေးကုရင်း စစ်တိုက်ပြီး နိုင်ငံအတွက် မြင့်မြတ်စွာအသက်ပေးခဲ့တဲ့   ဗိုလ်ကြီးမွန်ထော်သက်ညွန့်ပါပဲ။  

ဒါကို သမားဇာနည် အောင်စစ်သည်တို့ အားလုံးသိနှင့်ကြပြီးလည်းဖြစ်ပါတယ်။  ဒီလိုမှတ်ကျောက်တင်မွန်မြတ်မှုကို သမားဇာနည်တို့က   စံထားပြီးပေးအပ်ရာ တာဝန်အသွယ်သွယ်ကို   ထမ်းဆောင် နေကြဆဲဖြစ်ပါတယ်။   ဒါဟာ  သမားဇာနည်  အောင်စစ်သည်တို့ရဲ့     ဝိသေသတစ်ခုပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်  နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် လုပ်ငန်းစဉ်ဟာ     ပဓာနအကျဆုံးဖြစ်ပါတယ်။ ဒီတာဝန်တွေကို အသက်ခန္ဓာမငဲ့ကွက်ဘဲ ထမ်းဆောင်နေကြတဲ့  တပ်မတော်သားတွေ၊  ရဲတပ်ဖွဲ့ဝင်တွေ၊  ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်မှုထမ်းတွေဖြစ်တဲ့ အဓိကကာကွယ်ရေး အင်အားစုတွေရဲ့ ကျန်းမာကြံ့ခိုင် သန်စွမ်းရေးမှသည်   တိုက်စွမ်းရည်မြင့်မားသည်အထိ ကြိုးပမ်းဆောင်ရွက်နေကြသူများဟာလည်း ဆေးဝန်ထမ်း   တပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေကို  ထမ်းဆောင်ရာမှာ ဆေးရုံတွေကတစ်ဆင့် ရှေ့တန်းစစ်မြေပြင်များထိပါ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဆောင်ရွက်လျက် ရှိပါတယ်။   ပင်ကိုဗီဇ၊   ဝါသနာနဲ့ပါရမီကို ဆေးပညာနဲ့ပေါင်းစပ်ပြီး နိုင်ငံနဲ့လူမျိုးအတွက်   နှလုံးလှပြီး စွမ်းရည်ပြည့်ဝတဲ့ သမားဇာနည် အောင်စစ်သည်တော်တို့ရဲ့ မျိုးဆက်သစ်တွေ မွေးဖွားလာတဲ့ နေ့တစ်နေ့ဟာ  ဘယ်လောက်မွန်မြတ်လိုက်ပါသလဲဆိုတာကို အလျဉ်းသင့်လို့ထည့်သွင်း ရေးသားလိုပါသေးတယ်။

ကိုဗစ်-၁၉   ကပ်ရောဂါကာလကို ပြန်ကြည့်ရအောင်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ  နိုင်ငံတော်ရဲ့ကဏ္ဍအစုံကို  များစွာကမောက်ကမဖြစ်စေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။  စာရေးသူတို့ နိုင်ငံအတွင်း မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအလှည့်အပြောင်း တစ်ခုနဲ့ပါရင်ဆိုင်ခဲ့ရတယ်။  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ သမားဇာနည်အောင်စစ်သည်တို့  ရှေ့တန်းကျကျပါဝင်ခဲ့ကြတယ်။ နိုင်ငံရေးအလှည့်အပြောင်းကြောင့် လမ်းလွဲလိုက်ပြီး ဆေးရုံ အသီးသီးကို စွန့်ခွာသွားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊  ဆရာဝန်တွေနေရာမှာ သမားဇာနည် အောင်စစ်သည်ဆိုတဲ့ တပ်မ တော်ဆေးမှူးဆရာဝန်များ၊ သူနာပြုများနဲ့အစားထိုးပြီး   ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို  တည့်မတ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတယ်။  တပ်မတော်ရဲ့  တာဝန်တွေကတစ်ဖက်၊  နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်တွေက  တစ်ဖက်နဲ့ သူတို့ မည်ရွေ့မည်မျှ   ကြိုးပမ်းခဲ့ကြပါသလဲ။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မြင်ယောင်ကြည့်ကြပါ။ မည်သို့ပင်ရင်ဆိုင် ကြုံတွေ့ခဲ့ပါစေ မဆုတ်မနစ်တဲ့ဇွဲနဲ့ သူတို့ကြိုးပမ်း ထမ်းဆောင်ခဲ့ကြတယ်။  ဒါဟာလည်း သမားဇာနည်  အောင်စစ်သည်တို့ရဲ့  ဝိသေသကောင်းများအဖြစ်  သမိုင်းတွင်ခဲ့ပြီပဲဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေကို  တစ်ချက်လှစ်၍ ကြည့်ကြပါဦးမည်။  ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊  ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊  ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့မှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့    နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး ကာလတွေမှာလည်း  ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  ဆေးမှူးဆရာဝန်များဟာ   စေတနာအပြည့်နဲ့ အားတက်သရောပါဝင် ကူညီခဲ့ကြတယ်။  တာဝန်ဆိုတာထက် ဆရာဝန်ကောင်းစိတ်နဲ့ စေတနာပိုခဲ့တယ်ဆိုတာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကြုံခဲ့ဖူးကြမှာပါ။   တာဝန်တစ်ခုအပေါ် စေတနာဇောင်းပေးပြီး  ကူညီပေးခဲ့တဲ့ ဆောင်ရွက်ချက်ဟာ လူ့အသက်တွေ ကယ်ဆယ်ခြင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၇)၊ ပုဒ်မ ၃၄၁ က ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်ခဲ့တယ် ဆိုတာကိုလည်း  သမားဇာနည် အောင်စစ်သည်များဖြစ်တဲ့ ဆေးမှူးဆရာဝန်များအားလုံးကို သိစေချင်ပါသေးတယ်။ ဒါဟာလည်း  သမားဇာနည်အောင်စစ်သည်တို့ရဲ့   ဝိသေသကောင်း မှတ်ကျောက်များဖြစ်နေပြန်ပါတယ်။

တပ်မတော်အနေနဲ့  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို တိုင်းဒေသကြီးနှင့်   ပြည်နယ်အနှံ့ ဆောင်ရွက်ပေးခဲ့တယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားဒေသများ ဖြစ်တဲ့   ချင်းတောင်တန်းဒေသနေ တိုင်းရင်းသားပြည်သူများ အတွက် နယ်လှည့်ဆေးကုသရေး လုပ်ငန်းစဉ်တွေကို ၂၀၁၆ ခုနှစ်၊ ၂၀၁၈  ခုနှစ်၊  ၂၀၂၀ ပြည့်နှစ်၊  ၂၀၂၂  ခုနှစ်တို့မှာ တပ်မတော်သားဆေးမှူးအရာရှိများကို   အလှည့်ကျစေလွှတ်ပြီး   ဆောင်ရွက်ခဲ့တယ်။    အလှည့်ကျသွားရောက် တာဝန်ထမ်းဆောင်သူတွေ ရှိသလို     မိမိသဘောဆန္ဒအလျောက်  သွားရောက်တာဝန်    ထမ်းဆောင်ခဲ့သူ   ဆေးမှူးဆရာဝန်များလည်း   များစွာရှိပါတယ်။

နယ်မြေဒေသကြမ်းတမ်းမှု၊ ရာသီဥတုကြမ်းတမ်းမှု၊   လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှုများကြားမှာ သူတို့ရဲ့မြင့်မြတ်လှပတဲ့ ဆရာဝန်ကောင်းဆိုတဲ့ နှလုံးသားကို  ထင်ထင်ရှားရှား ပြသနိုင်ခဲ့ကြတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ရွှေဘိုဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်း ဒေသတစ်လျှောက်ရှိ ပြည်သူများအတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့   တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ   ဆောင်ရွက်ပေးခဲ့တယ်။  ဒီလိုဆောင်ရွက်မှုများဟာ  တပ်မတော်သည်   အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့စကားလုံးကို    ညွှန်းဆိုသက်သေတည်စေခဲ့တာပဲဖြစ်ပါတယ်။ ဒီအနှစ်သာရတွေကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမြင်အောင် ကြည့်၍  ခံယူချက်ကောင်းနဲ့နှလုံးသွင်းပြီး   မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဆိုတဲ့  ဂုဏ်သတ္တိကို မြှင့်တင်ပေးရမှာပဲဖြစ်ပါတယ်။

သူတို့ရဲ့ သမိုင်းမှတ်တမ်းကောင်းများကား  ခေတ်အဆက်ဆက်  တသွင်သွင် သစ်လွင်လျက်ရှိတာကြောင့် စာပန်းချီပင် ရေးဖွဲ့မီမည်မထင်ပါ။      တပ်မတော်ဆေးတပ်ဖွဲ့ဝင် ဆေးမှူးဆရာဝန်များရဲ့   စွန့်လွှတ်အနစ်နာခံမှု၊ မိမိတတ်ကျွမ်းသည့် ဆေးသိပ္ပံပညာရပ်များနဲ့   ပေးအပ်ရာ တာဝန်များကို  ဦးလည်မသုန်ထမ်းဆောင်နိုင်မှုများဟာ ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင်  မှေးမှိန်ကွယ်ပျောက်ခြင်း မရှိတာကို  သမိုင်းစာမျက်နှာများစွာက သက်သေညွှန်း ဆိုလျက်ရှိပါတယ်။ ယနေ့  မွေးဖွားလာရာ သမားဇာနည် အောင်စစ်သည်    မျိုးဆက်သစ်များအနေနဲ့လည်း နောင်တော်သမားဇာနည် အောင်စစ်သည်များရဲ့ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်ကျောက်များကို အတုယူကြိုးစားသွားကြရပါမယ်။   

ပေးအပ်လာရာ တာဝန်အသွယ်သွယ်ကို ကြိုးစားထမ်းရွက်ရင်း သမိုင်းသစ်အတွက် မော်ကွန်းရေးထိုးနိုင်အောင်    ကြိုးစားသွားကြပါလို့ အကြံပြုရင်း  တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅)မှ သမားဇာနည် အောင်စစ်သည်များသို့    ဂုဏ်ပြုစာလွှာပါးလိုက်ရပါတယ်။     ။