တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၂)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၂)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်() သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ -၂၇

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၂)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၉)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူ ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမ များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း က  သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၉)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူဆုမြတ်ရတနာ၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူသင်တန်းသူ စုပုံချစ် နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ရွှေစင်မင်းထွန်း တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း က မိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၂)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၉)တို့၏ သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ်များထပ်မံမွေးထုတ် ပေးလိုက် သည့်  ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နေ့တစ်နေ့လည်းဖြစ်ကြောင်း။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာ သည်များ မွေးထုတ်ပေးရန်’’ ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုများနှင့် ဆေးဘက်ပညာသည်များကို စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက် ရှိကြောင်း။

ထိုသို့ သင်ကြားလေ့ကျင့်မွေးထုတ်ပေးရာတွင် ယနေ့အချိန်ထိ သူနာပြု သိပ္ပံဘွဲ့၊ ​ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာ သိပ္ပံဘွဲ့၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါး မဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ သူနာပြု ပါရဂူဘွဲ့၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့ရရှိသူ စုစုပေါင်း ၅၅၇၃ ဦးကို လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

အမိတက္ကသိုလ်က လေ့ကျင့်သင်ကြားမွေးထုတ်ပေးလိုက်သည့်  သူနာပြုများနှင့် ဆေးဘက်ပညာသည်များသည် လက်တွေ့နယ်ပယ်ဖြစ်သည့် တပ်မတော်ဆေးရုံ၊ ဆေး တပ်ရင်းတပ်ဖွဲ့များတွင် သက်ဆိုင်ရာ ဆေးဘက်ပညာရပ်များကို  ထိရောက်စွာ အသုံး ချပြီး နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ ဝင်များအဖြစ် ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို သူနာပြုကျင့် ဝတ် များနှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း ကိုလည်း အသိအမှတ်ပြုပြောကြား လိုကြောင်း။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တည်ထောင်ခဲ့ သည်မှာ လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ၂၅ နှစ်ပြည့်မြောက်ပြီး ငွေရတုနှစ်ပတ်လည်တိုင်တော့မည်ဖြစ်ကြောင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ အဓိက အင်အား စုကြီးဖြစ်သည့် သူနာပြုတပ်ဖွဲ့ဝင်များသည် စစ်ပညာတတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ရာထူးတာဝန်များကို ထမ်းဆောင်နိုင်ရန် လိုအပ်ခြင်းကြောင့် သူနာပြုတက္ကသိုလ်  (Defence Services Institute of Nursing)ကို ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားသူနာပြုသိပ္ပံဘွဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း။

တပ်မတော်သားများ၊ မှီခိုသူမိသားစုဝင်များနှင့် ပြည်သူလူထုကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် ဆရာဝန်များ၊ သူနာပြုများသာမက ဆေးဝါး ဖော်စပ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့အတွက် ဆေးဘက် ပညာသည်များ၏ အခန်းကဏ္ဍကလည်း အရေးပါလာခြင်းကြောင့် ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်  (Military Institute of Nursing and Paramedical Sciences) အဖြစ် ပြောင်းလဲတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် အမျိုးသမီးသူနာပြုများမွေးထုတ်ပေးနိုင်ရေးအတွက် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်းများကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနိုင်ခဲ့ ကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် စတင်ဖွင့်လှစ်စဉ် ကပင် ယနေ့ထိတိုင်အောင် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန် အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည်ပင်ဖြစ် ကြောင်း။

စေတနာ အကြင်နာ ဘေးကင်းကွာဆိုသည့် ဆောင်ပုဒ်နှင့် အညီ သူနာပြု များအနေဖြင့် လူနာများကို ပြုစုစောင့်ရှောက်မှု ပေးရာတွင် အကြင်နာတရား အပြည့်အဝထားရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သာမန်တာဝန် ထမ်းဆောင် နေမှုဆိုသည်ထက် သူနာပြုစုမှု အတတ်ပညာနှင့်ပေါင်းစပ်ပြီး မိမိတို့ထံတွင် အခြေခံ ရှိပြီးသားဖြစ်သည့် ကြင်နာမှုစိတ်ဓာတ်ကို ပိုမိုရင့်ကျက်ခိုင်မာစေရန် လေ့ကျင့်မွေးမြူ သွားကြရမည်ဖြစ်ကြောင်း။

လူနာများအတွက် ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သော ထူးချွန်ထက်မြက်သည့် သူနာပြုကောင်း တစ်ဦးဖြစ်လာစေရန်အတွက် ကိုယ်ပိုင်အရည်အချင်းများနှင့် သက်မွေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအရည် အချင်းများ ဆိုသည့် အင်္ဂါရပ်နှစ်ခုနှင့် ပြည့်စုံနေရန်လည်း လိုအပ်ကြောင်း၊ စာနာမှုနှင့် ကရုဏာ တရားရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ လိုက်လျောညီထွေရှိပြီး ပြောင်းလွယ် ပြင်လွယ် နိုင်မှု၊ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်မှုနှင့် လူနာများ၏ စိတ်ဖိစီးမှုကို ကောင်းမွန် ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုစသည့် သူနာပြုကောင်းတစ်ဦး၏ ရှိသင့်ရှိအပ်သည့် ကိုယ်ရည်ကိုယ်သွေးများ ပြည့်စုံနေရန် ကြိုးစားလုပ် ဆောင်သွားရမည်ဖြစ်ကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ လူနှင့် တိရိစ္ဆာန် တို့အတွက် ရောဂါရှာဖွေရန်၊ ကာကွယ်ရန်၊ ကုသရန်နှင့် အကျိုးသက်ရောက်မှု တစ်ခုခုဖြစ်စေရန်အတွက် အသုံးပြုသည့်ပစ္စည်းကို ဆေးဝါးအဖြစ် သတ်မှတ်ခဲ့ကြ ကြောင်း၊ ဘေးကင်းသော၊ အာနိသင်ရှိသော၊ အရည်အသွေးပြည့်မီသော ဆေးဝါးများ ဖော်စပ်ရေး၊ ထုတ်လုပ်ရေး၊ သိုလှောင်သိမ်းဆည်းရေးနှင့် ပြည်သူလူထုထံသို့ ဖြန့်ဝေရေး စသည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ရန်အတွက် ဆေးဝါးကျွမ်းကျင်သူများကိုလည်း သင်ကြားလေ့ကျင့်မွေးထုတ် ပေးလျက်ရှိရာတွင် ပရဆေးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာဓာတုဗေဒ၊ ဆေးဝါး ဖော်စပ်ရေး၊ ဆေးဝါးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်း ဘာသာရပ်များကို အဓိကသင်ကြားပေး လျက်ရှိကြောင်း။

ခေတ်မီဆန်းသစ်သည့် အနောက်တိုင်းဆေးဝါးများနှင့်ပတ်သက်သည့် ပညာရပ် များကိုလည်း ဆည်းပူးသင်ကြားရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေး ကဏ္ဍကိုလည်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများတွင် တိုင်းရင်းဆေးပညာနှင့် ပါဝင်အားဖြည့်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိခြင်းကြောင့် လေ့လာသင်ယူရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တကာနှင့် ပြည်တွင်းတွင်ပါ အသုံးတွင်ကျယ်လာသည့် ဆေးဘက်ဝင်နွယ်မြက်သစ်ပင် တို့အကြောင်း (Herbal Medicine)ကိုလည်း မျက်ခြည်မပြတ် ဆည်းပူးလေ့လာပြီး တိုင်းရင်းဆေးပညာရှင်များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဆေးဝါးကျွမ်းကျင်သူများအနေဖြင့် ဆေးဝါးဖော်စပ်သည့်ပညာ၊ ဆေးဝါးများ မှန်ကန်စွာအသုံးပြုရေး၊ ဆေးဝါးများအရည်အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေးစမ်းသပ် ရေး၊ ဆေးဝါးအသစ်များ တီထွင်ထုတ်လုပ်ရေး၊ တပ်မတော်သားများ၊ မိသားစုဝင် များနှင့် ပြည်သူလူထုတို့ ဆေးဝါးလုံလောက်စွာရရှိရေး၊ သုံးစွဲသူလက်ဝယ်သို့ ဆေးဝါး များမှန်ကန်စွာရောက်ရှိရေး၊ ဆေးဝါးများ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေး ရေးစသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ရသူများအနေဖြင့် မိမိတို့တတ်ကျွမ်းနားလည်ထားသည့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာအသုံးချပြီး ပြည်သူလူထုအတွက် တတ်စွမ်းနိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း။

ထို့အပြင် အခြားဆေးဘက်ပညာသည်များဖြစ်သည့် ဓာတ်ခွဲကျွမ်းကျင်သူများ၊ ဓာတ်မှန်ပုံရိပ်ဖော်ကျွမ်းကျင်သူများ၊ ခန္ဓာသန်စွမ်းမှုလေ့ကျင့်ပေးရေး ကျွမ်းကျင်သူများ အနေဖြင့်လည်း မိမိတို့ အထူးပြုကျွမ်းကျင်ပညာရပ်များအလိုက် လူနာများအပေါ် ကုသမှုပေးရာတွင် မှန်ကန်ထိရောက်မှုရှိသည့် စစ်ဆေးဖော်ထုတ်မှုများနှင့် ကောင်းမွန် ပြည့်စုံသည့် ကျန်းမာရေးပြုစုစောင့်ရှောက်ကုသမှုများပေးနိုင်ရန်အတွက် စဉ်ဆက် မပြတ်လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်ကျွမ်းထားသည့် အထူးပြု ပညာရပ်အလိုက်  သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည့်အပြင် လူနာများ၏ ကောင်းကျိုးအတွက် အခြားသော ဆေးပညာရပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ပြီးပြည့်စုံသည့် ပြုစုကုသမှုများ ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း။

ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင် ပေးရေးနှင့် ပြန်လည်သန်စွမ်းရေးဆိုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ် များကို နိုင်ငံ့သားကောင်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များပီပီ ကျောသား၊ ရင်သား မခွဲခြားဘဲ စိတ်ရင်းစေတနာမှန်နှင့် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် သူနာပြုနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ပြုစုကုသစောင့်ရှောက်ရေးနှင့် စစ်မြေပြင်ဆေး အကာအကွယ်ပေးရေး တာဝန်များကို ကိုယ်ရောစိတ်ပါ စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြ သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်များကို ရဲစွမ်းသတ္တိအပြည့်နှင့် သစ္စာရှိရှိ၊ တာဝန်သိသိ ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသဖြင့် စစ်ဘက်စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခံရခြင်း၊ စစ်မြေပြင်ရာထူးတိုးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည့်အတွက် အမိတက္ကသိုလ်နှင့် လေ့ကျင့်သင်ကြား ပေးလိုက်သည့် နည်းပြ များအတွက်လည်း ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ထိုသို့စွမ်း ဆောင်နိုင်မှုများကို လေးစား အားကျ ဂုဏ်ယူစိတ်နှင့် မိမိတို့ကိုယ်တိုင်လည်း ကြိုးစားကြရမည်ဖြစ်သကဲ့သို့ အစဉ် အလာ ကောင်းများကိုထိန်းသိမ်းပြီး အမိကျောင်းတော်ကြီး၏ ဂုဏ်ကို မြှင့်တင်ပေး နိုင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် စစ်သည်တော်ကောင်းများဖြစ်အောင် ပြုမူကျင့်ကြံ နေထိုင် သွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်သားများ ဖြစ်သည်နှင့်အညီ စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အသက်ပေးကာကွယ် စောင့်ရှောက်ကြရသည့်သူများ ဖြစ်ခြင်း ကြောင့် အချင်းချင်းနှင့် အထက်အောက် သစ္စာစောင့်သိမှသာလျှင် အပြန် အလှန် ယုံကြည်မှုကို တည်ဆောက်ရယူနိုင်မှာဖြစ်ပြီး လုပ်ငန်းကိစ္စအဝဝကို အောင် မြင်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တော် ကျင့်ဝတ် အပါးခြောက်ဆယ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းလိုက်နာပြီး ကျင့်ဝတ်စည်းကမ်းအရာတွင် စံနမူနာပြဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင် သွားကြရန်လိုကြောင်း။

သူနာပြုတပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ပညာသည်များသည် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည် ဖြစ်၍ မိမိတို့သက်ဆိုင်ရာ ဆေးဘက်ပညာရပ်နယ်ပယ်အလိုက် အစဉ်တိုးတက် အရည် အချင်းပြည့်ဝအောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်သလို သူနာပြုအဓိဋ္ဌာန် ကတိသစ္စာ ၉ ချက်ကိုလည်း အလေးထားလိုက်နာစောင့်ထိန်းသွားကြရန်လိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသည့် တပ်မ တော်သားများသည် ကျရာအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရန် အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာ နေရန်အထူး လိုအပ်ကြောင်း၊ ယနေ့ အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုများသည် နည်းလမ်း ပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ တပ်မတော် သားများအနေဖြင့် ကျောချင်း ကပ် ရင်ချင်းအပ်သည့် စည်းလုံးညီညွတ်မှုရှိရေးသည် အသက်တမျှ အရေးကြီး ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး အကြားတွင်  အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များ တူမည်ဆိုပါက တပ်တွင်း စည်းလုံး ညီညွတ်မှု သည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်း။

ထို့အပြင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းများသည် တပ်ပြင်စည်းရုံးရေးကို ဆောင် ရွက်နေခြင်းဖြစ်သည်ကို နားလည်သဘောပေါက် ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာ နယ်မြေအသီးသီးကိုရောက်ရှိချိန်တွင် နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ မိမိတို့ တာဝန်ထမ်း ဆောင်ရမည့် နယ်မြေအလိုက် ဒေသ၏အခြေအနေ၊ ဒေသဆိုင်ရာ အချက်အလက် များကို အသေးစိတ်သိရှိထားရန်လိုအပ်ကြောင်း၊ နယ်မြေခံတပ်ဖွဲ့ များနှင့် ဒေသခံများ တစ်သားတည်းဖြစ်အောင် စည်းရုံးဆောင်ရွက်ပြီး အပြန်အလှန် ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေး ထားမှာကြားလိုကြောင်း။

မိမိတို့တပ်မတော်သည် စစ်စည်းကမ်းကိုအခြေခံပြီး အမိန့်နာခံတတ်မှုရှိ အောင် လေ့ကျင့်ပေးထားသည့် ကျစ်လျစ်သိပ်သည်းစွာ ဖွဲ့စည်းထားသော တပ်မ တော်တစ်ရပ်ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်အတွက် အဓိကကျောရိုး မဏ္ဍိုင်ဖြစ်သကဲ့သို့ စစ်သည်တော်ဘဝကို ခံယူထားကြသူများဖြစ်၍ စစ်ဘက် ဥပဒေ နှင့် စစ်စည်းကမ်းများကိုသာမက နယ်ဘက်ဥပဒေများကိုလည်း လေးစားလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ စည်းစနစ်ရှိသည့် တပ်မတော်သားကောင်းများအဖြစ်သာမက သူနာပြုနှင့်ဆေးဘက်ပညာသည်များဖြစ်သည့်အတွက် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက် လာပါက  သာမန်ထက်ပိုပြီး စောင့်ထိန်းကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ဆေးရုံ၊ ဆေးတပ်ဖွဲ့များအပြင် စစ်မြေပြင်တွင် ခြေလျင်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွား ရမည်ဖြစ်ခြင်းကြောင့် ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ်တရား နှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာထားရှိမွေးမြူသွားကြရမည်ဖြစ်ကြောင်း။

စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝသည့် စစ်သည် တော်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံး အချက်သည် စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေအောင် စစ်သည်တစ်ဦးချင်းစီက ဖြည့်ဆည်းလေ့ကျင့် နေရမှာဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်သုံးရပ်ထက်မြက်ပြီး အခြေခံ အရည်အချင်းငါးပါးနှင့် ပြည့်စုံ အောင် နေထိုင်ပြုမူကျင့်ကြံကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုရ သည့် သူနာပြုနဲ့ ဆေးဘက်ပညာသည် စစ်သည်တော်ကောင်းများဖြစ်အောင် ကြိုးပမ်း သွားကြရန် အလေးထားမှာကြားလိုကြောင်း။

စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်ကို နှလုံးသွင်းပြီး သူနာပြုကောင်းတစ်ဦးတွင် ရှိရမည့် ကျင့်ဝတ်၊ စိတ်ဓာတ်နှင့် အရည်အချင်း ပြည့်ဝသူများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ မိမိတို့ တတ်ကျွမ်းနား လည်ထားသည့် ဆေးဘက်ပညာရပ်ဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန် မှန်ကန်စွာ အသုံးချပြီး သုတေသနပြု ရှာဖွေထုတ်လုပ်ခြင်းဖြင့် ပြည်သူလူထု အတွက် တတ်စွမ်းနိုင်သည့်ဘက်ကနေ ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်ပေး သွားကြရန်၊ သူနာပြုတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်နိုင်မှုများကို လေးစား အားကျဂုဏ် ယူစိတ်နှင့် ကြိုးစားကြရမည်ဖြစ်သကဲ့သို့ သမိုင်းအစဉ် အလာကောင်း များကို ထိန်းသိမ်းပြီး အမိကျောင်းတော်ကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် စစ်သည်တော်ကောင်းများ အဖြစ် ပြုမူကျင့်ကြံနေထိုင်သွားကြရန်၊ သက်ဆိုင်ရာ သူနာပြုနှင့်ဆေးဘက်ပညာရပ် နယ်ပယ်အလိုက် အစဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားကြပြီး သူနာပြု အဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကိုလည်း အလေးထားလိုက်နာ စောင့်ထိန်းသွားကြရန်၊ စည်းစနစ်ရှိသည့် တပ်မတော်သားကောင်းများအဖြစ်သာမက ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာမွေးမြူ ထားရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် သူနာပြုနှင့် ဆေးဘက်ပညာ သည်ကောင်းများဖြစ်အောင်ကြိုးစားလုပ်ဆောင်သွားကြရန်လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်း သည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်း အနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၂)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်း ဆင်းသူနာပြုများ၊  ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီး ဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း သူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။