
တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ
ရွှေဉဒေါင်း
ပထမကဏ္ဍ (ဖေသိန်း)
လူတစ်ယောက်သည် စုံထောက်မင်းကြီးထံ အလုပ် လျှောက်ထားသည့်အခါ မင်းကြီးသည် ထိုလူ၏ဥပဓိ ရုပ်ကိုသဘောကျသည်နှင့် ၎င်း၏အရည်အချင်းကို စမ်းသပ်၍ သင့်တော်လျှင် ရာထူးခန့်ထားလိုသော အကြံ ဖြစ်၏။ သို့ဖြစ်၍ မင်းကြီးသည် မိမိသိလိုသောပုဂ္ဂိုလ်တစ်ဦး၏အမည်၊ နေရပ်နှင့်အလုပ်အကိုင်တို့ကို ပြောပြပြီးလျှင် ထိုပုဂ္ဂိုလ်အား မျက်စိအောက်မှ အပျောက်မခံဘဲ နေ့ရော ညပါ အရိပ်သဖွယ်တွယ်ကပ် လိုက်ပါလျက် ၎င်းပြောသမျှ၊ လုပ်သမျှအလုံးစုံကို မိမိထံသို့ အစီရင်ခံစာတင်ပို့ရမည့်အကြောင်း ပြောပြ လေ၏။ အလုပ်လျှောက်ထားသောလူသည် မင်းကြီး သိလိုသောပုဂ္ဂိုလ်နှင့် မိတ်ဆွေလည်းမဟုတ်၊ ရန်သူ လည်း မဟုတ်လေရကား ထိုပုဂ္ဂိုလ်ပြောသမျှ၊ လုပ် သမျှတို့ကို မိမိမြင်ရသည့်အတိုင်း၊ ကြားရသည့် အတိုင်း တိကျမှန်ကန်စွာ ရေးသားအစီရင်ခံရပေလိမ့်မည်။ မကောင်းသောအခြင်းအရာများကို ဖုံးဖိခြင်းလည်းမရှိ၊ ကောင်းသောအခြင်းအရာများကို ချဲ့ထွင်ခြင်းလည်းမပြု၊ ချီးမြှောက်ခြင်းလည်း မပြု၊ ချောက်တွန်းခြင်းလည်းမရှိ၊ မိမိ၏အမြင်အကြား အတိုင်း ရိုးသားစွာအစီရင်ခံပေလိမ့်မည်။
ထိုနည်းတူစွာ ကျွန်ုပ်မှာလည်း မိမိအကြောင်းကို ရေးသားရာတွင် အထက်ပါစုံထောက်လောင်းကဲ့သို့ သဘောထား၍ အသားလည်းမယူ၊ ရှက်လည်းမရှက်၊ ဟုတ်မှန်သမျှကို 'အရင်းအတိုင်း' ရေးသားဖော်ပြရန် ကြံရွယ်ပါသည်။ စုံထောက်လောင်းသည် ထိုပုဂ္ဂိုလ် ၏စိတ်အကြံများကို သိနိုင်ခွင့်ရှိမည်မဟုတ်ပေရာ ကျွန်ုပ်မှာမူ မိမိအကြံအစည်နှင့် စိတ်ကူးများကိုပါ သိရသည်ဖြစ်၍ စုံထောက်၏အစီရင်ခံစာထက် ပြည့်စုံ နိုင်ခွင့်ရှိပါသည်။ မည်သူမဆို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးလိုက်သည့်အခါ အကောင်းချည်းလည်းမဖြစ် နိုင်၊ အဆိုးချည်းလည်းမဖြစ်နိုင်၊ အကောင်းနှင့်အဆိုး (အနည်းနှင့်အများ) ရောပြွမ်းလျက်ရှိခြင်းကိုသာ တွေ့ရပေလိမ့်မည်။ ကျွန်ုပ်ကိုယ်၌လည်း ဤနည်း အတူ အကောင်းနှင့်အဆိုး ရောနှောလျက်ရှိရမည် သာဖြစ်ရာ ကောင်းသောအချက်အလက်များကို ဖော်ပြသည့်အလှည့်တွင် ဂုဏ်ယူသည် သို့မဟုတ် ကြွားဝါသည်ဟူ၍ သူတစ်ပါးစွပ်စွဲမည်ကိုလည်း မကြောက်၊ မကောင်းသောအချက်အလက်များကို ဖော်ပြသည့်အလှည့်တွင် 'တယ်ရှော်တဲ့လူပဲ' ဟူ၍ သူတစ်ပါးကဲ့ရဲ့မည်ကိုလည်းမရှက်၊ ကောင်းလျှင် ကောင်းသလောက်၊ မကောင်းလျှင် မကောင်း သလောက် ရိုးသားစွာတင်ပြလိမ့်မည်ဖြစ်ပါသည်။
ဤမှတ်တမ်းကို ရေးသားရာ၌ ကျွန်ုပ်၏ရည်ရွယ် ချက်မှာ ကောင်းသောအခြင်းအရာများအတွက် သူတစ်ပါးတို့၏ အထင်ကြီးခြင်းကို ခံလိုသောကြောင့် လည်းမဟုတ်၊ မကောင်းသောအခြင်းအရာများကို ဖော်ထုတ်ဝန်ခံလိုသောကြောင့်လည်းမဟုတ်၊ ကောင်း သောအခြင်းအရာများသည် ကျွန်ုပ်အတွင်းသို့ အဘယ် အကြောင်းကြောင့်ရောက်လာသည်၊ မကောင်းသော အခြင်းအရာများသည်လည်း ကျွန်ုပ်၏အဇ္ဈတ္တသန္တာန် သို့ ဘယ်ပုံဘယ်နည်းရောက်လာသည်ဆိုခြင်းကို (လူ့သဘာဝ လေ့လာခြင်းအနေဖြင့်) ထင်ရှားအောင် ဖော်ပြလိုသောကြောင့်မျှသာဖြစ်ပါသည်။ ကျွန်ုပ်၏ လက်တွေ့အရဆိုပါမူ လူဆိုသည် ဘဝသံသရာ အဆက်ဆက်မှပါခဲ့သည့် ဉာဉ်ကလေးများ၊ ဝါသနာ အထုံကလေးများကားတစ်ဖက်၊ ပတ်ဝန်းကျင်က ပြုပြင်ခြင်းခံရချက်များကားတစ်ဖက် ရောနှောပေါင်းစပ်လျက်ရှိရာ ကျွန်ုပ်အဖို့ရာ၌ မည်သည်ကား အတိတ်၏ဖန်တီးချက်ဖြစ်သည်၊ မည်သည်ကား ပစ္စုပ္ပန်ဘဝ၏ပြုပြင်မှုဖြစ်သည်ဆိုခြင်းကို (ဉာဏ်မီ သလောက်) ပိုင်းခြားဝေဖန်၍ တင်ပြလိုခြင်းဖြစ်ပါ သည်။ လိုရင်းအချုပ်၌ ကျွန်ုပ်အကြောင်းကို ကျွန်ုပ် ရေးသားဖော်ပြခြင်းဖြစ်စေကာမူ (အမျိုးသမီးစာရေး ဆရာတစ်ဦးက ဝေဖန်ဖူးသည့်အတိုင်း) ငါတည်း ဟူသောစိတ်ထားမပါဘဲ အပြင်လူတစ်ယောက် အနေဖြင့် ရေးသားဖို့ကြိုးစားမည်ဖြစ်ပါသည်။ ကျွန်ုပ် ၏စာ၌ ငါသဘော (ပလွှားလိုသောသဘော) မည်မျှ လောက် ကင်း၊ မကင်းကိုမူ စာဖတ်သူတို့ဆုံးဖြတ်ကြ ရန်ဖြစ်ပါသည်။
ကျွန်ုပ်၏အဖြစ်အပျက်များမှာ အတ္ထုပ္ပတ္တိရိုးရိုး အနေဖြင့် ရေးသားဖော်ပြမည်ဆိုပါက ခပ်ရွှန်းရွှန်းရေးတတ်သူမဟုတ်ခဲ့လျှင် (ရေးတတ်သူလည်းရှား သည်။) ခြောက်ကပ်ငြီးငွေ့ဖွယ်သောအကြောင်းအရာများ ပါရှိတတ်သည်ဖြစ်သောကြောင့် အဖြစ် အပျက်သက်သက်မျှမက အတွေးအခေါ်များလည်း သက်ဆိုင်ရာနေရာများတွင် ထည့်သွင်းဖော်ပြရပါ သည်။ ကျွန်ုပ်၏အတွေးအခေါ်များမှာလည်း (မှန်ကန်ခြင်း၊ မမှန်ကန်ခြင်းကိုအပထား၍) အစဉ်အလာပညာရှိများ၏အယူအဆများနှင့် ကွဲလွဲမှုများရှိလိမ့် မည်ဖြစ်ရာ မည်သည်က သဘာဝကျ၊ မကျကို စာဖတ် သူတို့ စဉ်းစားစရာရရှိခြင်းအားဖြင့် စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ရှေးဦးစွာ မှတ်မိသောအရာ
အခြားတစ်နေရာ၌ ကျွန်ုပ်သည် လူဖြစ်လာသည် မှစ၍ ရှေးဦးစွာ မှတ်မိသောအခြင်းအရာမှာ မေးစေ့ ကွဲ၍ တစ်သက်ပတ်လုံးထင်ရှားသော အမှတ်အသား တစ်ခုဖြစ်ရလောက်အောင် အမာရွတ်ထင်ခြင်း အကြောင်းကို ရေးသားခဲ့ဖူးရာ ထိုနောက်တွင် ထပ်မံ ၍ စေ့စေ့တွေးပြန်သောအခါ၌ ၎င်းထက်အရင် ကျသော အဖြစ်အပျက်တစ်ခုကို သတိရမိပါသည်။ ကျွန်ုပ်မှာ သားဦးဖြစ်၍ ဒုတိယမွေးဖွားသည့် ကျွန်ုပ်၏ နှမသည် ကျွန်ုပ်ထက် သုံးနှစ်ခန့်ငယ်ရာ အနောက် တိုင်းပြည်များ၌ ခုနစ်လ၊ ၁၀ လမျှသာ မိခင်၏နို့ကိုတိုက်ကျွေးကြသည်ဆိုသော်လည်း ကျွန်ုပ်မှာ နှစ်နှစ် ကျော်မျှ နို့စို့ခွင့်ရပါလျက်နှင့်ပင် မိဘများသည် ကျွန်ုပ်အား 'နို့မျက်သား' ကလေးဟုဆိုကာ အထူး ဂရုစိုက်၍ အကောင်းဆုံးဆိုသောစားစရာများကို ကျွေးမွေးကြသည်။ (ထိုစဉ်က နို့ဘူးတိုက်သော အလေ့အထရှိကြသေးဟန်မတူပေ။) ပုစွန်တုပ်ကြော်၊ ဝက်သားကင်၊ ကြက်ပေါင်ကြော် စသောစားစရာများ သည် ကျွန်ုပ်အတွက်ဖြစ်၍ မိဘများမူကား ကြက်ရိုး နှင့် ဝက်ဆီဝက်ခေါက်လောက်သာစားကြသည်။ ဖခင်၏နှမများ၊ မိခင်၏ညီမများသည် ကျွန်ုပ်တို့ နေအိမ်သို့ တစ်ယောက်တစ်လှည့်လာရောက်၍ ကျွန်ုပ်အားထိန်းရန်အတွက် အတူတကွနေထိုင်ကြရာ အိမ်တွင် ကျွန်ုပ်၏အရီးတစ်ယောက်ယောက်ဖြစ်စေ၊ အဒေါ်တစ်ယောက်ယောက်ဖြစ်စေ ဘယ်အခါမှ ပြတ်တော့သည်မရှိချေ။ တစ်ခါတစ်ရံ နှစ်ယောက်၊ သုံးယောက်ပင်ရှိတတ်ကြ၏။ ၎င်းတို့သည် ကျွန်ုပ် အား အထက်ပါစားစရာကောင်းများကို ဝါး၍ခွံ့ကြ ရ၏။ နှမကလေးမွေးပြီး၍ ကျွန်ုပ်သုံးနှစ်သားအရွယ် ကျော်ကျော်ရှိသည်တွင် ကျွန်ုပ်သည် စားစရာများဝါးခွံ့ သော အရီးများ၊ အဒေါ်များကို သဘောမကျတော့ ဘဲ မိခင်ခွံ့ရမည်ဟု တစာစာပူဆာခြင်းကို မှတ်မိ သည်။
ကျွန်ုပ်ကြီးပြင်းလာသောအခါ တစ်နေ့သ၌ မိခင် က စကားစပ်မိသည်နှင့် 'မောင်ဖေသိန်းတို့များ အစားတော့ သွားမစမ်းလေနဲ့၊ ဝါးခွံ့တဲ့အရွယ် ကတည်းက သူ့အရီးတွေ၊ အဒေါ်တွေခွံ့တာကိုမကြိုက် ဘူး၊ ငါကိုယ်တိုင် ဝါးခွံ့ရတယ်။ ဟုတ်လည်းဟုတ်မှာ ပေါ့၊ ကောင်မလေးတွေကတော့ ဝါးပြီး အချိုရည် တချို့ကို မျိုချကြမှာကိုး၊ အစားအသောက်များတော့ ငယ်ကတည်းက ဒီလောက်နားလည်တဲ့အကောင်ပဲ' ဟု ပြောဖူးရှာသည်။ ကျွန်ုပ်သည် အချိုရည်မျိုချခြင်း အတွက်ကြောင့် အရသာညံ့သွားခြင်းဟူ၍ ငယ်စဉ်က မသိသော်လည်း မိခင်ဝါးခွံ့ခြင်းနှင့် အရီးများခွံ့ခြင်း တို့၏ခြားနားခြင်းကို ငယ်ငယ်ကတည်းကသိကြောင်း မှတ်မိသေးသည်။ ကျွန်ုပ်စဉ်းစားမိသည်ကား 'လျှာ' သည် အရသာသိခြင်းနှင့် စကားပြောခြင်းတည်းဟူ သော အလုပ်နှစ်မျိုးလုပ်တတ်ရာတွင် ကျွန်ုပ်၏ 'လျှာ' ကား ပထမအလုပ်၌ ကျွမ်းကျင်လွန်း၍ ဒုတိယအလုပ် ဘက်၌ လျော့နေဟန်တူ၏။ အချို၊ အချဉ်၊ အငန်၊ အစပ်၊ အဆိမ့်၊ အခါးမှစ၍ ကောင်း၊ မကောင်းအရသာ အမျိုးမျိုးတို့ကို ကျွန်ုပ်သည်သူတစ်ပါးတို့ထက် အသေးစိတ်သိတတ်၏။ အနောက်တိုင်းပြည်များ၌ ဝိုင်ကုမ္ပဏီကြီးများသည် 'လျှာ' အစွမ်းထက်သော လူများကို Wine Taster အဖြစ်နှင့် လခထောင်သောင်း ပေး၍ ငှားထားကြသည်ဆိုရာ ကျွန်ုပ်၏ 'လျှာ' အစွမ်း မှာ ထိုကဲ့သို့ တစ်ဖက်တစ်လမ်းတွင် အသုံးမချနိုင်ဘဲ စကားမပြောတတ်ခြင်း သာလျှင် အဖတ်တင်လျက်ရှိ သောကြောင့် တစ်နည်းအားဖြင့် 'လူဖြစ်ရှုံးသည်' ဆိုရမည်လောမပြောတတ်ပေ။
ဆက်လက်ဖော်ပြပါမည်။