တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

      ပတ်ဝန်းကျင်၏ ပြုပြင်မှုမခံရသေးမီ (အသက်လေး၊ ငါးနှစ်အရွယ်၌) ကျွန်ုပ်၏  'ပင်ကို'စိတ်နေသဘောထားကို မိဘများ ပြောဖူးသမျှနှင့် ကျွန်ုပ် ပြန်လည်သုံးသပ်ခြင်းဖြင့် မှတ်မိသမျှမှာ ကျွန်ုပ်သည် မိဘများကို ချစ်လည်းချစ်၍ ကြောက်လည်းကြောက်တတ်၏။ ဖခင်ကိုမူ အချစ်ထက် အကြောက်ကပို၍ မိခင်အားမူကား အချစ်နှင့်အကြောက် အညီအမျှလောက် ရှိလိမ့်မည်။ တစ်ယောက်တည်းရှိသေးသော နှမကလေးကိုလည်း အခြားသော မောင်နှမများ ချစ်ကြခြင်းထက်ပို၍အလွန်ကြင်နာသည်။ (ကြင်နာပုံကို တစ်နေရာ၌ဖော်ပြပါဦးမည်)   အလွန် 'ဆော့' ချင်တတ်၍  ကစားဖော်သူငယ်ချင်းကို အလွန်တရာ ခင်မင်တတ်သည်။ အရွယ်နှင့်မလိုက်အောင် လည်ချင်ပတ်ချင်တတ်၍ ချစ်သော သူငယ်ချင်းနောက်သို့  တကောက်ကောက်လိုက်နေတတ်သည်။ ထိုစဉ်က စိတ်မတိုတတ်သေး။ သဘောကောင်းသည်ဟု မိခင်က ပြောဖူးသည်။ ကိုယ်လုံးကိုယ်ပေါက်မှာ (မိခင်၏ စကားအတိုင်း) ခပ်ဖိုင့်ဖိုင့်နှင့် အိအိ စက်စက်ရှိသည်။ ကြီးပြင်းလာသောအခါ၌မူ ပိန်ပိန်ရှည်ရှည် ဖြစ်လာခြင်းကိုတွေ့ရ၍ ဆေးပြင်းလိပ်ကို ခုံပေါ်တင်ပြီး ဆေးလိပ်သည်က လှိမ့်လိုက်ခြင်းကဲ့သို့ ကိုယ်လုံးလျော့ပြီး အရပ်ရှည် ထွက်လာရခြင်းပေလောဟု စဉ်းစားမိသည်။

အနိုင်ကျင့်ခံရခြင်း

ကျွန်ုပ်၏ကံဆိုးခြင်းတစ်ခုမှာ ကလေးဘဝမှစ၍ ကျောင်းထွက်သည့်တိုင်အောင် ကိုယ့်ထက်ကြီးသော သူငယ်ချင်းများနှင့်ချည်း ပေါင်းသင်းရ၍ အနိုင်ကျင့်ခြင်းအခံရဆုံး တစ်ယောက်ဖြစ်သည်။ ဤအခြင်းအရာသည် ကျွန်ုပ်၏စိတ်နေသဘောထားကို တစ်သက်လုံးအတွက် ပြောင်းလဲ သွားစေသည်ဟု ယူဆ၏။ ပထမဦးဆုံး ကျွန်ုပ်အား  အနိုင်ကျင့်သော အိမ်နီးချင်းကစားဖော်မှာ ကျောင်းမနေမီ လေး၊ ငါးနှစ်သားအရွယ်၌ဖြစ်၏။ ထိုသူငယ်သည် ကျွန်ုပ်ထက် သုံးနှစ်ခန့် အသက်ကြီး၍ ကျွန်ုပ်က သူ့အားချစ်လိုက်ပုံမှာ   မိဘများနှင့်ခွဲ၍ သူနှင့်အတူ အိပ်ခွင့်ရလျှင် အိပ်နိုင်၏။ (ဤကား ကျွန်ုပ်၏အပြစ်ဟု ဆိုရမည်ထင်သည်။) နံနက်လင်းလျှင် ထိုသူငယ်အိမ်သို့ ကူးသွား၍ စားရုံ အိပ်ရုံမျှလောက်သာ အိမ်သို့ ပြန်တော့သည်။ တစ်နေ့ပတ်လုံး သူ့နောက်မှ တကောက်ကောက် လိုက်နေတော့၏။ သို့ဆိုလျှင် ထိုသူငယ်ကလည်း ကျွန်ုပ်အား ကျွန်ုပ် ချစ်သလို ချစ်ခင်တွယ်တာခြင်း ရှိပါသလော။ မဟုတ်ချေ။ ကျွန်ုပ်၌ စားစရာတစ်ခုခုရှိလျှင် တစ်ယောက်တည်းမစားနိုင်ဘဲ သူ့ဆီသို့ ယူပြေး၍ ကြည်ဖြူစွာ ဝေစားကြသည်။   အိမ်၌ရှိသေးလျှင်လည်း  သူက ယူချေဦးဟု ခိုင်းသဖြင့် ခိုးကျွေးရသေးသည်။ သူ့၌ စားစရာရှိသောအခါ၌မူကား ကျွန်ုပ်အား တစ်ဖဲ့တစ်ရွဲ့မျှမပေးဘဲ ရယ်ကာမောကာနှင့် ကြောင်တောင်ကြည့်၍ စားတတ်သည်။ ဤမျှလောက်သာ ဆိုပါမူကား ကျွန်ုပ်၏စိတ်၌ ထိခိုက်ခြင်းမရှိပါ။ အမှတ်လည်း မထားပါ။ ကျွန်ုပ် စားစရာရတိုင်း ဝမ်းမြောက်ဝမ်းသာယူပြေး၍ ခွဲဝေစားသောက်သည် သာဖြစ်ပါသည်။ သို့ရာတွင် ဝမ်းနည်းဖွယ် အကောင်းဆုံးသော အပြုအမူမှာ ထိုသူငယ်သည် ကျွန်ုပ်နှင့် ရယ်ကာမောကာ ပျော်ရွှင်စွာကစားနေရခြင်းထက် ကျွန်ုပ်ငိုယိုနေသည်ကိုမြင်ရလျှင် သာ၍ သဘောကျဟန်ရှိ၏။ သူက မြင်းစီးချင်သည်ဆိုလျှင် ကျွန်ုပ်မှာ မနိုင့်တနိုင်နှင့် ကျောပိုးရ၏။ ပထမ၌  နှစ်ယောက်လုံးပျော်ကြ၍ တဟီးဟီးရယ်၏။ အတန်ကြာသော် ထိုသူငယ်သည် စိတ်ဖောက်ပြန်လာ၍ 'ဟဲ့မြင်း နှေးတယ်ကွ၊ မြန်မြန်ပြေး'ဟု ဆိုကာ ကျွန်ုပ်၏ ခြေသလုံးများကို သူ၏ ခြေထောက်ဖြင့် ခတ်လေရာ ကျွန်ုပ်လည်း ဒယီးဒယိုင်နှင့် တတ်နိုင်သမျှ မြန်မြန်ပြေးရ၏။ ဤအထဲမှပင် သူက အားမရသေးဘဲ ဝါးခြမ်းတစ်ချောင်းကို ဆင်းယူ၍ ကျောပေါ်သို့ ပြန်တက်ပြီးလျှင် ကျွန်ုပ်ပေါင်များကို တရွှီးရွှီး တရွှမ်းရွှမ်းရိုက်လေရာ  ကျွန်ုပ်မှာ ပြေးရင်း ဟပ်ထိုးလဲ၍ ငိုရပါတော့သည်။ ဤတွင်မူ သူက အားပါးတရ ဟက်ဟက်ပက်ပက် ရယ်မောတော့သည်။

ထိုသူငယ်သည် ကျွန်ုပ်အား အထက်ပါနည်းနှင့်တကွ များစွာသော အခြားနည်းမျိုးစုံတို့ဖြင့် အနိုင်ကျင့်လေ့ရှိ၏။ ကျွန်ုပ်သည် သူ၏ ညှဉ်းပန်း နှိပ်စက်ခြင်းများကို မိဘများအား မတိုင်ဘဲ ကျိတ်၍ခံခဲ့၏။ အကယ်၍ တိုင်တန်းခဲ့သော် သူနှင့် မကစားရတော့ဘဲ တားမြစ်လိမ့်မည်ဟု ကျွန်ုပ် သိသောကြောင့်ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်ုပ်၏မိခင်က ငိုသံကြား၍ခေါ်လိုက်ရာ သူက 'ဟေ့ကောင် မျက်ရည်တွေသုတ်သွားကွ' ဟု ပြောသည်နှင့် မျက်ရည်များကို လုံချည်ဖြင့်သုတ်ကာ မိခင်ရှေ့သို့ ဟန်လုပ်၍ ဝင်သွားရလေသည်။

တစ်နေ့သ၌ ထိုသူငယ်နှင့် ကျွန်ုပ်သည် လှေကားပေါ်၌ရှိစဉ် သူသည် မတော်တဆဖြစ်လေဟန်နှင့် ကျွန်ုပ်အား လှေကားပေါ်မှ တွန်းချလိုက်သဖြင့် မြေကြီးနှင့် ဦးခေါင်းဆောင့်မိကာ အတော်နာသွား၏။ 'ဟေ့ကောင် မငိုနဲ့ကွ'ဟု သူကပြောသော်လည်း နာကျင်လှသော ဝေဒနာကြောင့် တအားဟစ်၍ ငိုလိုက်မိရာ ကျွန်ုပ်၏မိခင် ပြေးလာ၍ အဖြစ်အပျက်ကို မေးသဖြင့် လှေကားပေါ်မှ ချော်ကျပါသည်ဟု ပြောလိုက်သည်။ ကျွန်ုပ်၏မိခင်မှာ ဖခင်နှင့်မတူ၊ စိတ်တင်းသူတစ်ယောက်ဖြစ်၍ ကျွန်ုပ်၏ ဦးခေါင်း၌ ဒဏ်ရာရှိ၊ မရှိ ကြည့်ပြီးနောက် သွေးထွက်သံယို မတွေ့ရသည်နှင့်  'ကိုယ့်ဘာသာဆော့လို့ ခိုက်မိတာများ ဒါလောက်ကြီး ငိုရသလား' ဟု ပြော၏။ ဤတွင်    ကျွန်ုပ်အားအပြစ်တင်သော အဓိပ္ပာယ်  သက်ရောက်သည်နှင့် မခံချင်သောကြောင့် ကိုယ့်ဘာသာမဟုတ်ဘူးအမေရဲ့၊ ဟိုကောင်ကတွန်းချတာဟု လွှတ်ခနဲ ပြောမိလေသည်။     ထိုအခါ မိခင်သည် ဒေါသတကြီးနှင့် ဟိုကောင်၏  ဦးစွန်းဖုတ်ကို  ဆွဲနှိမ်ကာ ကျောကို သုံး၊ လေးချက် ထုလေသည်။ ၎င်းနောက် ကျွန်ုပ်ကို ဆွဲခေါ်၍ အိမ်သို့ ပြန်လာကြသည်။ ဟိုကောင်၏မိခင်နှင့် အစ်မများမှာ ငါးစိမ်းသည်များဖြစ်၍ အိမ်၌မရှိခိုက်ဖြစ်လေရာ ဈေးမှပြန်လာကြသောအခါတွင် ဟိုကောင်၏တိုင်တန်းမှုကြောင့် အိမ်နီးချင်း ရန်ဖြစ်ကြလေတော့၏။ ကျွန်ုပ်၏မိခင်မှာ  နန်းတွင်းသူဖြစ်သော်လည်း ဒေါသကြီးသော အမျိုးဖြစ်၍  ဖြစ်မိလျှင် မလျှော့ချင်တတ်သော ဝါသနာအတိုင်း ငါးစိမ်းသည် သားအမိသုံးယောက် (မိခင်နှင့် သမီးနှစ်ယောက်) တို့အား ချဲလင့်လုပ်သေးရာ အရပ်က ဖျန်ဖြေ၍ ပြီးသွားရသည်။ ကျွန်ုပ်အဖို့ရာ၌ကား ထိုနေ့မှစ၍ ဟိုကောင်နှင့် ပေါင်းသင်းခွင့်မရတော့ချေ။ သို့သော် မိဘများ၏အမိန့်ကို မတော်လှန်ဝံ့၍သာနေရသည်။ ကျွန်ုပ်အား လှေကားပေါ်မှ တွန်းချသောကောင်ကို စိတ်မနာဘဲ ခေါ်ချင်သောကြောင့် စိတ်ထဲ၌ တရွရွဖြစ်လျက်ရှိသည်။   ကျွန်ုပ်မှတ်မိသလောက်မှာ    ကျွန်ုပ်သည် ဟိုကောင်၏နှိပ်စက်ခြင်းကို တစ်နှစ်ခန့်လောက်ခံခဲ့ရသည်။

သီလရှင်ကျောင်း

ထိုအချိန်မှစ၍ မိဘများသည် ကျွန်ုပ်အား ဟိုကောင်နှင့် မပေါင်းမိစေရန် စာသင်ကျောင်းသို့ ပို့လေတော့သည်။ ကျောင်းမှာ သီလရှင်ကြီးတစ်ပါး တည်ထောင်ထားသည့် စာသင်ကျောင်းဖြစ်လေရာ ကျွန်ုပ်ထက် ရှစ်နှစ်ခန့်ကြီးသော(မိခင်၏ညီမ) အဒေါ်တစ်ယောက်နှင့်အတူ ကျောင်းတက်၍ ကျွန်ုပ်အား ကာကွယ်စောင့်ရှောက်ပေးလေသည်။

ကျောင်းသူ၊ ကျောင်းသားများအနက်တွင် ကျွန်ုပ်ပင် အငယ်ဆုံးဖြစ်၍ ကျောင်းသားကြီးများက ထိပ်ထိုး၊ ခေါင်းပုတ် လုပ်ချင်ကြသော်လည်း အဒေါ်ကျောင်းသူ၏ ကာကွယ်မှုကြောင့် ထိုကျောင်း၌ အတော်သက်သာခွင့်ရခဲ့သည်။  သို့နှင့်ပင် ကျွန်ုပ်၏အဒေါ်  ကျောင်းမတက်သော တစ်နေ့၌ ကျောင်းသားကြီးများသည် ကျွန်ုပ်အား ဝိုင်း၍ကျီစယ်ကြသည်။ မိဘများသည် ထိုခေတ်က ချစ်တတ်သောမိဘများ၏ ထုံးစံအတိုင်း ကျွန်ုပ်အား ကတ္တီပါရွှေဇာသတ်သည့် (ဇာတ်မင်းသားများ ဝတ်သော) ဘောင်းဘီကလေးဖြင့် ဆင်ပြင်ထားရာ ကျောင်းသားများသည် ကျွန်ုပ်၏ ပြောင်လက်သော ကတ္တီပါဘောင်းဘီကို မျက်မုန်းကျိုးကြသည့် လက္ခဏာနှင့်    ဘောင်းဘီအနားကွပ်   ရွှေချည်မျှင်များကို  ဆွဲ၍နုတ်ကြ၏။ အခါတိုင်းမူကား အဒေါ်၏ကာကွယ်မှုကြောင့် ရွှေချည်တစ်မျှင်တလေမျှသာ အနုတ်ခံရ၏။ အဒေါ်မပါသော ထိုနေ့၌မူ ကျောင်းသားအားလုံး ဝိုင်း၍ နုတ်ယူလိုက်ကြသောကြောင့် အနားသတ်သော ရွှေချည်တစ်မျှင်မျှမကျန်တော့ဘဲ   ကတ္တီပါဘောင်းဘီချည်းငုံးတိတိနှင့်  အိမ်သို့ ပြန်လာရလေသည်။                                        

 ဆက်လက်ဖော်ပြပါမည်။