စိုက်ပျိုးစီးပွား ပြည့်ခွန်အား ဆောင်ရွက်ကြစို့လား

 

စိုက်ပျိုးစီးပွား ပြည့်ခွန်အား ဆောင်ရွက်ကြစို့လား

 

        “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက်ရေး” ဆိုတဲ့ စီးပွားရေး ဦးတည်ချက်ဟာ မြန်မာနိုင်ငံလို စိုက်ပျိုးမွေးမြူရေးကို အဓိကထားတဲ့နိုင်ငံအတွက် အလွန်သင့်တော်မှန်ကန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေရာမှာ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်နေကြတဲ့ တောင်သူလယ်သမားများအနေနဲ့ ကုန်ထုတ်စွမ်းအား မြင့်မားအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ GDP တိုးတက်ရေးမှာ အဓိကပါဝင်တဲ့ စိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်မှုတိုးတက်ဖို့ဆိုရင်  လယ်ယာကဏ္ဍမှာ အဓိကလိုအပ်တာတွေက မျိုး၊ မြေ၊ ရေ၊ နည်းပဲဖြစ်ပါတယ်။ မျိုးကောင်း မျိုးသန့်ရရှိရေး၊ မြေဆီဩဇာကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေး၊ စိုက်ပျိုးနည်းစနစ်နဲ့ နည်းပညာ ကောင်းမွန်မှန်ကန်ရေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက် လေးခုစလုံးကို စိုက်ပျိုးသူ တောင်သူဦးကြီးများ၊ သက်ဆိုင်ရာစိုက်ပျိုးရေးနဲ့ နှီးနွှယ်သုတေသနဌာနများ၊ စိုက်ပျိုးရေး ဝန်ဆောင်မှု ပေးနေတဲ့ ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ   အားလုံးက တက်ညီလက်ညီ  ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်မြင့်မားလာစေဖို့ဆိုရင် တောင်သူ လယ်သမားများအနေနဲ့ မိမိပိုင်စိုက်ခင်း၊ စိုက်ကွက်၊ ယာမြေ၊ ကိုင်းကျွန်းမြေများပေါ်မှာ သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ သီးထပ်ဆိုတာကတော့ မြေကွက်တစ်ကွက်ပေါ်မှာ  သီးနှံတစ်ခုရိတ်သိမ်းပြီး နောက်သီးနှံတစ်ခု ထပ်မံစိုက်ပျိုးခြင်းပဲဖြစ်ပါတယ်။  ပထမသီးနှံရိတ်သိမ်းပြီး မြေလွတ်ဖြစ်နေချိန်မှာ မြေလပ်မထားဘဲ အစိုဓာတ်ကျန်သေးတဲ့မြေကို အကျိုးရှိစွာ အသုံးချစိုက်ပျိုးတာမျိုးဖြစ်ပါတယ်။ သီးညှပ်စိုက်ပျိုးခြင်းကတော့ မြေကွက်တစ်ကွက်တည်းပေါ်မှာ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းမဟုတ်ဘဲ  နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုတဲ့သီးနှံများကို  တစ်ချိန်တည်းအတူတကွ အတန်းလိုက်  သို့မဟုတ်  သီးရောစိုက်ပျိုးခြင်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သီးထပ်၊သီးညှပ်စိုက်ပျိုးခြင်းတို့ကြောင့်  စိုက်ပျိုးထုတ်ကုန်များဟာ အရင်ထက် နှစ်ဆတိုးလာခဲ့ရင် လိုအပ်မှုတွေနေရာမှာ ဖူလုံမှု၊ ပိုလျှံမှု  အကျိုးရလဒ်တွေရလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေဧကတွေအားလုံးမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အပြည့်အဝ ဆောင်ရွက်နိုင်မယ်၊ မျိုး၊ မြေ၊ ရေ၊ နည်း  စတဲ့ခေတ်မီနည်းစနစ်တွေနဲ့ စိုက်ပျိုးမယ်  သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းစွမ်းအားတွေ တိုးချဲ့မယ်၊ အထွက်တိုးအောင်လုပ်နိုင်မယ်၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်မယ်ဆိုရင်  စိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်နှစ်ဆတိုးမြှင့်ကာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်လာမှာအမှန်ပါပဲ။ 

စိုက်ပျိုးရေးလုပ်ငန်းတွေ တွင်ကျယ်ရင်တွင်ကျယ်သလို ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပတင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် ပြည်ပဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားမြင့်မားလာမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေကို အရေအတွက်ရော၊ အရည်အချင်းပါ ကောင်းမွန်အောင်ထုတ်လုပ်နိုင်ရင် ပြည်ပက တင်သွင်းနေရတာတွေကို အများကြီးလျှော့ချနိုင်မှာဖြစ်ပြီး  နိုင်ငံခြားငွေသုံးစွဲမှုများလည်း လျော့ကျလာမှာဖြစ်ပါတယ်။      ဒီလိုနိုင်ငံခြားငွေသုံးစွဲရမှုတွေ လျော့ကျလာရင် ပြည်တွင်းငွေကြေးလည်ပတ်မှုတွေလည်း တည်ငြိမ်တိုးတက် ကောင်းမွန်လာပြီး နိုင်ငံစီးပွားရေးလည်း မြင့်တက်လာနိုင်ပါတယ်။ ဒီလိုနိုင်ငံစီးပွားရေးတိုးတက်လာပြီဆိုရင်  ပြည်သူတစ်ဦးချင်းရဲ့ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရရဲ့ ဦးတည် ချက်တွေမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုတာကို သတ်မှတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

နိုင်ငံတော်အကြီးအကဲအနေနဲ့ နိုင်ငံသာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေးကို အဓိကထား လမ်းညွှန်ပြောကြားနေသလို အဲဒီကဏ္ဍအတွက် ဖြည့်ဆည်းပေးသင့်တာ၊ ဆောင်ရွက်ပေးသင့်တာတွေအားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ မကြာမီက သွားရောက်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်မှာဆိုရင် တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆောင်ရွက်လို့ရမယ့် အခြေအနေအားလုံးကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးချပြခဲ့ပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ နည်းပညာပံ့ပိုးမှုတွေ လာရောက်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ခဲ့သလို နိုင်ငံတော်အစိုးရအနေနဲ့လည်း လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကတိပြုခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း   အားရဝမ်းသာ တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သဘာဝအရ တည်ရှိနေတဲ့ တည်နေရာကြောင့် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား ကြီးမားတဲ့ဈေးကွက်နဲ့ လျင်မြန်စွာတိုးတက်နေတဲ့ အာဆီယံဒေသတွင်းမှာ အချက်အချာ ကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး လုပ်ငန်း  ကောင်းကောင်းဆောင်ရွက်ဖို့ ရာသီဥတုနဲ့ မြေအကျယ်အဝန်းရှိပါတယ်။ အရှေ့တောင်အာရှမှာ လယ်ယာမြေ အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့    ရှိရင်းစွဲသဘာဝက ပေးထားတဲ့စိုက်ပျိုးရေး အခြေခံကောင်းတွေကို အသုံးချပြီး  ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ အဓိကထုတ်လုပ်တဲ့ နိုင်ငံဖြစ်အောင်ကြိုးစားနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းထုတ်ကုန်တွေ တိုးတက်မြင့်မားလာစေဖို့အတွက် စိုက်ပျိုးရေးနည်းစနစ်များနဲ့အတူ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့်  ပိုးသတ်ဆေး လိုအပ်ချက်ရှိနေပါတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန်မြှင့်တင်နိုင်မယ့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာတွေ၊ သိုလှောင်ရုံတွေ ရင်းနှီးမြှုပ်နှံနိုင်ဖို့လည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ဆောင်ကြဖို့ နိုင်ငံတော် အကြီးအကဲက ဖိတ်ခေါ်ခဲ့တာကို တွေ့လိုက်ရပါတယ်။

နိုင်ငံရဲ့စီးပွားရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အရေးပါလှတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးတဲ့သီးနှံများဟာ ပန်းတိုင်အထွက်နှုန်းရရှိဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးသီးနှံများရဲ့ ထုတ်လုပ်မှုတိုးတက်ရေး သော့ချက်က သီးနှံများရဲ့  တစ်ဧကမှာဝင်ဆံ့တဲ့ အပင်အရေအတွက် ပြည့်မီရေးပဲဖြစ်ပါတယ်။

သီးနှံတွေစိုက်ပျိုးတဲ့အခါ အပင်အရေအတွက်မပြည့်မီခြင်း၊ ဝင်ဆံ့ရမယ့် အပင်အရေအတွက်ထက် များပြားခြင်းတွေဟာ သီးနှံအထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရေးတို့အပေါ်မှာ အနှောင့်အယှက်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သီးနှံခင်းအများစုမှာ သတ်မှတ်အပင်အရေအတွက် မပြည့်မီခြင်းများ တွေ့ရှိနေရပါတယ်။

စပါးသီးနှံကိုစိုက်ပျိုးရာမှာ တစ်ဧကအပင်အရေအတွက် ကောက်ကွက်  ၁၃၀၀၀၀-၁၅၀၀၀၀ ဝင်ဆံ့အောင် စိုက်ရပါတယ်။ ပင်ခြား ၉ လက်မ၊ အတန်းခြား ၄ လက်မနဲ့ ပင်ခြား ၈ လက်မ၊ အတန်းခြား ၆ လက် မစိုက်ပျိုးရပါတယ်။ စိုက်ပျိုးချိန်ကရှိတဲ့ အပင်အရေအတွက်အတိုင်း ရိတ်သိမ်းချိန်မှာ အပင်အရေအတွက် ပြည့်မီဖို့ဆိုရင် လိုအပ်တဲ့ ထယ်ရေးပြုပြင်ခြင်း၊ သတ်မှတ် ကာလအတွင်း သားခွဲခြင်း၊ အပင်မှုန်းခြင်း၊ လိုအပ်တဲ့ သွင်းအားစုတွေထည့်သွင်းခြင်း၊ ဖြည့်စွက်ရေ ထည့်သွင်းပေးခြင်း၊ အချိန်မီရိတ်သိမ်းခြင်းတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

လယ်ယာဦးကြီးများအနေနဲ့ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းတဲ့ မနောသုခ၊ ဆင်းသုခ၊ ဆင်းနွယ်ရင်၊ ဆင်းဧကရီ (၃)၊ ရွှေသွယ်ရင်၊ ရေဆင်းလုံးသွယ်၊ သုခရင်တို့ကို ပုံမှန်အားဖြင့် စိုက်ပျိုးကြပါတယ်။   ပေါ်ဆန်း၊  ပေါ်ဆန်းမွှေး၊ မဂျမ်းတော၊  ရွှေရင်အေး  စတဲ့မျိုးများကိုလည်း ဒေသအလိုက်   အားသာတဲ့နေရာတွေမှာ ရွေးချယ်စိုက်ပျိုးကြပါတယ်။ အဲလိုစိုက်ပျိုးတဲ့အခါမှာ ယူရီးယားနှစ်အိတ်၊ ပိုတက်ရှ်တစ်အိတ်၊ ကွန်ပေါင်းတစ်အိတ်နဲ့ နွားချေးတင်း ၄၀ ထည့်သွင်းရပါမယ်။ အနှံပါသီးလုံးအားလုံး အောင်မြင်စေဖို့ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေဩဇာဆတူ ရောစပ်ပြီး  တစ်ဧကမှာ ၁၂ ဒသမ ၅ ကီလိုခန့် အလံရွက်ထွက်ချိန်မှာ ထည့်သွင်းရပါမယ်။ မြေကို ပြုပြင်ရာမှာ  တမန်းညက်ညက်ထွန်ယက်ပြီး တမန်းပူမဖြစ်စေဖို့ အချိန်ယူ အပုပ်ခံထားရပါတယ်။ စပါးပင်တွေဖြစ်ထွန်းအောင်မြင်ဖို့ အပင်ပွားစည်းချိန်မှာ ပင်ပွားများများထွက်စေဖို့ ရေသွင်း ရေခန်း စနစ်ကျင့်သုံးရပါမယ်။ မကျင့်သုံးနိုင်ရင် ရေခပ်စပ်စပ်သာထားပြီး စိုက်ရပါမယ်။ ရွှေ့ပြောင်း စိုက်ပျိုးရာမှာ ပျိုးသန့်ရရှိရေးအတွက် ပျိုးကို ပါးပါးထောင်ပါ။ ပျိုးသက်နု(၂၁ ရက်မှ ၂၈ ရက်အတွင်း) ရအောင်စိုက်ပျိုးပါ။   ချက်ချင်းနုတ် ချက်ချင်းစိုက်ပျိုးရမှာပါ။ ရိတ်သိမ်းချိန် အလေအလွင့်မရှိစေဖို့ မောင်းညိုချိန်မှာ ရိတ်သိမ်းကြရမှာဖြစ်ပါတယ်။ ဒါကတော့ စပါးစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးတည်ချက်တွေထဲမှာ “ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း   ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဆိုတဲ့ ဦးတည်ချက်ကလည်း အမှန်တကယ် ဆောင်ရွက်ရမယ့်အချက်ဖြစ်ပါတယ်။ လူနေမှုဘဝမှာ နေ့စဉ်ဆီစားသုံးမှုရှိပါတယ်။ ဆီဟာမပါမဖြစ်ဆိုပေမယ့် ဆီကိုလျှော့စားနိုင်ရင် ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

ထို့အတူ လူတိုင်းက ဆီကိုလျှော့စားကြမယ်ဆိုရင် နိုင်ငံအတွက်လည်း အကောင်းဆုံးပါပဲ။ ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ စားသုံးဆီတွေကို မိမိတို့နိုင်ငံမှာ အလျှံပယ်ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံရဲ့GDP တိုးတက်လာမှာဖြစ်ပါတယ်။ ဆီထုတ်လုပ် မှုမှာ အဓိကကျတဲ့ သီးနှံတွေကတော့မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်းစတာတွေဖြစ်ပါတယ်။    အဲဒီသီးနှံတွေကို အထက်မှာဖော်ပြခဲ့သလို အထွက်နှုန်းတိုးဖို့ မျိုး၊ မြေ၊ ရေ၊ နည်းဆိုတာတွေနဲ့ ပြည့်စုံအောင် လုပ်ဆောင်ကြရပါမယ်။

မြေပဲသီးနှံစိုက်ပျိုးမယ်ဆိုရင် တစ်ဧက အပင်အရေအတွက် တစ်သိန်း ဝင်ဆံ့အောင် စိုက်ပျိုးခြင်း၊ ပင်ခြား ၁၅ လက်မ၊ အတန်းခြား ၄ လက်မ ထားရှိစိုက်ပျိုးရပါမယ်။ ဆင်းပဒေသာ (၆)၊ ဆင်းပဒေသာ(၇)၊ ဆင်းပဒေသာ (၁၁)၊ မကွေး(၁၁)၊ မကွေး(၁၆) မျိုးများကို စိုက်ပျိုးသင့်ပါတယ်။ ယူရီးယားလေးပုံ တစ်ပုံ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်လေးပုံတစ်ပုံ၊ နွားချေး ၁၂၅ တင်း၊ ကျောက်မှုန့် ငါးအိတ်   ထည့်သွင်းအသုံးပြုရပါမယ်။ မြေပဲစိုက်မယ့်မြေမှာ  အစိုဓာတ် ရှိနေရပါမယ်။ အစိုဓာတ်ထိန်းဖို့ သဘာဝမြေဩဇာ ထည့်ရပါမယ်။ ယူရီးယားမြေဩဇာ လျှော့ချသုံးစွဲနိုင်ရေးအတွက်     မျိုးစေ့များကို ရိုင်ဇိုဘီယမ်(ပဲမြစ်ဖု ဇီဝမြေဩဇာ) လူးနယ်စိုက်ပျိုးရပါမယ်။  ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စိုက်ပြီးရက်(၄၀)မတိုင်မီ မြေပဲစွယ်တွေ အချိန်မီဆင်းနိုင်ဖို့ ဂျစ်ပဆန်မြေဩဇာ ၂၅ ကီလိုတစ်အိတ်ထည့်သွင်းပြီး ပေါင်းလုံးရန် လိုအပ်ပါတယ်။

နှမ်းသီးနှံစိုက်ပျိုးမယ်ဆိုရင် တစ်ဧကကို အပင်အရေအတွက် ၁၀၀၀၀၀ မှ ၁၃၀၀၀၀ အတွင်း ဝင်ဆံ့အောင်စိုက်ရပါမယ်။ ပင်ခြား ၁၅ လက်မ၊ အတန်းခြား ၄ လက်မနဲ့ပင်ခြား ၁၂ လက်မ၊ အတန်းခြား ၄ လက်မစိုက်ပျိုးရပါမယ်။ တစ်ဧက ရိတ်သိမ်းအပင်အရေအတွက်ကို ကိုင်းဖြာသောမျိုးများအတွက် ၁၀၀၀၀၀ နှင့် တစ်ပင်တိုင်မျိုးများအတွက် ၁၂၈၀၀၀ ပင်ရရှိအောင် စိုက်ပျိုးရပါမယ်။ နှမ်းသီးနှံမျိုးတွေဖြစ်တဲ့ ဆင်းရတနာ (၃)၊ ဆင်းရတနာ(၄)၊ သိပ္ပံနှမ်းနက်၊ စမုန်နက်၊ ဆင်းရတနာ(၁၄)တို့ကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးချိန်မှာ သင့်တော်တဲ့ အစိုဓာတ်ရှိဖို့ လိုအပ်ပါတယ်။ “ငုံးပျံဖုန်ထ နှမ်းကြဲရ” ဆိုတဲ့အတိုင်း မြေကို ထယ်ထိုးထွန်မွှေ၊ မှုန့်အောင်လုပ်ပြီး စိုက်ပျိုးရပါမယ်။ ယူရီးယားအိတ်ဝက်၊ တီစူပါအိတ်ဝက်၊ပိုတက်ရှ်လေးပုံတစ်ပုံနဲ့  နွားချေး ၁၂၅ တင်းခန့် ထည့်သွင်းသုံးစွဲရပါမယ်။

နေကြာသီးနှံစိုက်ပျိုးမယ်ဆိုရင် တစ်ဧကမှာအပင်အရေအတွက် ၂၉၀၀၀ ဝင်ဆံ့အောင် စိုက်ရပါမယ်။ ပင်ခြား ၂ ပေ၊ အတန်းခြား ၉ လက်မစိုက်ရပါမယ်။ ဆင်းရွှေကြာ(၂)၊ ရေဆင်းမျိုးတို့မှာ သင့်တော်ပြီး အထွက်နှုန်းကောင်းတဲ့    မျိုးတွေစိုက်ပျိုးသင့်ပါတယ်။ ယူရီးယား တစ်အိတ်ခွဲ၊ တီစူပါအိတ်ဝက်၊ ပိုတက်ရှ်အိတ်ဝက်နဲ့ နွားချေး ၁၂၅ တင်းအသုံးပြုရပါမယ်။ စိုက်ပြီး တစ်လ အတွင်း လုံလောက်တဲ့အစိုဓာတ်ရစေဖို့ စိုက်ကြောင်းဖော်  မျိုးစေ့ချရပါမယ်။

အစိုဓာတ် ထိန်းသိမ်းဖို့ ချက်ချင်း ကျမ်းတုံးရိုက်ရပါမယ်။ အပင်သားခွဲခြင်းနဲ့ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းတွေ လုပ်ဆောင်ရပါမယ်။ အပင်သက်တမ်း(၄၅)ရက်သားခန့်မှာ ဖြည့်စွက်ရေ (ခါးရေ) ပေးသွင်းရပါမယ်။  သီးညှပ်စိုက်ပျိုးတဲ့ နေကြာတွေကို အကန့်လိုက်စနစ်နဲ့ စိုက်ပျိုးရပါမယ်။ ပန်းဖူးစတင်ချိန် (ကြက်ချေးစုချိန်)မှ အစေ့အဆန်အောင်မြင်ချိန်အထိ ပိုးသတ်ဆေးသုံးစွဲခြင်းကို ရှောင်ရပါမယ်။ ဒါမှသာ ပျားများလာရောက်ပြီး ဝတ်မှုန်ကူးခြင်းအောင်မြင်မှာ ဖြစ်ပါတယ်။  ဒါမှလည်းနေကြာလည်းစိုက်သာ၊ ပျားလည်း စွဲသာဖြစ်နေမှာပါ။

အစေ့ထုတ်ပြောင်းစိုက်ပျိုးရေးနဲ့ပတ်သက်ရင် တစ်ဧကအပင် အရေအတွက် ၂၃၀၀၀ ဝင်ဆံ့ရမယ်။ ပင်ခြား ၃၀ လက်မ၊ အတန်းခြား ၉ လက်မရှိရမယ်။ ရေဆင်းစပ်မျိုး(၁၀)၊ CP-808၊ CP-809၊ CP-222၊ NK-625၊ GT-722 မျိုးတွေကိုရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ယူရီးယားတစ်အိတ် ခွဲ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်တစ်အိတ်ရဲ့ လေးပုံတစ်ပုံ ထည့်သွင်းရပါမယ်။ စိုက်ပျိုးပြီး(၃၅-၄၀)ရက်သားမှာ ယူရီးယား ၂၅ ကီလို၊ ပိုတက်ရှ် ၁၂ ဒသမ ၅ ကီလိုနှုန်း ထည့်သွင်းပြီး   ပေါင်းသင်ပေးရပါမယ်။ 

အစိုဓာတ်လိုအပ်ချိန်မှာ ရေသွင်းပေးရပါမယ်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့ နို့ရည်တည်ချိန်မှာ အစိုဓာတ်မပြတ်စေဖို့ ဂရုပြုရပါမယ်။

မြန်မာနိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်စတဲ့   ဘီးတပ်ယာဉ်တွေ  များပြားလှပါတယ်။ ဘီးတပ်ယာဉ်တွေအားလုံးအတွက် တာယာနဲ့ကျွတ်   စတဲ့လိုအပ်ချက်တွေကလည်း များပြားပါတယ်။ အဲဒီလိုအပ်ချက်ကိုလည်း နိုင်ငံတွင်းမှာ စက်မှုကုန်ကြမ်းသီးနှံ   ရော်ဘာကိုစိုက်ပျိုးပြီး ဖြည့်ဆည်းရမှာဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာများမှာအသုံးပြုတဲ့ တာယာတွေကိုလည်း ထုတ်လုပ်နိုင်ရမှာဖြစ်ပါတယ်။ ရော်ဘာကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုတို့မှာ ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားပြီး အစေးခြစ် ဧကတစ်သန်းနီးပါး၊ ရော်ဘာ တန်ချိန် သုံးသိန်းကျော်ထွက်ရှိပါတယ်။  နှစ်စဉ်ထွက်ရှိတဲ့ ရော်ဘာထဲက တန်ချိန် နှစ်သောင်းကျော်ကို ပြည်တွင်းမှာသုံးစွဲပြီး တန်ချိန်သုံးသိန်းခန့်ကို ပြည်ပကိုတင်ပို့ရောင်းချပါတယ်။

ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်လို့ စိုက်ပျိုးမယ်ဆိုရင် တစ်ဧက အပင်အရေအတွက် ၁၀၀၀၀ ဝင်ဆံ့အောင်စိုက်ပျိုးမယ်။ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၁၁)နဲ့ အထွက်နှုန်းကောင်းစပ်မျိုးများ စိုက်ပျိုးမယ်။ ယူရီးယားတစ်အိတ်၊ ပိုတက်ရှ်တစ်အိတ်၊ ကွန်ပေါင်း နှစ်အိတ်နဲ့နွားချေးတင်း ၂၀၀ ထည့်သွင်းရပါမယ်။ အစိုဓာတ်မပြတ်လပ်အောင် ဖြည့်စွက်ရေ မဖြစ်မနေသွင်းပေးရပါမယ်။ စိုက်ပြီးနှစ်လအတွင်း သတ်မှတ်အစိုဓာတ်ရရှိဖို့ ရေပေးသွင်းရပါမယ်။ စိုက်ကျင်းတစ်ကျင်းမှာ နှစ်ပင်ချန်ပြီးသားခွဲရပါမယ်။ ပင်သေပင်ပျောက် မဖြစ်စေဖို့နဲ့  ဖာထေးနိုင်ဖို့ သက်တမ်းတူ အရန်ပျိုးပင်တွေပျိုးထောင်ထားပြီး နှစ်ပတ်အတွင်း အစားထိုးစိုက်ပျိုးရပါမယ်။

ဒီကနေ့ကမ္ဘာကြီးမှာ   လူဦးရေတိုးတက်နှုန်းမြင့်မားခြင်းနဲ့အတူ   စားနပ်ရိက္ခာလိုအပ်မှုလည်း များပြားလာနေပြီဖြစ်ပါတယ်။ ရိက္ခာဖူလုံမှုပြဿနာဟာ ပိုမိုကြီးမားလာဖွယ်ရှိနေပါတယ်။ စားနပ် ရိက္ခာဖူလုံမှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက်နေရခြင်း မဟုတ်တော့ဘဲ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးလာပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတတွေမျှဝေခြင်း၊ ဒေသတွင်းစားနပ်ရိက္ခာ ဈေးကွက်ဖော်ဆောင်ခြင်း၊ နည်းပညာလွှဲပြောင်းမှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲမှာ မြန်မာနိုင်ငံဟာ အဆင့်(၈)ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံက တောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်တွေ၊ လုပ်သားတွေ အားလုံးအနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို အားတက်သရော    စိတ်ပါဝင်စားစွာ လုပ်ဆောင်ကြဖို့နဲ့  လုပ်ဆောင်နိုင်ရင်လုပ်ဆောင်နိုင်သလောက် အကျိုးအမြတ်များပြားကြောင်းကိုလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ရေခံမြေခံကောင်းတွေအရ  စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း မိရိုးဖလာစိုက်နည်းများနှင့်အတူ  ခေတ်ရေစီးကြောင်းအရ တိုးတက်ထွန်းကားလာတဲ့ စိုက်ပျိုးရေး နည်းပညာများကို ပေါင်းစပ်အသုံးချကာ မိမိရပ်ရွာမှသည် မိမိတို့မြို့အထိ၊ မိမိတို့မြို့မှသည် မိမိတို့ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအထိ၊ ထိုကနေတစ်ဆင့် မိမိတို့တိုင်းပြည်အထိ၊ မိမိတို့တိုင်းပြည်မှသည် အခြားနိုင်ငံများအထိ  မိမိတို့ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ကြရမှာဖြစ်ပါတယ်။  မျိုး၊ မြေ၊ ရေ၊ နည်းတွေ မှန်ကန်အကျိုးရှိစွာအသုံးချမယ်။ သီးထပ်သီးညှပ်တွေကို  မိုးလေဝသပေါ်မူတည်ပြီး စိုက်ပျိုးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။  လယ်ခင်းယာခင်းတွေကို ဒီလို နည်းစနစ်ကျကျအချိန်နဲ့အမျှ အသုံးချနိုင်တဲ့အခါ စိုက်ပျိုးရေးထုတ်ကုန်တွေ ပန်းတိုင်ရည်မှန်းချက် မီအောင်ထွက်ရှိပြီး  စိုက်ပျိုးရေးကို လုပ်ကိုင်တဲ့ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း ဆောင်ရွက်သူများလည်း စီးပွားရေးအဆင်ပြေလာမှာဖြစ်ပါတယ်။ သီးနှံတွေအထွက်တိုးလာတဲ့အခါ သီးနှံကိုအခြေခံတဲ့ ကုန်ကြမ်း၊ ကုန်ချောထုတ် စက်ရုံ၊ အလုပ်ရုံတွေလည်း ပိုမိုလည်ပတ်လာနိုင်မှာဖြစ်ပါတယ်။  ဒီလိုစက်ရုံ၊ အလုပ်ရုံတွေ အင်အားကောင်းကောင်းနဲ့လည်ပတ်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း နေရာတွေဟာလည်း ပေါများလာမှာဖြစ်ပါတယ်။ ဒီလိုပေါများလာတဲ့အခါ  အလုပ်လက်မဲ့ လူဦးရေဟာလည်း နည်းသထက်နည်းလာမှာဖြစ်ပါတယ်။ လူတိုင်းနီးပါးဝင်ငွေရှိလာတဲ့အခါ စားဝတ်နေရေး တွေလည်း ပိုမိုအဆင်ပြေလာကြပြီး လူနေမှုအဆင့်အတန်းတွေလည်း ပိုမိုမြင့်မားလာပါလိမ့်မယ်။ နိုင်ငံသားတစ်ဦးချင်းဆီမှာဝင်ငွေရှိမယ်၊လူနေမှုအဆင့်အတန်းမြင့်မားလာမယ်ဆိုရင်နိုင်ငံတော်မှာဝင်ငွေရှိပြီး နိုင်ငံတော်ရဲ့အဆင့်အတန်း မြင့်မားလာတာနဲ့ အတူတူပါပဲ။ နိုင်ငံတစ်ခုဟာ  ဒီလိုဝင်ငွေ တိုးပြီး စီးပွားရေးအဆင်ပြေလာတာနဲ့အမျှ   နိုင်ငံရေးနဲ့    ကာကွယ်ရေးအင်အားပါ  တောင့်တင်းလာမှာဖြစ်ပါတယ်။  ဒီလိုတည်ငြိမ်အေးချမ်း သာယာဝပြောတဲ့ နိုင်ငံတစ်ခု

စီကို အလည်အပတ်လာရောက်ချင်တဲ့ ခရီးသွားဧည့်သည်တွေများမှာဖြစ်တဲ့အတွက်  မီးခိုးမထွက်တဲ့ စီးပွားရေး လုပ်ငန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဟာ    ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။   ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့  ပြည်ပနိုင်ငံတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ    ဝင်ရောက်လာကြပါလိမ့်မယ်။ ဒါတွေဟာ   စိုက်ပျိုးရေးကိုအခြေခံပြီး ကောင်းကျိုးဖြစ်ထွန်းစေတဲ့အကြောင်းတရားများဖြစ်ပါတယ်။     ဒါ့ကြောင့်မို့ သက်ဆိုင်သူအားလုံးက “စိုက်ပျိုးစီးပွား ပြည့်ခွန်အား ဆောင်ရွက်ကြစို့လား” လို့ တိုက်တွန်းနှိုးဆော် အသိပေး  ရေးသားလိုက်ပါတယ်။   ။