
ဒီဇင်ဘာ အားကစားလနှင့် လမ်းလျှောက်ခြင်း ကျန်းမာရေး
နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအား အလေးထားပြုလုပ်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် အသက်ရှည်ကျန်းမာလန်းဖြာမှသာ မိမိတို့၏ နိစ္စဓူဝအမှုကိစ္စများကို တက်ကြွရွှင်လန်း အားစိုက်ခွန်စိုက် အလုပ်လုပ် နိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများအဖြစ် ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများအား နိုင်ငံတစ်ဝန်းတွင် ကျင်းပကြခြင်းဖြစ်သည်။ အဆိုပါဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပဆောင်ရွက်ခြင်းသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်ဖြစ်သည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လူအများဖြင့်ဖြစ်စေ စုပေါင်းဆောင်ရွက်သည့် လှုပ်ရှားဆောင်ရွက်မှုအားလုံးသည် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်သူအားလုံး ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျန်းမာပျော်ရွှင်သော သူများဖြစ်စေရေးအတွက် သက်ရှိလူသားတိုင်း အားကစားနှင့် ကင်းကွာ သောနေ့များမရှိစေရေး၊ အားကစားနည်းတစ်ခုခုကိုဖြစ်စေ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းတစ်ခုခုကို ဖြစ်စေမပျက်မကွက် ဆောင်ရွက်သင့်သည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း များစွာရှိသည့်အနက် အရွယ်သုံးပါးစလုံး တစ်ဦးချင်းဖြစ်စေ၊ လူအများစုပေါင်း၍ဖြစ်စေ လိုက်ပါလုပ်ဆောင်နိုင်သည့် လုပ်ဆောင်ရန် လွယ်ကူသောလေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။
လူသားတိုင်း ကျန်းမာကြံ့ခိုင်စေရန်၊ အနာရောဂါကင်းရှင်းစေရန်၊ အသက်ရှည် နုပျိုရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ ကစားခုန်စားခြင်းတို့ကို ပုံမှန်ပြုလုပ်ရန်လိုအပ်သည်။ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရာတွင် လူတိုင်းအတွက် အဆင်ပြေသော၊ အလွယ်တကူပြုလုပ်နိုင်သော အားကစားနည်းမှာ လမ်းလျှောက်ခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ဆင်းရဲ ချမ်းသာမရွေး၊ လူတန်းစားမရွေး အလွယ်တကူပြုလုပ်နိုင်သော အားကစားနည်းဖြစ်သည်။ လမ်းလျှောက်ရင်းဖြင့် သွေးပူလေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းများကို ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်မှသာ သွေးလည်ပတ်မှုကောင်းမွန်ခြင်း၊ အကြောအခြင်များ၊ အရိုးအဆစ်များလှုပ်ရှားမှုရှိခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ရခြင်း၊ ကိုယ်စိတ်ပေါ့ပါးလန်းဆန်းခြင်း၊ ခန္ဓာကိုယ် အလေးချိန်လျှော့ချနိုင်ခြင်း စသည်ဖြင့် များစွာသော ကောင်းကျိုးများကို ရရှိနိုင်မည်ဖြစ်သည်။
“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း လမ်းလျှောက်ခြင်းသည် လူတစ်ယောက်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခြေသလုံးကြွက်သားများ ပိုမို သန်မာလာစေသည်။ ခြေသလုံးကြွက်သားနှင့် နှလုံးသည် ဆက်နွှယ်မှုရှိသည်။ ခြေသလုံးကြွက်သားသန်မာလေ နှလုံးအားကောင်းလေဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါထိခိုက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ သွေးတိုးရောဂါဖြစ်ပွား မှုကို လျော့နည်းစေပြီး ခန္ဓာကိုယ်တွင်းမှ ကိုလက်စထရောများကိုလည်း လောင်ကျွမ်းစေသည်။ နံနက်စောစောလမ်းလျှောက်ပြီး အသက်ရှူခြင်း၊ သွေးပူလေ့ကျင့်ခန်းများပြုလုပ်ခြင်းကြောင့် လူတစ်ယောက်သည် သူ၏အလုပ်၊ မိသားစုအတွက်၊ တစ်နေ့တာအတွက် လန်းဆန်းတက်ကြွနေပြီး လုပ်ငန်းတာဝန်များကို အကောင်းဆုံး လုပ်ဆောင်နိုင်မည်ဖြစ်သည်။
လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းမလုပ်ဖြစ်နိုင်သူများသည် ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်ခြင်းမရှိသည့်အတွက် အသက်အရွယ်ကြီးရင့်လာသောအခါ ၉၀ ရာခိုင်နှုန်းခန့်သည် မတော်တဆလဲကျမှုကြောင့် အရိုးကျိုးပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ အများအပြားဖြစ်ပေါ်လာသည်ကိုတွေ့ရသည်။
လူတစ်ယောက်သည် နေ့စဉ် ခြေလှမ်း ၁၀၀၀၀ ခန့်လမ်းလျှောက်သင့်သည်။ ငါးရက် တိုင်တိုင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လမ်းမလျှောက်ဘဲ နေခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများပျက်စီးမှု ဖြစ်ပေါ်နိုင်စေသည့်အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အင်ဆူလင်အား အာရုံခံစားမှု လျော့နည်းခြင်းကတစ်ဆင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါကိုဖြစ်ပွားစေနိုင်သည်။ ထို့ပြင် ပျက်စီးသွားသော သွေးကြောများ ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် အချိန်အများကြီး လိုအပ်မည်ဖြစ်သည်။ တစ်ရက်လျှင် ခြေလှမ်း ၅၀၀၀ အောက် နည်းပြီး လမ်းလျှာက်သူများသည် ဇီဝရုပ်ဖြစ်ပျက်ခြင်း မူမမှန်ခြင်းများကြောင့် ရောဂါပိုမို ဖြစ်လွယ်စေသည်။ ပညာရှင်များ၏လေ့လာတွေ့ရှိချက်အရ ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်သူများသည် ဇီဝရုပ် ဖြစ်ပျက်မှုမမှန်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သောရောဂါများကို ကုစားနိုင်သည်။
လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်သူများအနေဖြင့် လမ်းလျှောက်သော နေရာဒေသပေါ် မူတည်ပြီး ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းမှုကိုဖြစ်စေသည်။ မြို့ပြဒေသများတွင် နေထိုင်သူများအတွက် ပန်းခြံ၊ ကန်ပေါင်ကဲ့သို့နေရာမျိုးတွင် လမ်းလျှောက်ခြင်းပြုလုပ်
သင့်သည်။ ကားလမ်းမနံဘေးလမ်းလျှောက်သူများနှင့် ပန်းခြံစသောနေရာများတွင် လမ်းလျှောက်သူများ၏ အဓိကကွာခြားချက်သည် အသက်ရှူနှုန်းဖြစ်သည်။ ကားလမ်းမနံဘေး လမ်းလျှောက်သူများ အနေဖြင့် သဘာဝလေကိုရရှိနိုင်မှု အလွန်နည်းပါးသည့်အပြင် မော်တော်ယာဉ်မှထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးငွေ့များသည် အသက်ရှူလမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်စေသည့်အပြင် လမ်းလျှောက်ချင်စိတ်အားလည်း လွတ်လပ်မှုမရှိဟုခံစားရနိုင်သည်။
သဘာဝလေရရှိသောနေရာမျိုးတွင် လမ်းလျှောက်သူများအနေဖြင့် စိတ်ကိုတက်ကြွ လန်းဆန်းစေသည့်အပြင် လမ်းလျှောက်ချင်စိတ်ကိုလည်း ပိုမိုဖြစ်ပေါ်စေသောကြောင့် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်မည်ဆိုလျှင် သဘာဝလေကောင်း၊ လေသန့်ရရှိနိုင်သော နေရာများအား ရွေးချယ်သင့်သည်။ ထို့အတွက်ကြောင့် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်း လျှောက်ပွဲများအား သဘာဝလေကောင်းလေသန့်ရရှိပြီး စိတ်ကိုတက်ကြွလန်းဆန်း စေမည့် နံနက်စောစောတွင် ပြုလုပ်ကြခြင်းဖြစ်သည်။
အားကစားလုပ်ရန် သီးခြားအချိန်မပေးနိုင်သူများအတွက် လမ်းလျှောက်ခြင်းသည် အချိန်မကုန်၊ လူမပင်ပန်း၊ ငွေကြေးကုန်ကျမှုမရှိသည့် အကောင်းဆုံးသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ ယနေ့သိပ္ပံခေတ် ဆေးပညာလောကတွင် ရောဂါကုထုံးအတော်များများကို လမ်းလျှောက်ခြင်းဖြင့် ကုစားနိုင်သည်ကို တွေ့ရှိရသည့်အတွက် ကမ္ဘာကျော် Reader Digest မဂ္ဂဇင်းတွင် လမ်းလျှောက်ခြင်းကို အားကစားရုံ၊ အားကစားခန်းမ မလိုသော လေ့ကျင့်ခန်း၊ ဆေးဝါးမလိုသော ဆရာဝန်ညွှန်ကြားချက်ဆေးညွှန်း၊ အစားလျှော့စားရန်မလိုသော ကိုယ်အလေးချိန်လျော့နည်း၊ ငွေကြေးမကုန်သော ခန္ဓာကိုယ်အလှပြုပြင် နိုင်သောကိရိယာ၊ ဆရာဝန်မလိုသော၊ ဆေးဝါးမလိုသော စိတ်ပျိုကိုယ်နုဆေး၊ ငွေကြေးမကုန်သော အားလပ်ရက်ခရီးထွက်ခြင်းမျိုးဟူ၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
မျက်မှောက်ကာလတွင် လူတို့အနေဖြင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာ သောကြောင့် မကူးစက်တတ်သောရောဂါအမျိုးမျိုးဖြစ်ပွားလာသည်။ ထို့ကြောင့် ရောဂါများကိုကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ခြင်း စသည့်လုပ်ငန်းများတွင် ဆေးဝါးမပါ၊ ကုန်ကျစရိတ်သက်သာပြီး အသက်အရွယ်မရွေး ဆောင်ရွက်နိုင်သော အားကစားနည်းတစ်မျိုးမှာ လမ်းလျှောက်ခြင်းသာဖြစ်သည်။
ထို့ကြောင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလမ်းလျှောက်ခြင်းမှာ လွန်စွာကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။ ။