
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
မိဘများသည် အလွန်မခံချင်၍ သီလရှင်ကြီးအား တိုင်တန်းလေရာ သီလရှင်ကြီးသည် ကျွန်ုပ် လက်ညှိုးထိုးပြသော ကျောင်းသား၊ ကျောင်းသူ အားလုံးကို ရိုက်လေတော့သည်။ ထိုနေ့မှစ၍ အရိုက် ခံရသော ကျောင်းသားများသည် ကျွန်ုပ်အား ရန်ငြိုး ဖွဲ့ကြသည့်လက္ခဏာနှင့် အဒေါ်အလစ်တွင် ထိုးကြ၊ ခေါက်ကြလေရာ ကလေးကတည်းက အတော် အတန်နှင့် မငိုတတ်သူဖြစ်၍ ကျိတ်ခံခဲ့ရသည်။
ဟိုကောင်၏နှိပ်စက်ခြင်းမှ လွတ်ခဲ့ရပြီဆိုသော် လည်း တစ်ယောက်၏လက်မှ အများ၏လက်သို့ ရောက်ရခြင်းဖြစ်၍ ကျွန်ုပ်မှာ ကျောင်းသားအရွယ် ကလေးအားလုံးကို မုန်းချင်သလိုလို ဖြစ်လာခဲ့လေပြီ။ ကလေးအချင်းချင်းတွေ့ရသည့်အခါ လည်ပင်းကို ပြေး၍ဖက်ချင်သော စိတ်မျိုးရှိခဲ့ရာမှ မသင်္ကာသော စိတ်မျိုးနှင့် ခပ်ဝေးဝေးမှလှမ်းကြည့်သောအဖြစ်မျိုး သို့ ပြောင်းလဲလာခဲ့လေပြီ။
ကျွန်ုပ်သည် ငယ်စဉ်ကအဖြစ်အပျက်များကို ပြန်ပြောင်းဆင်ခြင်သည့်အခါ (ဖော်ပြလတ္တံ့သော အခြင်းအရာများကြောင့်) မိမိကိုယ်ကို ဖြူကောင်နှင့် နှိုင်းယှဉ်မိသည်။ ဖြူကောင်သည် မည်သူ့ကိုမျှ ရန်မူခြင်းမရှိသော်လည်း 'အနားမကပ်ခဲ့နဲ့၊ တွယ်လိုက်မယ်' ဆိုသောအနေဖြင့် ကိုယ်၌ရှိသောဆူးများ ကို ထောင်ထားတတ်သည်ဆိုရာ ကျွန်ုပ်မှာလည်း ဟိုကောင်နှင့်ဆက်ဆံရဖူးခြင်းတစ်ချက်၊ သီလရှင် ကျောင်းသားများနှင့်ဆက်ဆံရဖူးခြင်း တစ်ချက် ကြောင့် ကျွန်ုပ်၏ဘဝတွင် ဆူးနှစ်ချောင်းပေါက် လာခဲ့လေပြီ။ ဤသည်မှာ ပထမဆုံးပေါက်လာသော ဆူးနှစ်ချောင်းဖြစ်လေရာ နောက်ပိုင်း ဤမျှ မက ချွန်ထက်သောဆူးများဖြစ်ပေါ်လာပုံကို အဆင့် ဆင့်ဖော်ပြပါဦးမည်။
လေးငါးနှစ်သား အရွယ်၌ပင် ကျွန်ုပ်သည် ကလေး အချင်းချင်းအပေါ်၌ ချစ်ခင်စိတ်ပေါ့လျော့ လာခဲ့သော် လည်း ကျွန်ုပ်၏မိဘများနှင့် ပတ်သက်၍မူကား ကျွန်ုပ်ကလည်း အလွန်ချစ်၍ ၎င်းတို့၏ချစ်ခင်ခြင်း ကိုလည်း ယုံမှားသံသယမရှိချေ။ ကျွန်ုပ်၏နှမလေး အပေါ်၌ ကျွန်ုပ် ကြင်နာခြင်းကို အထက်တွင် အမြွက် မျှဖော်ပြခဲ့ရာ ၎င်းနှင့်ပတ်သက်၍ ကျွန်ုပ်၏စိတ်၌ ထိခိုက်ခဲ့ဖူးပုံကို ဖော်ပြရပေဦးမည်။ တချို့ကလေး များသည် ငယ်စဉ်ကအလွန်ကောင်း၍ ကြီးပြင်းလာမှ ဆိုးတတ်ပုံ၊ တချို့မှာလည်း ငယ်စဉ်က အလွန်ဆိုး၍ ကြီးခါမှ ကောင်းတတ်ပုံတို့ကို လူကြီးများပြောလေ့ ရှိကြ၏။ နှမလေးမှာ ကြီးပြင်းလာသောအခါ၌ အလွန်ကောင်းသော်လည်း ငယ်စဉ်ကမူ အလွန် ဆိုးလှ၏။ (ကွယ်လွန်ရှာသည်မှာ နှစ်ပေါင်း ၃ဝ ကျော် ပြီ။) နှမလေးသည် ညတိုင်းတွင် စောစောအိပ် တတ်၍ သန်းခေါင်ကျော်သောအချိန်တွင် အိပ်ရေး ဝသည့် လက္ခဏာနှင့် တကျီကျီပူဆာတတ်၏။ ဟိုဟာ စားချင်သည်၊ သည်ဟာ စားချင်သည် စသည်ဖြင့် နားပူနားဆာလုပ်တတ်၍ မိခင်က ချော့ချည်တစ်ခါ ခြောက်ချည်တစ်လှည့်ဖြင့်သိပ်ရ၏။ တစ်ခါတစ်ရံ မြန်မြန်အိပ်၍ တစ်ခါတစ်ရံလည်း တအီအီနှင့် အကြာကြီး ငိုနေတတ်၏၊ တစ်ညသ၌ ကျွန်ုပ်သည် နှမလေးငိုသံကြောင့်နိုးလာ၍ ကြည့်လိုက်သောအခါ ကလေးမှာအိမ်ပြင်သို့ရောက်နေ၍ မိခင်နှင့်ဖခင် တို့က အိမ်အတွင်း တံခါးအနီးမှရပ်ကာ 'မတိတ် ဘူးလား၊ တိတ်မှဖွင့်ပေးမယ်' ဟု ပြောရာ ကလေး ကမူ 'ချမ်းလှပါပြီ၊ ဖွင့်ပေးပါ၊ ဖွင့်ပေးပါ' ဟု ငိုလျက် သာပြော၏။ အငိုမတိတ်ချေ။ ရာသီကား ဆောင်း ရာသီဖြစ်၍ ကျွန်ုပ်ကိုယ်တိုင် စောင်ခြုံထဲ၌ကွေး လျက်ရှိသည်ကိုမှတ်မိ၏။ ကလေးကလည်း ငို၊ မိဘ များကလည်း တံခါးဖွင့်မပေးဘဲ 'တိတ်လေ မတိတ် ဘူးလား၊ မချမ်းဘူးလား' ဟု မေးလျက်ရှိရာ ကျွန်ုပ် မှာအိမ်ပြင်၌ နှမလေး၏ချမ်းအေးရှာလှမည့်အဖြစ် ကို သနားလှသဖြင့် စောင်ခြုံထဲ၌ တိတ်တဆိတ် ကျိတ်ကာ မျက်ရည်များ ရွှဲအောင်ငိုမိသည်။ မိဘများ အား တောင်းပန်ပေးဖို့ မဆိုထားဘိ၊ ကျွန်ုပ်နိုးနေ သည့်အဖြစ်ကိုပင် မသိစေဝံ့ပေ။ ဤတွင် သားသမီး များကို အလွန်ချစ်ခင်တတ်သည်ဟုယူဆသည့် (ယခု တိုင်လည်း ယုံမှားခြင်းမရှိပါ။) မိဘများက နှမလေး အား ညှဉ်းဆဲနှိပ်စက်ကြသည်ဟူသောအထင် ကပ် ရောက်လာသဖြင့် ကျွန်ုပ်မှာ စိတ်ထဲတွင်အလွန် မကောင်းဘဲ တတိယဆူးတစ်ချောင်း ပေါက်လာရ ပြန်ပါသည်။
ယခုမှ ဖွင့်ပြောခြင်း
ဤသို့ ရေးသားခြင်းအတွက်ကြောင့် မိဘများ အပေါ်၌ ကျွန်ုပ်စိတ်ထားပုံကို စာဖတ်သူတို့ အထင် လွဲမည်စိုးသဖြင့် ရှင်းလင်းဖော်ပြရပေဦးမည်။ ကျွန်ုပ် သည် အထက်ပါအဖြစ်အပျက်ကို မိခင်၊ ဖခင်တို့အား လည်းကောင်း၊ ကွယ်လွန်သူ နှမလေးအားလည်း ကောင်း၊ ယခုရှိနေသော ညီတစ်ယောက်အားလည်း ကောင်း၊ တခြားသူ တစ်စုံတစ်ယောက်အားလည်း ကောင်း တစ်သက်လုံး တစ်ကြိမ်တစ်ခါ၊ တစ်ခွန်း တစ်ပါဒမျှ ဖွင့်ပြောပြဖူးခြင်းမရှိသည်ကား မှန်ပါ သည်။ တစ်သက်လုံးမပြောဘဲ မြုံထားခဲ့ပါလျက် ယခုမှထည့်ရေးရခြင်းမှာ ကျွန်ုပ်၏စိတ်ပြောင်းလဲ ပုံအခြင်းအရာများကို ပြည့်စုံအောင်ဖော်ပြမည်ဟု ဖော်ထုတ်ကြေညာထားခဲ့သည့်အတိုင်း လူ့သဘာဝ ကို တင်ပြလိုသောကြောင့် ဖြစ်ပါသည်။ ၁၉၃၀ ခုနှစ် ပဲခူးမြို့ ငလျင်ကြီးတွင် ကျွန်ုပ်တို့အိမ်သားအားလုံး သည် (မိခင်လည်းပါသည်။) အိမ်ပေါ်မှ ဆင်းပြေး ကြ၍ လမ်းမကြီးပေါ်၌ လေးဖက်ထောက်သူထောက်၊ ဝမ်းလျားမှောက်သူမှောက်ရှိနေကြစဉ် ကျွန်ုပ်သည် လှိုင်းများသဖွယ် အလိပ်အလိပ်ထလျက်ရှိသော မြေကြီးကိုမြင်ရ၍ အားမငယ်စဖူး အားငယ်မိသည်။ အားငယ်ခြင်းကား အခိုင်မာဆုံးဟူ၍ စိတ်ချယုံကြည် ထားသည့် မဟာပထဝီမြေကြီးကိုယ်နှိုက်က ဤကဲ့ သို့လှုပ်ခါနေလျှင် ငါသည်အဘယ်မှာ နေစရာရှိတော့ အံ့နည်းဟူသော စိတ်ကူးဝင်လာခြင်းကြောင့်ဖြစ်၏။ ထိုညကလည်း ကျွန်ုပ်နှင့်နှမလေးတို့အား ချစ်ခင် မှုနှင့်ပတ်သက်၍ လုံးဝ ဒွိဟသံသယမရှိခဲ့ဖူးသဖြင့် အလုံးစုံယုံကြည်အားကိုးသော မိဘနှစ်ပါးကိုယ် တိုင်က နှမလေးအား (ကျွန်ုပ်၏အထင်အရ) ရက် စက်စွာပြုမူခြင်းကို မျက်စိနှင့်ကိုယ်တိုင်မြင်ရသော အခါ ရင်ထဲ၌ဆို့၍ ခိုကိုးရာမဲ့ဖြစ်သွားခဲ့ရပါသည်။ ကျွန်ုပ်ပြောရဲပါသည်။ မိဘနှစ်ပါးအပေါ်၌ ကျွန်ုပ် စိတ်နာခြင်းလည်းမဟုတ်၊ စိတ်ဆိုးခြင်းလည်းမဟုတ်၊ စိတ်ထဲ၌ အကြီးအကျယ်အံ့အားသင့်၍ 'ဘယ့်နှယ် ပါလိမ့်၊ ဘယ်လိုပါလိမ့်' အစရှိသဖြင့် အထပ်ထပ် မေးကာ အကြီးအကျယ်စိတ်အားငယ်မိခြင်းမျှသာ ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျွန်ုပ်၏ဘဝ၌ ဆူးတစ်ချောင်းထပ်၍ပေါက်လာခြင်းကား အမှန်ဖြစ် ပါသည်။
စိတ်တိုစပြုခြင်း
နောက်တစ်နေ့နံနက် ကျွန်ုပ်အိပ်ရာမှထသော အခါ နွားနို့သည်ပုဏ္ဏားမ ရောက်နေလေပြီ။ မကြာ သေးမီက ကျွန်ုပ်အနည်းငယ် မကျန်းမမာဖြစ်သည်နှင့် ဦးလေးတစ်ယောက်က ကြက်ဖြူလေးတစ်ကောင် ခမည်းပေးထားရာ ကျွန်ုပ်သည် ကြက်ဖြူလေးကို အလွန်ချစ်၍ တပွေ့ပွေ့တပိုက်ပိုက်နှင့် ကစားလေ့ ရှိ၏။ မကျန်းမမာပြီးခါစဖြစ်၍ မိဘများသည် ကျွန်ုပ် အား နေ့တိုင်း နွားနို့အဝက်သား သောက်စေရာ ပုဏ္ဏားမထံမှ နံနက်တိုင်း နွားနို့ယူရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်၏။ ကျွန်ုပ်သည် ပုဏ္ဏားမကိုမြင်၍ နွားနို့ ထည့်ရန် ဇလုံကိုယူပြီးလျှင် ပုဏ္ဏားမရှေ့၌ ချထား၍ မျက်နှာသစ်စဉ် ပုဏ္ဏားမသည် နွားနို့ကို ခြင်ထည့်ပြီး နောက် ထွက်သွား၏။ ကျွန်ုပ်သည် မျက်နှာသစ်ပြီး နောက် နွားနို့ဇလုံရှိရာသို့ လျှောက်လာရာ ကြက်ဖြူ လေးသည် ဇလုံထဲမှ နွားနို့ကိုနှုတ်သီးဖြင့် နှစ်ကာ သောက်နေသည်ကိုတွေ့ရ၏။ ဤတွင် ကျွန်ုပ်သည် ကြက်လေးကိုဖမ်း၍ မြေကြီးပေါ်သို့ ပေါက်လိုက်ရာ မသေသော်လည်း ဆန့်ငင်ဆန့်ငင်နှင့် အတန် ကြာ ခံရရှာသည်။ မိဘများသည် ကျွန်ုပ်၏ရက်စက် သော အပြုအမူကိုမြင်ကြ၍ အံ့အားသင့်ကာ
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေကြ ၏။ လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော် လည်းကောင်း ရက်ရက်စက်စက်ပြုလုပ်ခြင်းမှာ ဤ အကြိမ်သည် ပထမအကြိမ်ဖြစ်သည်ဟု မိခင်က ပြော၍ 'ကြက်လေးသောက်လို့ ဘယ်လောက် ကုန်သွားမှာလဲ သားရယ်' ဟုဆို၏။ ကျွန်ုပ်ပြုလိုက်ခြင်းမှာ မိခင်ထင်သည့်အတိုင်း နွားနို့ကို နှမြောသောကြောင့်ပေလော၊ ယမန်နေ့ညက နှမလေး၏ ဖြစ်အင်ကို မြင်ရသဖြင့် စိတ်တိုလျက်ရှိသောကြောင့်ပေလော သို့တည်းမဟုတ် ထိုအကြောင်းနှစ်ရပ် ပေါင်းစပ်ခြင်းကြောင့်ပေလော မပြောနိုင်အောင်ရှိပါ သည်။
ဆက်လက်ဖော်ပြပါမည်။