
လေ့လာမှတ်သားစရာ စီးပွားရေးဝေါဟာရများ(အပိုင်း−၁)
ငွေကြေးဝယ်နိုင်စွမ်းအား (Purchasing Power)
ငွေကြေးဝယ်နိုင်စွမ်းအား (Purchasing Power) ဆိုတာ ကျောင်းသင်ခန်းစာထဲက သဘောတရားဆိုပေမယ့် နေ့စဉ်လူနေမှုဘဝနဲ့တော့ အလှမ်းသိပ်မဝေးပါဘူး။ လွယ်လွယ်ကူကူတွေးတောပြီး သိလွယ်တဲ့ သဘောတရားတစ်ခုပါ။ ဒါကြောင့် ငွေကြေးဝယ်နိုင်စွမ်းအားဆိုတာ ဘာလဲလို့မေးလာရင် ငွေကြေးတစ်ရပ်နဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေကိုဝယ်ယူနိုင်တဲ့ စွမ်းရည်ဖြစ်ပြီး ငွေကြေးရဲ့တန်ဖိုး (Value of Money) လို့လည်းခေါ်တယ်လို့ဆိုနိုင်တဲ့ အရာဖြစ်ပါတယ်။
တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြောရရင်တော့ ငွေကြေးတစ်ယူနစ်နဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်တဲ့ပမာဏပါပဲ။
ဒီနေရာမှာစဉ်းစားစရာရှိလာပါတယ်။ ငွေကြေးတန်ဖိုးဆိုတာ အဲဒီငွေကြေးရဲ့ပင်ကို တန်ဖိုးကိုပြောတာလား။ အခြားငွေကြေးတစ်မျိုးနဲ့ နှိုင်းယှဉ်ပြီးမှရလာတဲ့ အခြေအနေကို ပြောတာလားဆိုတာကို ကွဲကွဲပြားပြား သိဖို့လိုပါတယ်။ စီးပွားရေး အဆောက်အအုံတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုရဲ့အတွင်းမှာရှိတဲ့ ငွေကြေးတစ်ရပ်ရဲ့တန်ဖိုးကို အဲဒီတိုင်းပြည်ထဲမှာရှိတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်တဲ့ ပမာဏပေါ်မူတည်ပြီးပြောရင် အဲဒီငွေကြေးရဲ့ ပြည်တွင်းငွေတန်ဖိုးဖြစ်ပြီး ကိုယ့်နိုင်ငံနှင့် အချိတ်အဆက်တွေရှိနေတဲ့ နိုင်ငံခြားငွေကြေး တန်ဖိုးတွေနှင့် နှိုင်းယှဉ်ပြီးပြောရင် အဲဒီငွေကြေးရဲ့ နိုင်ငံတကာနှိုင်းယှဉ်တန်ဖိုးလို့ ပြောလို့ရပါတယ်။ အခုပြောနေတာဟာ ငွေကြေးရဲ့ပြည်တွင်းဝယ်နိုင်စွမ်းအား သို့မဟုတ် ပြည်တွင်းငွေကြေးတန်ဖိုးကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ အခုဆက်ပြီး ပြည်တွင်းငွေကြေးဝယ်နိုင်စွမ်းအားနဲ့ပတ်သက်လို့ နားလည်လွယ်အောင် နမူနာနဲ့ပြောရရင်တော့ လူတစ်ယောက်မှာ ငွေတစ်ရာကျပ်ရှိနေတဲ့အချိန် ဘောပင်တစ်ချောင်းရဲ့ဈေးနှုန်းဟာ တစ်ရာကျပ်ဖြစ်နေတယ်ဆိုပါစို့။ အဲဒီလူဟာ ဘောပင်သွားဝယ်တဲ့အခါ ဘောပင်တစ်ချောင်းရပါလိမ့်မယ်။ အဲဒီဘောပင်တစ်ချောင်းဟာ အဲဒီငွေတစ်ရာကျပ်ရဲ့ ဝယ်နိုင်စွမ်းအားပါပဲ။ အဲဒီငွေရဲ့တန်ဖိုးလို့လည်းပြောလို့ရပါတယ်။ တကယ်လို့ ဘောပင်တစ်ချောင်းရဲ့ဈေးနှုန်းဟာ ကျပ်တစ်ရာကနေ ငါးဆယ်ကျပ်ကို ဈေးကျသွားပြီဆိုပါတော့။ အရင်ကရှိခဲ့တဲ့ ငွေတစ်ရာ ပမာဏနဲ့ ဘောပင်နှစ်ချောင်း ဝယ်နိုင်ပါလိမ့်မယ်။
ဒါဆိုရင် ငွေတစ်ရာကျပ်ရဲ့ မူလဝယ်နိုင်စွမ်းအားဟာ ဘောပင်တစ်ချောင်းဖြစ်ပြီး ဈေးကျသွားတဲ့အချိန်မှာ အသစ်ဖြစ်လာတဲ့ ဝယ်နိုင်စွမ်းအားဟာ ဘောပင်နှစ်ချောင်းဖြစ်လို့ ဝယ်နိုင်စွမ်းအား တိုးလာတယ်လို့ပြောနိုင်ပါတယ်။
ငွေကြေးဝယ်နိုင်စွမ်းအား သို့မဟုတ် ငွေကြေးတန်ဖိုးနဲ့ဈေးနှုန်းဟာ ပြောင်းပြန်ဆက်စပ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ဈေးနှုန်းတက်နေတဲ့အခါ ငွေကြေးတစ်ရပ်ရဲ့ဝယ်နိုင်စွမ်းအားကျဆင်းနေပြီး ဈေးနှုန်းကျတဲ့အခါ ဝယ်နိုင်စွမ်းအားတွေ တက်လာပါလိမ့်မယ်။ အဲဒီဆက်စပ်မှုကို အတိုချုပ်ရေးကြည့်ရင် အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။
ငွေတန်ဖိုးတက်တယ်လို့ပြောတဲ့အခါ စဉ်းစားဖို့လိုတာက အဲဒီငွေရဲ့ ပြည်တွင်းတန်ဖိုး(သို့)ပြည်တွင်း ဝယ်လိုနိုင်စွမ်းအား တက်လာတာလား။ ဒါမှမဟုတ် ပြည်ပငွေကြေးတစ်ရပ်နဲ့ နှိုင်းယှဉ်တဲ့ တန်ဖိုးတက်လာသလားဆိုတာပါ။ အခုနမူနာပေးခဲ့တဲ့ဖြစ်ရပ်မှာတော့ ငွေတန်ဖိုးဆိုတာကို ပြည်တွင်းက ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ဈေးနှုန်းတွေသုံးပြီး တိုင်းတာပြောဆိုနေလို့ ပြည်တွင်းငွေတန်ဖိုးလို့ နားလည်နိုင်ပါတယ်။
မှတ်မိလွယ်အောင်ပြောရရင် ငွေကြေးတစ်ရပ်ရဲ့ တန်ဖိုးအတက်အကျကိုပြောတဲ့အခါ ယေဘုယျအားဖြင့် ပြည်တွင်းမှာရှိနေတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့ အထွေထွေဈေးနှုန်း အတက်အကျတွေအပေါ် (အထွေထွေဈေးနှုန်းဆိုတာ စားသုံးသူတွေအသုံးများတဲ့ အလေးပေးကုန်စည်အများစုရဲ့ ဈေးနှုန်းတွေကိုပြောတာလို့ ယေဘုယျမှတ်ယူပါ။ ဥပမာအားဖြင့် နေ့တိုင်းသုံးစွဲနေတဲ့ ဆန်၊ ဆီ၊ ဆား စသဖြင့်) မူတည်ပြီး ဝယ်နိုင်စွမ်းအားကို ချိန်ဆတဲ့နည်းနဲ့ အခြားပြည်ပငွေကြေးတွေနဲ့ လဲလှယ်နှုန်းတွေကိုချိန်ဆပြီး တိုင်းတာတဲ့နည်းတွေကို အသုံးပြုလေ့ရှိကြောင်း တွေ့ရပါတယ်။
ငွေကြေးဝယ်နိုင်စွမ်းအား အတက်အကျတွေရဲ့ သက်ရောက်မှု အကျိုးဆက်တွေကိုပြောရရင် ငွေကြေးရဲ့ပြည်ပတန်ဖိုး၊ တန်ဖိုးတက်လာခဲ့ရင် တိုင်းပြည်ရဲ့ပို့ကုန်ဈေးနှုန်းတွေ တက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ကမ္ဘာ့ဈေးကွက်ထဲက စားသုံးသူတွေအတွက် ဈေးနှုန်းမြင့်မားလာလို့ အဲဒီတိုင်းပြည်ရဲ့ ပို့ကုန်ဝယ်လိုအားပါလျော့ကျလာပါလိမ့်မယ်။ အဲဒီအချက်ကတော့ ပို့ကုန်ဦးစားပေးနိုင်ငံတွေအနေနဲ့ အထူးသတိထားရမယ့်အချက်ဖြစ်ပါတယ်။ ပြည်တွင်းကကုန်စည်နဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကျလို့ ပြည်တွင်းဝယ်နိုင်စွမ်းအားတွေ တက်လာခဲ့ရင်တော့ ပြည်တွင်းငွေကြေးတန်ဖိုးတက်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ခဲ့ရင်တော့ စီးပွားရေး အဆောက်အအုံထဲက စားသုံးသူတွေအဖို့ သူတို့လက်ထဲမှာရှိတဲ့ငွေနဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို အရင်ကထက် ပိုဝယ်နိုင်ကြလို့ ဝမ်းပန်းတသာရှိကြမှာအမှန်ပါပဲ။
ဘဏ္ဍာရေးပေါ်လစီ(Fiscal Policy)
ဒီပေါ်လစီကို တိုင်းပြည်ရဲ့စီးပွားရေး အခြေအနေ ဆုတ်ယုတ်နေတဲ့အချိန်မှာ အသုံးပြုကြသလို၊ စီးပွားရေးအခြေအနေ ကောင်းမွန်ပေမယ့် ဈေးနှုန်းတွေ မိုးပျံအောင်ထောင်တက်နေတဲ့ အချိန်မှာလည်း အသုံးပြုလေ့ရှိပါတယ်။ သက်ဆိုင်ရာအစိုးရက အစည်းအဝေးတွေခေါ် သဘောတူညီမှုတွေရယူပြီး အစိုးရသုံးစွဲနေတဲ့ အသုံးစရိတ် (Public Expenditure)ပမာဏနဲ့ အစိုးရကောက်ခံရရှိနေတဲ့အခွန် (Tax) ငွေပမာဏတွေကို အတိုးအလျှော့ချိန်ဆပြီး စီးပွားရေးအခြေအနေတစ်ရပ်ရပ်ကို ထိန်းကျောင်းဖို့ကြိုးစားကြခြင်းဖြစ်ပါတယ်။ ငွေကြေးပေါ်လစီကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ ဗဟိုဘဏ်လို ငွေကြေးအာဏာပိုင် အဖွဲ့အစည်းတွေရှိသလို ဘဏ္ဍာရေးပေါ်လစီကို အသုံးပြုဖြေရှင်းတဲ့နေရာမှာလည်း ဘဏ္ဍာရေးအာဏာပိုင် ဆိုတာရှိပါတယ်။ ဘဏ္ဍာရေးအာဏာပိုင်ကတော့ ဘဏ္ဍာရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနပဲဖြစ်ပါတယ်။
လွယ်လွယ်ကူကူမှတ်သားနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပြောရရင် ဘဏ္ဍာရေးပေါ်လစီဆိုတာ စီးပွားရေး အဆောက်အအုံတွင်းမှာ ဈေးနှုန်းတွေ အဖြစ်နိုင်ဆုံး တည်ငြိမ်မှုရရှိစေဖို့၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွေ အတက်အကျပြင်းထန်နေတာကို အနေတော်ဖြစ်စေဖို့၊ အစိုးရတစ်ရပ်မျှော်မှန်းဆောင်ရွက်နေတဲ့ စုစုပေါင်းကုန်ထွက်အဆင့်၊ တိုင်းပြည်ရဲ့အလုပ်အကိုင်ရရှိမှု အခြေအနေတွေကို ရောက်ရှိစေဖို့အတွက် အစိုးရအသုံးစရိတ်နဲ့ အစိုးရရငွေ(အခွန်ငွေ)အပေါ် ကိုင်တွယ်ဆောင်ရွက်ရတဲ့ မူဝါဒပဲဖြစ်ပါတယ်။
ဒါကြောင့် အစိုးရတစ်ရပ်ရဲ့ ဘဏ္ဍာရေးပေါ်လစီကို ကိုင်တွယ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးရာ ကိစ္စတွေမှာ ဝင်ရောက်ဖြေရှင်းနေတာကို လေ့လာကြည့်ရင် အသုံးစရိတ်ပိုင်းနဲ့ ရငွေပိုင်းဆိုပြီး အပိုင်း(၂)ပိုင်းမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရပါလိမ့်မယ်။ စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ အစိုးရတစ်ရပ်အနေနဲ့ သူ့မှာရှိတဲ့ငွေတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ပြည်သူတွေ လက်ထဲရောက်အောင် လုပ်ပေးလေ့ရှိပါတယ်။ စီးပွားရေးအဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ငွေကြေးအကျပ်ရိုက်နေချိန်မှာ ဆိုလိုတာက လူတွေလက်ထဲ ဝင်ငွေပြတ်လပ်နေချိန်မှာ ဝင်ငွေရရှိနိုင်ဖို့ အလုပ်အကိုင်တွေဖန်တီးပေးတာ၊ ထောက်ပံ့ကြေးလိုပံ့ပိုးမှုတွေကို အမည်အမျိုးမျိုးတပ်ပြီး ငွေရပေါက်အမျိုးမျိုး ဖန်တီးဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။ အခွန်ရငွေအပိုင်းမှာတော့ အခွန်လျှော့ပေါ့ပေးတာ၊ အခွန်ကင်းလွတ်ခွင့်တွေပေးတာတွေကို ဆောင်ရွက်ပြီး အခွန်ရငွေပိုင်းကို လျှော့ချပေးတတ်ကြပါတယ်။
စီးပွားရေးဖွံ့ဖြိုးမှုအရှိန်မြင့်နေချိန်မှာ ဝင်ငွေကောင်းကြလို့ လူတွေရဲ့ ဝယ်လိုအားတွေတက်လာနေပြီး ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ထိုးထိုးထောင်ထောင် တက်နေတတ်ပါတယ်။ အဲဒီလိုတက်နေတဲ့ ဈေးနှုန်းတွေကိုဆွဲချနိုင်ဖို့ သက်ဆိုင်ရာဘဏ္ဍာရေး အာဏာပိုင်တွေက အခွန်အခတွေအမျိုးမျိုးတိုးချဲ့ကောက်ခံပြီး ဈေးနှုန်းအမြင့်ကိုဆွဲချလေ့ရှိပါတယ်။ အဲဒီလိုအချိန်မှာတော့ အစိုးရအသုံးစရိတ်ဘက်ကို ဦးမလှည့်တော့ဘဲ အခွန်ရငွေပိုင်းကိုပဲ စူးစိုက်ပြီး အခွန်ဘယ်လို တိုးကောက်ရမလဲဆိုတာကိုသာ စဉ်းစားဆောင်ရွက်တတ်ကြပါတယ်။
ခြုံငုံပြောရရင် စီးပွားရေးအခြေအနေတစ်ရပ် အနုတ်လက္ခဏာပြနေချိန်မှာ အစိုးရတစ်ရပ်အနေနဲ့ အစိုးရအသုံးစရိတ်တိုးသုံးပြီး အခွန်တွေလျှော့ချဖို့ ကြိုးစားလေ့ရှိပါတယ်။ စီးပွားရေးစန်းပွင့်နေချိန်မှာတော့ အသုံးစရိတ်တွေကိုလျှော့ချလို့ အခွန်အကောက်တွေကို တိုးမြှင့်ကောက်ခံမှုတွေပြုလုပ်ပြီး စီးပွားရေးတိုးတက်မှုအရှိန် ညင်သာမှုရှိအောင် ဆောင်ရွက်လေ့ရှိပါတယ်။
ငွေကြေးပေါ်လစီ (Monetary Policy)
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေမှာ တက်လိုက်ကျလိုက်နဲ့ သံသရာလည်နေတာ သဘာဝဖြစ်လို့ ထူးထူးခြားခြားဖြစ်စဉ်လို့ မပြောကြပေမယ့် အဲဒီအတက်အကျတွေ ပြင်းပြင်းထန်ထန်ဖြစ်နေခဲ့ရင်တော့ အန္တရာယ်ရှိလို့ပြောပြပြီး အတက်အကျမပြင်းထန်အောင်၊ ပြေပြေပြစ်ပြစ်ရှိအောင် ငွေကြေးပေါ်လစီကိုသုံးပြီး ဖြေရှင်းလေ့ရှိကြပါတယ်။
စီးပွားရေးတွေကျဆင်းနေတဲ့ အချိန်မှာပဲဖြစ်စေ ဒါမှမဟုတ် စီးပွားရေးအရှိန်အဟုန် ကောင်းကောင်းတက်နေပေမယ့် မတည်မငြိမ်ဖြစ်နေတဲ့အချိန်မျိုးမှာဖြစ်စေ ထိန်းကျောင်းဖြေရှင်းနိုင်ဖို့ နိုင်ငံအစိုးရတွေသုံးတဲ့ ပေါ်လစီတစ်ရပ်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုထိန်းကျောင်းတဲ့နေရာမှာ ပေါ်လစီတွေများစွာရှိတဲ့အနက်က လူသိများပြီးအသုံးများတဲ့ ပေါ်လစီတစ်ခုကတော့ ငွေကြေးပေါ်လစီပဲ။
ကမ္ဘာ့စီးပွားရေးဆုတ်ယုတ် ကျဆင်းနေချိန်မှာ စီးပွားရေးအကြောင်းတွေ ဖတ်ရှုရတဲ့အခါ ငွေကြေးပေါ်လစီ (Monetary Policy)ဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲပါနေလို့ အရင်ကထက်ပိုပြီးရင်းနှီးနေပါလိမ့်မယ်။ ဒါကြောင့် ငွေကြေးပေါ်လစီဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်တဲ့အခါ စီးပွားရေးအဆောက်အအုံထဲမှာ လှည့်လည်သုံးစွဲနေရတဲ့ ငွေကြေးပမာဏကိုကိုင်တွယ်ပြီး တိုင်းပြည်ရဲ့စီးပွားရေး အခြေအနေကိုဖြေရှင်းရတဲ့ ပေါ်လစီတစ်ခုလို့ ယေဘုယျဆိုထားတာကို တွေ့ရပါတယ်။ ဒီမိုကရက်တစ်ဆန်ဆန် အုပ်ချုပ်ရေးရှိတဲ့ တိုင်းပြည်တွေမှာဆို တိုင်းပြည်စီးပွားရေးအခက်အခဲ အကျပ်အတည်းကျော်လွှားဖို့ ကြိုးစားကြလေ့ရှိပါတယ်။ ဒီနေရာမှာ ငွေကြေးအာဏာပိုင်ဟာ ဘယ်သူလဲဆိုရင် အုပ်စိုးနေတဲ့သက်ဆိုင်ရာအစိုးရအဖွဲ့မဟုတ်ဘဲ ငွေစက္ကူတွေကို ထုတ်ဝေနေတဲ့ ဗဟိုဘဏ်လိုအဖွဲ့အစည်းမျိုးကို ဆိုပါတယ်။ တိုင်းပြည်တစ်ပြည်အနေနဲ့ ငွေကြေးပေါ်လစီကို ကိုင်တွယ်ဆောင်ရွက်နေပြီလို့သိရရင် စီးပွားရေး အဆောက်အအုံထဲမှာ လှည့်လည်နေတဲ့ ငွေကြေးပမာဏကို အတိုးအလျှော့လုပ်ဖို့ ကြိုးစားနေပြီလို့နားလည်နိုင်ပါတယ်။ အဲဒီငွေကြေးပမာဏကို အတိုးအလျှော့လုပ်နိုင်ဖို့ အစိုးရငွေတိုက်စာချုပ် (Treasury Bond)တွေကို ထုတ်ဝေရောင်းချတာတွေ၊ ဝယ်ယူတာတွေ၊ အတိုးနှုန်း (Interest Rate) စီမံကွပ်ကဲတာတွေနဲ့ အရန်ငွေသားပမာဏ အပြောင်းအလဲပြုလုပ်တာတွေနဲ့ ဆောင်ရွက်နေကြတာ ကြားကြပါလိမ့်မယ်။
ငွေကြေးပေါ်လစီမှာ တိုးချဲ့ငွေကြေးပေါ်လစီ (Expensionary Monetary Policy)နဲ့ ကျုံ့ဝင်ငွေကြေးပေါ်လစီ (Contraditionary Monetary Policy)ဆိုပြီး ရှိပါတယ်။ တိုးချဲ့ငွေကြေးပေါ်လစီကို စီးပွားရေးအကျပ်အတည်းကာလတွေမှာ သုံး လေ့ရှိပါတယ်။ စီးပွားရေးအဆောက်အအုံထဲမှာ ငွေကြေးပမာဏတွေကို များပြား သွားအောင်လုပ်ပြီး အားပျော့နေတဲ့စီးပွားရေးကို နိုးကြွအောင်လုပ်ဆောင်တာပဲဖြစ် ပါတယ်။ စီးပွားရေး အဆောက်အအုံထဲက ဘဏ်တွေမှာ စုထားတဲ့ငွေတွေကို ထုတ်ချင်စိတ်တွေ များများဖြစ်လာအောင် အတိုးနှုန်းတွေ လျှော့ချပစ်မယ်။ အဲဒီလို လျှော့ချလိုက်တဲ့အခါ ရနိုင်မယ့်အတိုးနှုန်းနည်းလာလို့ ငွေစုသူတွေ သူတို့ရဲ့ငွေတွေကို ဘဏ်တွေထဲကနေ အရင်ကထက်ပိုပြီး ထုတ်ယူလာကြတယ်။ ဒီလိုအခြေအနေ တွေကြောင့် စီးပွားရေးအဆောက်အအုံထဲကို ငွေကြေးပမာဏဟာ အရင်ကထက် ပိုပြီး ဝင်ရောက်လာပါလိမ့်မယ်။ ဘဏ်တွေကနေ ငွေချေးဖို့ စိတ်ကူးထားတဲ့သူတွေ လည်း အတိုးနှုန်းနည်းနည်းပဲပေးရလို့ အရင်ကထက်ပိုပြီး ငွေချေးကြပါလိမ့်မယ်လို့ အကျိုးဆက်တွေကြောင့် စီးပွားရေးအဆောက်အအုံထဲမှာ ငွေကြေးပမာဏတွေ တိုးပွားများပြားလာနိုင်ပြီး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ အားပြန် ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။
ကျုံ့ဝင်ငွေကြေးပေါ်လစီဆိုတာ ပထမပေါ်လစီနဲ့ ပြောင်းပြန်ပါပဲ။ ဘဏ် အတိုးနှုန်းတွေကို တိုးမြှင့်ပြီး စီးပွားရေး အဆောက်အအုံထဲက ငွေကြေးပမာဏတွေကို လျော့နည်းအောင် ဆောင်ရွက်တာပါပဲ။ ဘဏ်အတိုးနှုန်းတွေမြှင့်ထားတဲ့အခါ ဘဏ်မှာ အပ်ချင်တဲ့ငွေပမာဏ များပြားလာပါလိမ့်မယ်။ ငွေချေးဖို့ စီစဉ်ထားသူတွေကလည်း အတိုးနှုန်းတွေမြင့်လွန်းလို့ ချေးငွေပမာဏကို လျှော့ချကြပါလိမ့်မယ်။ ဒီလို အခြေ အနေမျိုးမှာ စီးပွားရေးအဆောက်အအုံထဲမှာ လှည့်လည်သုံးစွဲနေတဲ့ ငွေကြေးပမာဏ နည်းပါးနေပြီး ဘဏ်တွေထဲမှာပဲ အများအပြားရှိနေပါလိမ့်မယ်။ ဒီလိုငွေကြေး ပမာဏ နည်းပါးလာတဲ့အတွက် ကြောက်စရာကောင်းလောက်အောင် အရှိန်ကောင်း ကောင်းတက်နေတဲ့ စီးပွားရေးအခြေအနေလည်း တစ်ဖြည်းဖြည်းနဲ့ ဖောင်းပွမှု ပြဿနာကိုပါ တည်ငြိမ်မှုရှိတဲ့အခြေအနေတစ်ရပ်ဆီကို ရောက်ရှိသွားနိုင်အောင် ဆွဲခေါ်ဖြေရှင်း သွားနိုင်လိမ့်မယ်လို့ ပညာရှင်တွေက ယူဆပါတယ်။ ဒါက အတိုးနှုန်းနဲ့ ထိန်းကျောင်းဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ အစိုးရငွေတိုက် စာချုပ်တွေ ထုတ်ရောင်းပြီး စီးပွားရေးအဆောက်အအုံထဲက ငွေကြေးပမာဏတွေ လျော့နည်းသွားအောင်လုပ်တာ၊ စာချုပ်တွေကို ပြန်လည်ဝယ်ယူပြီး ငွေကြေး ပမာဏပိုများလာအောင် ဆောင်ရွက်တာတွေလည်းရှိပါတယ်။
လိုတိုရှင်းပြောရရင်တော့ ငွေကြေးပေါ်လစီဆိုတာ စီးပွားရေးအဆောက် အအုံထဲမှာ ဈေးနှုန်းတည်ငြိမ်မှုရရှိဖို့၊ စီးပွားရေးအတက်အကျ အရှိန်မပြင်းထန်ဖို့ ချမှတ်ထားတဲ့ စီးပွားရေးပေါ်လစီအရ မျှော်မှန်းထားတဲ့ ကုန်ထွက်အဆင့်နဲ့ အလုပ် အကိုင်အခွင့်အလမ်း အဆင့် (Desired Level of Output နဲ့ Employment)ရရှိဖို့ ဆောင်ရွက်တဲ့နေရာမှာ ငွေကြေးပမာဏကို လိုတိုးပိုလျှော့ပြုလုပ်ပြီး ညှိနှိုင်းဆောင် ရွက်ကြတဲ့ အစီအစဉ် တစ်ရပ်ဖြစ်ပါတယ်။