
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
မဲအိုးတန်းရပ်ကွက်
ကျွန်ုပ်တို့သည် ထိုအချိန်၌ မန္တလေးမြို့ သင်္ချိုင်းတော်တံတားမြောက်ဘက် ရွှေတချောင်းနံဘေးရှိ မဲအိုးတန်းရပ်ကွက်၌ နေထိုင်လျက်ရှိရာ ဖခင်၏အလုပ်မှာ ပိန်းတန်းဖိနပ်ထောင်ဆရာဖြစ်၍ အလုပ်သမား လေးငါးယောက်ရှိလေသည်။ ထိုရပ်ကွက်သားများမူကား ချည်ကြမ်းကို မဲနယ်ဆိုးသောအလုပ်ဖြင့် အသက်မွေးကြ၍ ၎င်းရပ်ကွက် မှာလည်း မဲအိုးတန်းဟု ခေါ်တွင်ခြင်းဖြစ်လေသည်။ ရွှေတချောင်း ကမ်းပါးတွင် အလုပ်သမားအသီးသီးတို့သည် ဝမ်းဘဲဥအိုးကြီးနှစ်လုံး၏ အလယ်မှာထိုင်လျက် လက်များဖြင့် မွှေကာ မဲနယ်ဆိုးခြင်း အလုပ်ကို တသီတတန်းကြီး လုပ်ကြသည်မှာ (ကျွန်ုပ်တို့ ကလေးငယ်များအဖို့) ပျော်စရာကြီးဟု ထင်မိခဲ့သည်။ (မကြာသေးမီက ၎င်းရပ်ကွက်သို့ အလွမ်းပြေသွားကြည့်ရာ ရှေးက မဲအိုးတန်းနှင့် လုံးဝမတူတော့ဘဲ မဲနယ်ဆိုးသော အလုပ်ကိုလည်း တစ်ဦးတစ်ယောက်မျှ လုပ်ကိုင်သည်ကို မတွေ့ခဲ့ရပေ။)
ဤရပ်ကွက်လေး၏ ထူးခြားချက်တစ်ခုကို ဖော်ပြရပေဦးမည်။ မန္တလေးမြို့ကြီး၌ တောရွာများမှ ပြောင်းရွှေ့လာကြသည့် အိမ်ထောင် သည်များသည် သူ့ရွာနှင့် သူ့အစု ဥမကွဲ သိုက်မပျက် ပေါင်းစုနေထိုင် ကြလေ့ရှိရာ အချို့သော အရပ်များနှင့် 'ဝင်း'များမှာ ၎င်းတို့နေထိုင်ခဲ့ သည့် မူလရွာအမည်များဖြင့်ပင် မှည့်ခေါ်ကြလေသည်။ ဥပမာ ရွာသာမှ ပြောင်းရွှေ့လာသောလူများကြောင့် 'ရွာသာတန်း' ဟူ၍လည်းကောင်း၊ ခေါတောရွာမှ ပြောင်းရွှေ့လာကြသောသူများကြောင့် 'ခေါတောဝင်း' ဟူ၍လည်းကောင်း မှည့်ခေါ်ကြလေသည်။ မဲအိုးတန်း ရပ်ကွက်မှာမူ အလုပ်အကိုင်ကို အစွဲပြု၍ မှည့်ခေါ်ကြခြင်းဖြစ်သော်လည်း ၎င်းအရပ်သူ၊ အရပ်သားများမူကား အားလုံးလိုပင် မုံရွာနယ် ကမ်းဖြူရွာမှ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့မှာမူ ဖခင်၏ နှမတစ်ယောက် က ၎င်းအရပ်သားနှင့် အိမ်ထောင်ကျသည်နှင့် အိမ်ရာဝယ်ပြီး ဓားတန်း မှ ပြောင်းရွှေ့လာကြခြင်းဖြစ်လေသည်။ ဤရပ်ကွက်သူ၊ ရပ်ကွက်သား များ၏ ထူးခြားချက်တစ်ခုမှာ မန္တလေးမြို့ကြီးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး ဖြစ်သော်လည်း ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ အလုံးစုံမှာ မန္တလေးမြို့သူမြို့သားနှင့် လုံးဝမတူ၊ တစ်မူထူးခြားရှိနေကြ ခြင်းပင်ဖြစ်သည်။ တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်တို့၏ နေအိမ်နှင့် နှစ်အိမ်ခြားရှိသော 'အရီး'၏ နေအိမ်သို့ သွားလည်၍ ပြန်လာသောအခါ မိခင်က 'ငါ့သား ဘာများကျွေးလိုက်သလဲဟဲ့'ဟု မေးရာ ကျွန်ုပ်က 'ဘိုးသိုးဘတ်သတ်ဟင်း စားခဲ့ရတယ် အမေ' ဟု ပြန်ပြောသဖြင့် မိခင် မှာ ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ (၎င်းအရပ်၌ အမဲဝမ်းတွင်း သားကို 'ဘိုးသိုးဘတ်သတ်'ဟု ခေါ်သည်။) ဤတွင် မိခင်က ဖခင်အား 'ဒီနယ်မှာ ကြာကြာနေလို့ မဖြစ်ဘူး ကိုရင်၊ ကလေးတွေ ကမ်းဖြူစကား ပြောကုန်ကြတော့မှာပဲ'ဟု ပြောလေသည်။
အောက်ပြည်ဆင်းကြခြင်း
တစ်နေ့သ၌ ကျွန်ုပ်၏ဖခင်သည် ပဲခူးမြို့နယ် တာဝဘူတာ ကျိုက် ပဒိုင်ရွာရှိ သူ၏ဘထွေးတစ်ယောက်ထံမှ စာတစ်စောင်ရရှိ၏။ (၎င်း ဘထွေးမှာ ဖခင်၏ဇာတိဖြစ်သည့် ရွှေဘိုနယ် မန်ကျည်းတုံရွာမှ ပြောင်းရွှေ့သွားသူဖြစ်၏။ မန်ကျည်းတုံရွာမှာလည်း လက်ဝဲသုန္ဒရကြောင့် ဤခေတ်တွင် လူသိများသော ရွာကလေးဖြစ်သည်။) ၎င်းစာ၌ အောက်ပြည်အောက်ရွာတွင် ရွှေထည် လက်ဝတ်လက်စားများ ရောင်းချ ကောင်းလှသောကြောင့် အမြတ်အစွန်း ရရှိနိုင်ကြောင်း၊ မိမိကပင် ကူညီ၍ ရောင်းချပေးမည့်အကြောင်း ပါရှိလေသည်။ ထိုအချိန်၌ ပိန်းတန်း ဖိနပ်အလုပ်မှာ ခပ်ပါးပါးရှိသော ရာသီဖြစ်လေရာ မိဘများသည် ရှိစု မဲ့စုကလေးများကို ထုခွဲ၍ ရွှေထည်လက်ဝတ်လက်စားများ ဝယ်ယူကာ သားအမိသားအဖလေးယောက် အောက်ပြည်သို့ ဆင်းသွားကြ၏။ ကျိုက်ပဒိုင်ရွာသို့ ရောက်ကြသောအခါ ဖခင်မှာ ပေါင်တွင် 'ကျွဲအသား မာနာ' ပေါက်၍ မထနိုင်ဘဲရှိရာ ၎င်း၏ဘထွေးက လက်ဝတ်လက်စားများကို ရောင်းချပေးရန် တာဝန်ယူမည်ဆို၍ အပ်လိုက်ရ၏။
'ကျွဲ အသားမာနာ'ဆိုသည်မှာ အလွန်ဆိုး၍ သေတတ်သည်ဟု ပြောကြ ၏။ ဘထွေး၏သားနှစ်ယောက်တို့သည် ကျွန်ုပ်တို့မောင်နှမကို အလွန် 'ကျီစား'သန်ကြ၍ နှမကလေးအား တစ်ယောက်က ပစ်ပေးလိုက်၊ တစ်ယောက်က ဖမ်းလိုက် ပြုလုပ်ကြရာတွင် မိခင်မှာ အသည်းဖိုလှသည် နှင့် ကန့်ကွက်သော်လည်း သူတို့ညီအစ်ကိုနှစ်ယောက်က 'ကိစ္စမရှိပါ ဘူး မရီးရယ်၊ မသကာသေရုံပေါ့ဗျာ'ဟု ပြုကြလေသည်။ ကျွန်ုပ်အား လည်း ထိုနည်းအတူပြုကြသေးရာ ကျွန်ုပ်က လက်ကို ကိုက်လိုက်သဖြင့် 'ခွေးကလေးပါလားဟ'ဟု ဆိုကာ နားသယ်ကို အပုတ်ခံရသေးသည်။ ဤအတောအတွင်း ဖခင်မှာလည်း သေမည်၊ ရှင်မည် မသိသောအခြေအနေ၌ရှိနေရာ ကျွန်ုပ်မှာ မိခင်၏ ဒုက္ခများကို မြင်ရ၍ ကျွန်ုပ်၏ သဘာဝတွင် ဆူးတစ်ချောင်း ပေါက်လာခဲ့ပြန်လေပြီ။ မိခင်မှာ ကျွန်ုပ်သိသမျှ တစ်သက်လုံးတွင် ဘယ်အခါမှ လျှော့ဖူးသည်မရှိ။ ဤတစ်ကြိမ်၌မူ အချို့မိန်းမများကဲ့သို့ မျက်ရည်ကျခြင်း မရှိသော်လည်း မျက်နှာတစ်ခုလုံး တစ်မျိုးဖြစ်၍ ကျိတ်ခံရရှာသည်။
ကျွန်ုပ်တို့၌ ရောင်းချရန်ပါလာသော ရွှေထည်များမှာ ရောက်ကတည်းက ဘထွေး(ကျွန်ုပ်၏ ဘိုးလေး) လက်ဝယ်သို့ အပ်လိုက်လေရာ ဘိုးလေး သည် သူ၏လူများကို ဟိုရွာသည်ရွာများသို့ လှည့်လည်ရောင်းချစေ၏။ တစ်နေ့သ၌ ပစ္စည်းများနှင့် လွှတ်လိုက်သော ဘိုးလေး၏ယောက်ဖ တစ်ယောက်သည် လက်မောင်းတွင် ဓားနှင့်ထိုးသော ဒဏ်ရာနှင့် ပြန်လာ၍ ပစ္စည်းအားလုံးကို လုယူခြင်းခံရကြောင်း ပြောလေသည်။ မိဘများမှာ ရှိစုမဲ့စုကလေးကို အားလုံးထုခွဲ၍ ရင်းနှီးလာခဲ့ခြင်းဖြစ်သော ကြောင့် ဖခင်မှာ အနာပျောက်ခါနီးတွင် စိတ်ထိခိုက်၍ အဖျားကြီး ဖျားလာရရှာပြန်သည်။ မိခင်မူကား စိတ်တင်းသူဖြစ်၍ သမီးလေးကို မြှောက်ကစားစဉ်ကလောက်မျှ မျက်နှာပျက်သည်ဟု ကျွန်ုပ် မထင်ပေ။ (ပစ္စည်းများ လုယူခြင်းခံရသည်ဆိုခြင်းမှာ လီဆယ်ခြင်းမျှသာဖြစ်သည် ဟု နောက်ပိုင်းတွင် ကြားသိရ၏။ မိခင်၊ ဖခင်များမှာ အလွန် 'ရိုး'သူများ ဖြစ်၍ ၎င်းတို့၏တစ်သက်တာတွင် သုံးကြိမ်တိုင်တိုင် နင့်လှအောင် လူလိမ်ခံရခြင်းကို ကျွန်ုပ်မှတ်မိသည်။) ပစ္စည်းများ ပြောင်သည့်နောက် ဘိုးလေးလင်မယားသည် ကျွန်ုပ်တို့သားအဖလေးယောက်အား ကျွေးထားရခြင်းအတွက် ဝန်လေးသောကြောင့်ပေလော၊ ကိုယ့်တူကို ကိုယ်လိမ်ရခြင်းအတွက် မျက်နှာပူသောကြောင့်ပေလော မဆိုနိုင်၊ ကျွန်ုပ်တို့အပေါ်တွင် မျက်နှာထား တစ်မျိုးပြင်လာခြင်းကို ကျွန်ုပ်ပင်သိ၏။ မိဘများမှာမူကား ဆိုဖွယ်ရာမရှိချေ။ မန္တလေးသို့ ပြန်ရန်အတွက် စရိတ်အနည်းငယ်ရှိသော်လည်း ဖခင်၏မကျန်းမာခြင်းအတွက်ကြောင့် အခက်ကြီးကြုံနေကြရသည်။
ဤအတောအတွင်း ဘိုးလေး၏သားနှစ်ယောက်သည် ကျွန်ုပ်တို့ မောင်နှမအား ကျီစားလိုက်ကြသည်များမှာ ယခင်ကထက်ပင် ဆိုးလာ ၍ မိခင်က ဓားနှင့်ခုတ်မည် ကြံစည်မိကြောင်းနှင့် နောင်တွင် ကျွန်ုပ်အား ပြောပြဖူးသည်။ နောက်ဆုံး၌ မိခင်၊ ဖခင်တို့စီစဉ်ကြသည်မှာ အနာကောင်းစွာ မကျက်မချင်း ဖခင်နေရစ်၍ ကျွန်ုပ်တို့သားအမိသုံးယောက် မန္တလေးသို့ ပြန်နှင့်ကြရန်ဖြစ်လေသည်။ ခွဲခါနီး၌ မိခင်သည် ဤလူစု လက်မှ လွတ်ပေပြီဟု အောက်မေ့သောကြောင့်ပေလော မဆိုနိုင်။
မျက်နှာညှိုးငယ်ခြင်းမရှိလှသော်လည်း ဖခင်မူကား ငိုရှာလေသည်။ ကျိုက်ပဒိုင်ရွာမှ တာဝဘူတာသို့ သားအမိသုံးယောက် လှည်းနှင့် ထွက်လာကြရာတွင် (မည်သူမျှ လိုက်၍မပို့ကြ၊ ဖခင်လည်း မပို့နိုင်ရှာ ချေ။) လမ်းခရီးလှည်းပေါ်၌မူ မိခင်သည် မျက်ရည်တစ်ခါ နှစ်ခါ ဝိုင်းလာ ခြင်းကို ကျွန်ုပ်မြင်ရသည်။ သို့သော် သုတ်သိမ်းလောက်အောင်ကား မဟုတ်။ ပြန်၍ ရှုံ့ယူလိုက်ဟန်တူသည်။ ကျွန်ုပ်သည် မိခင်၏စိတ်ကို သိသည်နှင့် မမြင်ချင်ဟန်ပြု၍ မိခင်၏ရင်ခွင်ထက်၌ ပွေ့ထားသည့် နှမကလေးကို ကျွန်ုပ်၏ရင်ခွင်ပေါ်သို့ ရွှေ့ယူလိုက်သည်။ မိခင်သည် ကျွန်ုပ်၏အပြုအမူကို သဘောကျသည်နှင့် တစ်သက်လုံးပြော၍ မဆုံးအောင်ရှိလေရာ ကျွန်ုပ်လည်း အားရကြည်နူးလှသည်။
ဆက်လက်ဖော်ပြပါမည်။