နေပြည်တော်၌ ပြည်သူများ နှစ်သစ်ကို တစ်ခဲနက် ပျော်ရွှင်စွာကြိုဆို
နေပြည်တော် ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များရရှိနိုင်ရန်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ် (၁)နှင့်(၂)တို့၌ကျင်းပရာ ပြည်သူ များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကွင်းပြည့်ကွင်းလျှံပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ယနေ့ည နှစ်သစ်ကိုကြိုဆိုသည့် ဖျော်ဖြေရေး အစီအစဉ်တွင် Music Band၊ DJ များဖြင့်တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများက စည်းချက်အလိုက် ပျော်ရွှင်စွာလိုက်ပါသီဆို၍ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
ယနေ့ညသည် ၂၀၂၄ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့်အတွက် ပွဲတော်လာပြည်သူများသည် ည ၁၂ နာရီ မထိုးမီ နှစ်သစ်ကူး Countdown ကို တပျော်တပါး သံပြိုင် ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကြကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယကို ပျော်ရွှင်စွာ ကြိုဆိုကြသည်။
ထို့အတူ ဖျော်ဖြေရေးကွင်းအတွင်း၌ စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် ဒေသအစားအစာများကို ဝယ်ယူ စားသုံးကြသည့် ဖျော်ဖြေပွဲလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် အပျော်တမ်းဂိမ်းကစားကြသူများ၊ ချားရဟတ်စီးကြသူများ၊ Photo Booth များတွင် အမှတ်တရအလှ ဓာတ်ပုံရိုက်ကြသူများဖြင့် အထူးစည်ကားခဲ့သည်။
အလားတူ New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၃၀ ရက်မှစ၍ နေပြည်တော် ရေပန်းဥယျာဉ်၌ ကျင်းပရာ ယနေ့တွင် ပျော်ရွှင်စရာအစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်းမည့် အချိန်အခိုက်အတန့်ကို ရင်ခုန် စွာစောင့်မျှော်ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့သည်။
ရေပန်းဥယျာဉ်အတွင်း ဝင်ပေါက်လမ်းများတစ်လျှောက် ဘေးဝဲယာတွင် ရောင်စုံ အလှမီးများ လှပစွာထွန်းညှိထားသည့်အပြင် ရေပန်းဥယျာဉ်အတွင်း၌လည်း ရေပန်းအလှ များ၊ ကလေးများပျော်ရွှင်စွာ ဆော့ကစားရန် Water Park များ၊ အလှဓာတ်ပုံရိုက်ရန် Photo Booth များ ထားရှိပေးထားသည့်အတွက် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အလှဓာတ်ပုံများ ပျော်ရွှင်စွာရိုက်ကြသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် လာရောက်လည်ပတ်ကြသည့် ပြည်သူများ အဆင်ပြေစွာဝယ်ယူစား သောက်နိုင်ရန် ထိုင်းအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ၊ မြန်မာ့ ရိုးရာအစားအစာများ၊ ပင်လယ်စာအကင်များနှင့် အထောင်းမျိုးစုံများရောင်းချသည့် ဆိုင်ခန်းများအပြင် ကလေးကစားစရာ မီးလင်းရောင်စုံအရုပ် အရောင်းဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းစုစုပေါင်း ၂၀ ခန်းကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူစားသုံးကြသူများဖြင့် စည်ကားလျက်ရှိသည်။
New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်တွင် နိုင်ငံကျော် တေးသံရှင်များနှင့် Dancer များက Art Robots Band၊ DJ များဖြင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်ကြပြီး ည ၁၂ နာရီ တွင် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယကို Countdown ရေတွက်၍ ပြည်သူများက Happy New Year သံပြိုင်ဟစ်ကြွေးကြကာ နှစ်သစ်ကိုတစ်ခဲနက် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။