မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုခြင်းက အသုံးပြုသူ လူသားများအပေါ် လွှမ်းမိုးနိုင်သလား

 

မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုခြင်းက အသုံးပြုသူ လူသားများအပေါ် လွှမ်းမိုးနိုင်သလား

 

    အငြင်းပွားဖွယ်  မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုခြင်းသည် နောက်ပိုင်းတွင် အသုံးပြုသူ၏ ဆုံးဖြတ်ချက်ချမှတ်မှုများအပေါ် လျှို့ဝှက်စွာ လွှမ်းမိုးလာနိုင်ကြောင်း ဗြိတိန်သုတေသီများက ထုတ်ပြန်သည့် စာတမ်းတစ်စောင်တွင်      ဖော်ပြထားသည်။

မှတ်ဉာဏ်တုနည်းပညာကို   လူသားများက  အဆက်မပြတ် အသုံးပြုခြင်းသည် မကြာမီအနာဂတ်ကာလတွင် ၎င်းတို့၏ အသေးအဖွဲ ကိစ္စရပ်များဖြစ်သည့် ရုပ်ရှင်လက်မှတ်ဝယ်ယူခြင်းနှင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်အရွေးခံမည့် နိုင်ငံရေးသမားများအတွက် အလုပ်လုပ်ဆောင်ပေးခြင်းကဲ့သို့သော အရေးကြီးသည့်ကိစ္စရပ်များ အပေါ်တွင်လည်း  လွှမ်းမိုးလာနိုင်ကြောင်း ကိန်းဘရစ်တက္ကသိုလ်မှ သုတေသီများက ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည့်စာတမ်းတွင် ဖော်ပြထားသည်။

ပညာရှင်အချို့၏ အဓိပ္ပာယ်ဖွဲ့ဆိုမှုကို လေ့လာမည်ဆိုပါက  မှတ်ဉာဏ်တုနည်းပညာ ဟူသည်မှာ လူသားတို့သိမြင်၊မှတ်သား၊ တွေးခေါ်ဆောင်ရွက်သည့် ကိစ္စအဝဝအတိုင်း တုပဆောင်ရွက်နိုင်စွမ်း ရှိစေရန် တီထွင်ဖန်တီးထားသည့် ကွန်ပျူတာနည်းပညာဆိုင်ရာ စွမ်းဆောင်မှုဖြစ်သည်ဟု ဆိုထားသည်ကို    တွေ့ရသည်။

မှတ်ဉာဏ်တုနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ ကျွမ်းကျင်သူများက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားခဲ့ကြသည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုရာတွင်      သက်ရှိသတ္တဝါတို့၏ စွမ်းဆောင်ရည်များအတိုင်း ကွန်ပျူတာဖြင့်ထိန်းချုပ်သော  စက်ရုပ်များ၏ လုပ်ဆောင်နိုင်သည့် စွမ်းရည်ဟုလည်း ဆိုသည်။ ထို့ပြင် လူသားများ၏ ဆောင်ရွက်မှုများ သို့မဟုတ် လုပ်ငန်းဆောင်တာများကို မှတ်ဉာဏ်တုနည်းပညာ ထည့်သွင်းထားသည့်စက်ရုပ်က  တုပလုပ်ဆောင်နိုင်သည့် စွမ်းဆောင်နိုင်မှုဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

အချို့နိုင်ငံများသည်   ယခုအခါကဏ္ဍမျိုးစုံတွင်  မှတ်ဉာဏ်တုနည်းပညာနှင့် စက်ရုပ်နည်းပညာများကို တိုးမြှင့်အသုံးပြုလာခြင်းကြောင့် ယင်းနည်းပညာများသည် အသုံးပြုသူလူသားများ၏ အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို နှိုက်ယူနိုင်ခြင်း၊ ကောက်ချက်ချမှတ်ခြင်း၊ အချက်အလက်ရယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ နားလည်သိမြင်ခြင်း၊   ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ လိုအပ်သလိုအသုံးပြုနိုင်ခြင်းနှင့် နောက်ဆုံးတွင် အသုံးပြုသူများအား အသုံးချခြင်းတို့ကို လုပ်ဆောင်လာနိုင်ကြောင်း    သုတေသီတစ်ဦးဖြစ်သူ       ယာကွတ်ချောင်ဒရီက ပြောကြားသည်။

ထို့ပြင်  မှတ်ဉာဏ်တုနည်းပညာများသည် အချိန်တိုအတွင်းနိုင်ငံ အများအပြား၌ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့်   ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်း  စသည့်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

မှတ်ဉာဏ်တုနည်းပညာဖြင့်  တီထွင်ထုတ်လုပ်မှုနှင့် သုတေသနပြုလုပ်မှုများမှ ထွက်ပေါ်လာသည့် အကျိုးဆက်များကြောင့် အလိုအလျောက် လှုပ်ရှားနိုင်သော စစ်ဘက်သုံး စက်ရုပ်လူသားများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံ အများအပြားသည်  ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များမှ   အစပြု၍ မပေါက်ကွဲဘဲ ကြွင်းကျန်နေသည့်ခဲယမ်းများအား ဖောက်ခွဲဖျက်ဆီးနိုင်သည့် စက်ရုပ်များကိုပါ စစ်ဆင်ရေးများတွင်ပိုမို အသုံးပြုလာကြသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် လာမည့်အနာဂတ်ကာလတွင်    စက်ရုပ်များအားစစ်ပွဲများတွင် အသုံးပြုနိုင်မည့်   အလားအလာများ ထွက်ပေါ်လာခဲ့သည်။     မောင်းသူမဲ့ လေယာဉ်များ၊   မောင်းသူမဲ့ယာဉ်များ၊ မောင်းသူမဲ့ကင်းထောက်လေယာဉ်များ၏ ဖြန့်ကြက်မှုနှင့် မှတ်ဉာဏ်တုသုံးစက်ရုပ်စသည်တို့သည်       မှတ်ဉာဏ်တုသုံးလက်နက်များအဖြစ်  ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

သို့သော်    နည်းပညာတစ်ခုတွင် အားနည်းချက် တစ်ခုရှိစမြဲပင်တည်း။ ထိုအချက်ကို ပညာရှင်များက ထောက်ပြနေခြင်းဖြစ်သည်။ မှတ်ဉာဏ်တုနည်းပညာသစ်များသည် ၎င်းတို့အားအသုံးပြုသူများ၏ အသံနေအသံထား၊ နိုင်ငံရေး၊ စကားလုံးသုံးစွဲမှု၊ အသက်အရွယ်၊ လိင်၊ အွန်လိုင်းတွင် ရှာဖွေကြည့်ရှုခဲ့သည့် ဝက်ဘ်ဆိုက်မှတ်တမ်းများကိုသာမက အသုံးပြုသူများ၏ အနှစ်သက်ဆုံးအရာများကို ဖော်ထုတ် နိုင်ရန်အတွက် ဘာသာစကားပုံစံသစ်များ (LLMs) အပေါ် အဓိကထားအမှီသဟဲပြုလာနိုင်ကြောင်း သုတေသီများက သတိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုနေသူများအနေဖြင့် ထွက်ပေါ်လာနိုင်သည့် အားနည်းချက်များနှင့် စပ်လျဉ်း၍ အသိရှိကြရန်   ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာပန်းက  အကြံပြုတင်ပြ ထားသည်။     ။