
လေ့လာမှတ်သားစရာ စီးပွားရေးဝေါဟာရများ(အပိုင်း−၂)
ဆွာ့(တ်)စိစစ်လေ့လာမှု(SWOT Analysis)ခေါ်ရလွယ်ကူအောင် S၊ W၊ O၊ T စာလုံးလေးလုံးပေါင်းပြီးဖတ်ရင် ရလာနိုင်မယ့် အသံထွက်ကိုယူပြီး ဆွာ့(တ်)စိစစ်လေ့လာမှုလို့ အမည်တပ်လိုက်ရခြင်းဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အင်္ဂလိပ်အက္ခရာလေးလုံးဟာ ဒီသဘောတရားထဲမှာပါတဲ့ အယူအဆ (၄) ချက်ကို ကိုယ်စားပြုထားတဲ့ စာလုံးတွေဖြစ်ကြပါတယ်။ ဒီစာလုံးတွေကို လေ့လာကြည့်ရင် S ဆိုတာ Strengths(အားသာချက်များ)၊ W ဆိုတာ Weaknesses (အားနည်းချက်များ)၊ O ဆိုတာ Opportunities (အခွင့်အလမ်းနဲ့အလားအလာတွေ)နဲ့ T ဆိုတာကတော့ Threats (ခြိမ်းခြောက်လာနိုင်တဲ့အန္တရာယ်တွေ၊ စိန်ခေါ်ချက်တွေ)လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ဒီသဘောတရားကို အသုံးပြုတော့မယ်ဆိုရင် အတွင်းပိုင်းလေ့လာမှုနဲ့ အပြင်ပိုင်းလေ့လာမှု ဆိုပြီး အပိုင်းနှစ်ပိုင်းရှိတာကို တွေ့ရပါလိမ့်မယ်။ အားသာချက် (S)နဲ့ အားနည်းချက်(W)တို့ဟာ အတွင်းပိုင်း လေ့လာတွေ့ရှိချက်များ (Internal Factors)ဖြစ်ကြပြီး အခွင့်အလမ်း(O)နဲ့ ဖြစ်နိုင်ခြေအန္တရာယ် (T)ဆိုတာကတော့ ပြင်ပနဲ့ ဆက်စပ်ဖြစ်ပေါ်လာနိုင်မယ့်အခြေအနေ (External Factors)တွေဖြစ်ပါတယ်။ အတွင်းပိုင်းနဲ့ ပတ်သက်တာတွေကိုပြောရရင် လေ့လာနေတဲ့ အခြေအနေ၊ လူ၊ အဖွဲ့အစည်းတွေရဲ့ ပင်ကိုအနေအထားတွေနဲ့ ဆက်နွှယ်တာတွေဖြစ်ပြီး ပြင်ပနဲ့သက်ဆိုင်နေတဲ့ အချက်အလက်တွေကတော့ စဉ်းစားတတ်ရင် စဉ်းစားသလောက် ကျယ်ပြန့်လှတာကို တွေ့ရပါလိမ့်မယ်။
အဖွဲ့အစည်းမှ ဒါမှမဟုတ် အခြေအနေတစ်ရပ်ရပ်ကို SWOT Analysis ကိုသုံးပြီး လေ့လာကြည့်မယ်ဆိုရင် လေ့လာနေတဲ့အဖွဲ့အစည်း၊ အခြေအနေတစ်ရပ်ရပ် အတွင်းပိုင်းအခြေအနေတွေမှာ အားသာချက်၊ အားနည်းချက်တွေကို ရှာဖွေကြည့်ကြရပါတယ်။ အဲဒါတွေပြီးရင် ထိတွေ့ဆက်ဆံနေရတဲ့ ပြင်ပကမ္ဘာအခြေအနေနဲ့ ချိန်ဆပြီးဖြစ်လာနိုင်တဲ့ အခြေအနေကောင်းတွေ (အခွင့်အလမ်းတွေ)နဲ့ ထိခိုက်လာနိုင်တဲ့ အခြေအနေတွေ (ခြိမ်းခြောက်လာမှုအန္တရာယ်တွေ)ကို သတိထားကြည့်ဖို့လိုပါလိမ့်မယ်။
သဘောတရား စတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါက ဒီအိုင်ဒီယာကို စပြီးဖော်ထုတ်ခဲ့သလဲဆိုတဲ့အပေါ်မှာ ကွဲလွဲမှုတွေရှိနေပေမယ့် SWOT Analysis ထင်ရှားလူသုံးများလာတာနဲ့အတူ ပူးတွဲပြီး လူသိများလာနေသူကတော့ Stanford University က သုတေသန အလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ Albert Humphrey ဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ ဒီသဘောတရားဟာ ၁၉၆၀-၇၀ ကာလလောက်တွေ ကတည်းက ဈေးကွက်ရှာဖွေရေးလုပ်ငန်း လုပ်နေသူတွေအတွက် တော်တော်လေး အသုံးဝင်ခဲ့ပြီး စိစစ်လေ့လာမှုကိရိယာ တန်ဆာပလာတစ်ခု ဖြစ်ခဲ့တယ်လို့ တချို့ကတော့ ဆိုကြပါတယ်။ ဒီနေ့ခေတ်မှာတော့ လေ့လာနေတဲ့ အဖွဲ့အစည်း၊ အကြောင်းအရာ၊ အဖြစ်အပျက်တွေပေါ် မူတည်ပြီး ရှုထောင့်တွေ အမျိုးမျိုး၊ အမြင်တွေအမျိုးမျိုးနဲ့ လိုအပ်သလိုယူဆပြီး အသုံးပြုနိုင်ကြလို့ နယ်ပယ် အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေကြတာကို တွေ့ကြပါလိမ့်မယ်။
ဥပမာအနေနဲ့ ကုန်သွယ်မှုနယ်ပယ်နဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံကို SWOT Analysis သုံးပြီးလေ့လာကြည့်မယ်ဆိုရင် ဈေးနှုန်းသက်သာတာတွေ၊ စရိတ်စက နည်းတာတွေ၊ တီထွင်ကြံဆမှုတွေ အားကောင်းပြီး ကုန်စည်သစ်တွေ ထုတ်လုပ်နိုင်တာတွေစတဲ့ အချက်
တွေက အားသာချက်အဖြစ်တွေ့ရနိုင်ပြီး အဲဒီအချက်တွေနဲ့ ပြောင်းပြန်တွေကတော့ အားနည်းချက်တွေလို့ ယူဆနိုင်ပါတယ်။ အခွင့်အလမ်းတွေ အနေနဲ့ကတော့ ကမ္ဘာ့ဈေးကွက်ကြီးတွေနဲ့ ချိတ်ဆက်ထားနိုင်မယ့် အခြေအနေတွေ၊ Bilateral Trade Agreement တွေ၊ FTA တွေကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးတွေ၊ ကြီးမားလာတဲ့ဈေးကွက်မှာ ရောင်းချနိုင်ဖို့ ထုနဲ့ထည်နဲ့ထုတ်တဲ့အခါ ရလာနိုင်မယ့် တစ်ယူနစ်စရိတ် ကျဆင်းမှုတွေပဲဖြစ်ပါတယ်။ အင်အားကြီးလုပ်ငန်းကြီးတွေရဲ့ ဈေးနှုန်းနဲ့အရည်အသွေးပိုင်း အပြိုင်အဆိုင်တွေနဲ့ ပြည်တွင်းက လုပ်ငန်းငယ်လေးတွေ ခံရမယ့် အခြေအနေတွေကတော့ ခြိမ်းခြောက်လာမှုအန္တရာယ်တွေလို့ ရှုမြင်ထားလို့ရပါတယ်။
ဆွာ့(တ်)စိစစ်လေ့လာမှုကို အရင်က ကုမ္ပဏီတွေ၊ မားကတ်တင်းလုပ်ငန်းတွေမှာပဲ အသုံးပြုနေရာကနေ ဒီကနေ့ကာလမှာတော့ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ် အသီးသီးမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြပါတယ်။ ဒါပေမဲ့ တချို့တွေက ဆွာ့(တ်)သဘောတရားကိုသုံးပြီး စိတ်ကူးရှိရာအတိုင်း ပုံဖော်နေကြလို့ တစ်ခါတစ်ရံမှာ လွဲမှားယူဆမှုတွေရှိနိုင်တယ်လို့ ဝေဖန်သူတွေရှိကြသလို ချို့ယွင်းချက်၊ အားနည်းချက် တွေကလည်း ရှိနေပြန်ပါတယ်လို့ ထောက်ပြကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ SWOT စိစစ်လေ့လာမှုဟာ မိမိလေ့လာနေတဲ့ အခြေအနေတစ်ရပ်ရဲ့ လတ်တလောအခြေအနေတွေကို အကဲဖြတ်နိုင်မှုနဲ့ အနာဂတ်အလားအလာတွေ ကြိုတင်မှန်းဆနိုင်ဖို့၊ ပြင်ဆင်ထားနိုင်ဖို့ အသုံးပြုတဲ့အခါ ကိုယ်လိုချင်တဲ့ အခြေအနေတစ်ရပ်အတွက် အနည်းဆုံးတော့ ပုံကြမ်းပေါ်လာအောင်လောက်တော့ အထောက် အကူပြုနိုင်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကိစ္စကြီးငယ်မရွေးအတွက် အသုံးတည့်တဲ့နည်းလမ်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုသူတွေရှိကြပါတယ်။
ရီဆက်ရှင် (Recession) နှင့် ဒီပရက်ရှင် (Depression)
ဝေါဟာရကြွယ်ဝပြီး စာလုံးတစ်လုံးမှာ တစ်မျိုးထက်ပိုတဲ့ အဓိပ္ပာယ်တွေရှိတတ်တဲ့ မြန်မာဘာသာစကားကြောင့် စာဖတ်သူနားလည်မှု ရှုပ်ထွေးသွားမှာစိုးတဲ့အတွက် အသံထွက်အတိုင်းယူပြီး ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်ပါတယ်။
ရီဆက်ရှင် (Recession)နဲ့ ဒီပရက်ရှင် (Depression)စာလုံးနှစ်လုံးဟာ ယေဘုယျအားဖြင့် စီးပွားရေး အဆောက်အအုံတစ်ခုလုံးနဲ့ချီပြီး တော်တော်လေး ဆိုးဝါးနေတဲ့ စီးပွားရေးအခြေအနေ အလွန်အမင်းကျဆင်းဆုတ်ယုတ်နေတဲ့ အခြေအနေတွေကို ဖော်ပြပြောဆိုတဲ့အခါ သုံးလေ့ရှိတဲ့ ဘောဂဗေဒဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေပဲဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက စီးပွားရေးနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို ဖတ်ရှုလေ့လာကြည့်တဲ့အခါ စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်ပြီး အသုံးအနှုန်း အမျိုးမျိုး သုံးစွဲနေတာကို တွေ့ကြပါလိမ့်မယ်။ ဥပမာ-Economic Downturn တို့ DeCline, Decrease, Fall, Sluggish နဲ့ Contraction တို့ဆိုပြီး သုံးကြတဲ့အသုံးအနှုန်းတွေဟာ သာမန်စီးပွားရေးကျဆင်းမှုကို ဖော်ပြဖို့အတွက် သုံးလေ့ရှိတဲ့ စကားလုံးတွေအဖြစ် မြင်ကြရမှာဖြစ်ပါတယ်။ ရုတ်တရက် ပြင်းပြင်းထန်ထန် ထိုးကျ သွားတယ်ဆိုရင် Burst တို့ ပိုဆိုးနေတဲ့အခြေအနေကို သရုပ်ဖော်ထားတဲ့ Crisis တို့လို စာလုံးတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
Recession နဲ့ Depression စာလုံးတွေကိုတော့ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားရေးပြိုလဲမှုနဲ့အတူ ယခင်ကထက်စာရင် ခပ်စိပ်စိပ် ပိုကြားနေရပါလိမ့်မယ်။ အမေရိကန်မှာ စီးပွားရေးကျဆင်းမှုဖြစ်ခါစအချိန်က Financial တို့ Economic စတဲ့ စာလုံးတွေနဲ့ Crisis စာလုံးကိုတွဲသုံးပြီး Financial Crisis (ဘဏ္ဍာရေးအကျပ်အတည်း) Economic Crisis (စီးပွားရေးအကျပ်အတည်း)စသဖြင့် သုံးနှုန်းခဲ့ကြပြီး နောက်ပိုင်းမှာတော့ Recession နဲ့ Depression စာလုံးတွေပါ တွေ့ကြပါလိမ့်မယ်။
ရီဆက်ရှင်(Recession)ကို စီးပွားရေးဆုတ်ယုတ်မှုလို့ နားလည်လွယ်အောင် မြန်မာဘာသာနဲ့ခေါ်ဝေါ်ပြီး အဓိပ္ပာယ်သတ်မှတ်ချက်ဆိုတာတွေကို လေ့လာကြည့်ရင်တော့ အမျိုးမျိုးတွေ့ရပါလိမ့်မယ်။ တချို့စာအုပ်စာတမ်းတွေမှာ အချိန်ကာလအားဖြင့် အနည်းဆုံး သုံးလတာကာလ ဆက်တိုက်နှစ်ခါ(ဆိုလိုတာက ခြောက်လတာ အချိန်ကာလ) လောက် ထုတ်လုပ်မှု၊ ဝင်ငွေ၊ အလုပ်အကိုင်ရရှိမှု အခြေအနေတွေ ကျဆင်းနေတဲ့ကာလကို စီးပွားရေးဆုတ်ယုတ်မှု (Recession)လို့ သတ်မှတ်ထားကြပြီး တချို့ကတော့ သုံးလတာကာလ ဆက်တိုက်သုံးခါလောက် (ဆိုလိုတာက ကိုးလတာအချိန်ကာလ)ဖြစ်မှသာ သတ်မှတ်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် ခြောက်လကနေ ကိုးလအတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ ဆက်တိုက်ကျဆင်းနေပြီဆိုရင် စီးပွားရေးဆုတ်ယုတ်မှု (Recession)လို့ ယေဘုယျမှတ်ယူနိုင်ပါတယ်။
ဒီပရက်ရှင် (Depression)နဲ့ပတ်သက်လို့ ရိုးရိုးရှင်းရှင်းအဓိပ္ပာယ်ကတော့ ပြင်းထန်သောစီးပွားရေးဆုတ်ယုတ်မှု (A Severe Recession)ပဲဖြစ်ပါတယ်။
အချို့ပညာရှင်တွေကတော့ အနုတ်လက္ခဏာပြနေတဲ့အထိ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ (အထူးသဖြင့် ထုတ်လုပ်မှုနဲ့အလုပ်အကိုင်ရရှိမှု) အလွန်အမင်းကျဆင်းနေမှု ဖြစ်နေတဲ့ကာလလို့ ဆိုကြပါတယ်။ တချို့ပညာရှင်တွေကတော့ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကျဆင်းနေခြင်းဟာ ၁၀ ရာခိုင်နှုန်းကျော်ကျော်လောက်ဖြစ်နေတာ သုံးနှစ်တာအချိန်ထက် ပိုပြီးကြာနေပြီဆိုရင်တော့ ဒီပရက်ရှင် (Depression) လို့ ခေါ်ဆိုနိုင်တယ်လို့ ပြောသူတွေလည်းရှိပါတယ်။
သမိုင်းတစ်လျှောက်မှာ ကြီးမားဆိုးဝါးတဲ့ စီးပွားရေးပျက်ကပ် (Depression) အဖြစ် နမူနာပေးလေ့ရှိတဲ့အခါ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က အမေရိကန်မှာဖြစ်ခဲ့တဲ့ စီးပွားရေးအခြေအနေ ဆိုးဝါးမှုကို ရည်ညွှန်းပြောဆိုကြပြီး ဂရိတ်ဒီပရက်ရှင် (Great Depression) စီးပွားရေးပျက်ကပ်ကြီးလို့တောင် သုံးနှုန်းရေးသားခဲ့ကြပါတယ်။ တကယ်တော့ စီးပွားရေးဖွံ့ဖြိုးမှုအစဉ်အလာရှိခဲ့တဲ့ အမေရိကန်မှာ စီးပွားရေးကျဆင်းမှု၊ ဆုတ်ယုတ်မှုနဲ့ စီးပွားရေးပျက်ကပ်တွေဖြစ်တာ အကြိမ်များစွာ ရှိခဲ့ဖူးပါတယ်။ ၁၉၂၉-၁၉၃၀ ကာလက စီးပွားရေးပျက်ကပ်ကြီး (Great Depression) တစ်ခုတည်းမဟုတ်ပါဘူး။ ပညာရှင်တွေ မကြာခဏပြောဆိုဆွေးနွေးနေကြတဲ့ အထဲမှာ ငါးနှစ်ကျော်ကျော်လောက်ကြာခဲ့တဲ့ ၁၈၇၃ ခုနှစ်က အခြေအနေနဲ့ ၁၉၂၉ ခုနှစ်ဝန်းကျင်ကဖြစ်ခဲ့တဲ့ လေးနှစ်နီးပါးကြာပြီး ဥရောပအထိပါ ပျံ့နှံ့ခဲ့တဲ့ အခြေအနေတွေဟာ ထင်ရှားပြီးကမ္ဘာကျော်ခဲ့တဲ့ စီးပွားရေးပျက်ကပ်ကြီးတွေ ဖြစ်ပါတယ်။ ဒီပရက်ရှင်ရဲ့ စာလုံးအဓိပ္ပာယ်ကို ပိုမိုသဘောပေါက်နိုင်ဖို့ အမေရိကန်ရဲ့ စီးပွားရေးကျဆင်းမှု ဖြစ်ခဲ့တဲ့အချိန်နဲ့ ကြာမြင့်တဲ့ အချိန်ကာလအတိုင်းအတာကို ဇယားမှာဖော်ပြထားပါတယ်။
နိဂုံးချုပ်ပြောရရင်တော့ စီးပွားရေးကျဆင်းမှု၊ စီးပွားရေးဆုတ်ယုတ်မှု (Recession)နဲ့ စီးပွားရေးပျက်ကပ် (Depression) လို့ခေါ်တဲ့အခြေအနေတွေဟာ အတက်အကျဖြစ်နေတဲ့ စီးပွားရေးသံသရာစက်ဝန်း (Business Cycle)ရဲ့ အကျဘက်ဖြစ်စဉ်ကို ဖြစ်ရပ်ရဲ့ပြင်းထန်မှုနဲ့ အချိန်ကာလကြာမြင့်မှုပေါ် မူတည်ပြီး ခေါ်ဝေါ်နေကြခြင်းသာ ဖြစ်ပါတယ်။ ။