
အမေရိကန်က ပါကစ္စတန်အပေါ် ပိတ်ဆို့မှုတွေချမှတ်ခြင်းက တရုတ်နဲ့ပိုနီးကပ်အောင် တွန်းပို့ပေးနေတဲ့ လုပ်ရပ်လို့ဆိုနိုင်မလား
ဆောင်းပါးရှင် - ထက်မြက်
ဒီဇင်ဘာလ ၁၈ ရက်မှာ အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံရဲ့ အမြင့်ပျံဒုံးကျည်အစီအစဉ် အပေါ် ပိတ်ဆို့မှုတွေချမှတ်တယ်ဆိုပြီး ထုတ် ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုပိတ်ဆို့မှုချမှတ်တာ က သမ္မတရဲ့ အမိန့်အမှတ်စဉ် ၁၃၃၈၂ အရဖြစ်တယ် လို့ဆိုပါတယ်။
အဲဒီအမိန့်အမှတ်စဉ်ရဲ့ရည်မှန်းချက်က လူအစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အဖျက်စွမ်းအားပြင်း လက်နက်များကို ပြန့်ပွားစေသူများနဲ့ အဲဒီလက်နက် များကိုပို့ဆောင်တဲ့ အမျိုးမျိုးသော နည်းလမ်းများအပေါ် ပစ်မှတ်ထားပြီးလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တစ်မျိုးပါ။
အမေရိကန်ရဲ့ပိတ်ဆို့မှုထဲမှာပါကစ္စတန်ရဲ့နိုင်ငံပိုင် National Development Complex လည်းအပါ အဝင် ဖြစ်ပြီး ကုမ္ပဏီလေးခုကို ပိတ်ဆို့မှုတွေချမှတ်လိုက်တာဖြစ်ပါတယ်။ အခုလို အမေရိကန်က ပါကစ္စတန် နိုင်ငံအပေါ်ပိတ်ဆို့မှုတွေချမှတ်ခြင်းဟာ ပါကစ္စတန် နဲ့ပတ်သက်ပြီး အချိန် ၁၄ လတာ ကာလအတွင်း စတုတ္ထအကြိမ်မြောက် ပိတ်ဆို့မှုချမှတ်ခြင်းလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အမေ ရိကန်က တရုတ်ကုမ္ပဏီသုံးခုအပေါ် ပိတ်ဆို့မှုတွေချ မှတ်ခဲ့ တာတွေ့ရပါတယ်။ ဒီလိုပိတ်ဆို့မှုတွေချမှတ် ရတဲ့အကြောင်းရင်းက အဲဒီကုမ္ပဏီတွေဟာ ပါကစ္စတန်နိုင်ငံကို အမြင့်ပျံဒုံးကျည်အတွက်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးနေခြင်းကြောင့်ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းက အမေရိကန်ဟာ တရုတ်ကုမ္ပဏီနောက်ထပ်သုံးခုနဲ့ ဘယ်လာရုစ် ကုမ္ပဏီတစ်ခုတို့ကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါ သေးတယ်။ စက်တင်ဘာလမှာ အမေရိကန်ဘက်က တရုတ်ကုမ္ပဏီ နောက်ထပ်လေးခုနဲ့အတူ တရုတ် နိုင်ငံသားတစ်ဦးတို့ကို ပါကစ္စတန်ရဲ့ဒုံးကျည်အစီ အစဉ်မှာပါဝင်မှုအတွက် ပိတ်ဆို့မှုတွေချမှတ်ခဲ့တာ တွေ့ရပါတယ်။ အခုနောက်ဆုံးတစ်ခေါက် ပိတ်ဆို့မှုချမှတ်ရာမှာ ပါကစ္စတန်နိုင်ငံပိုင်ကုမ္ပဏီလည်းပါဝင် လာတာဖြစ်တဲ့အတွက် ဒီလိုလုပ်ဆောင်မှုက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်လာ တာဖြစ်ပါတယ်။
Arms Control Association and Carnegie Endowment for International Peace ဆိုတဲ့အဖွဲ့ ကစီစဉ်ကျင်းပတဲ့အခမ်းအနားတစ်ခုမှာ အမေရိကန် အမျိုးသားလုံခြုံရေးဒုတိယအကြံပေး ဂျွန်ဖိုင်းနားက ပါကစ္စတန်နိုင်ငံဟာ အကြီးစားဒုံးကျည်မော်တာများ ကိုထုတ်လုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုထားတာရှိ ပါတယ်။ အဲဒီဒုံးကျည်မော်တာတွေက တောင်အာရှ ဒေသကိုကျော်လွန်ပြီး အမေရိကန်အပါအဝင် တခြားသောနေရာများရှိ ပစ်မှတ်များကိုပစ်ခတ်နိုင်စေလိမ့် မယ်လို့လည်း သူက ဆိုထားပါတယ်။
ဒါပေမဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက တော့ အမေရိကန်ရဲ့ထုတ်ပြန်ချက်တွေဟာ ဘက် လိုက်မှုတွေရှိနေတယ်လို့ပြောပြီးတုံ့ပြန်ထားတာကိုတွေ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန် ချက်ထဲမှာ ပါကစ္စတန်နိုင်ငံအနေနဲ့ အခုလိုမျိုးတွေ လုပ်ဆောင်နေရတာဟာ ကိုယ့်နိုင်ငံကိုကာကွယ်ရေး
အတွက် မိတ်ဖက်နိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်ခြင်း သာဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။
လက်ရှိအချိန်မှာ ပါကစ္စတန်နိုင်ငံက တာလတ် ပစ်ဒုံးကျည်တစ်မျိုးဖြစ်တဲ့ Shaheen-III ဒုံးကျည်ကို ပိုင်ဆိုင်ထားပြီး ဒါဟာ သူတို့ရဲ့လက်နက်တွေထဲက အဆင့်အမြင့်ဆုံးလက်နက်တစ်မျိုးဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်မှာ အချင်း ၁ ဒသမ ၄ မီတာရှိဒုံးမော်တာ ကိုတပ်ဆင်ထားတာပါ။ အဲဒီအတွက် အကွာအဝေး အားဖြင့် ကီလိုမီတာ ၂၇၅၀ အထိသွားနိုင်ပါတယ်။ အမေရိကန်ပြောသလိုမျိုးပဲ ပါကစ္စတန်က အမေရိ ကန်အထိပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုး အစားကိုဖန်တီးထုတ်လုပ်ဖို့အတွက်ဆိုရင် အနည်းဆုံးကီလိုမီတာ ၁၂၀၀၀ လောက်အထိ သွားနိုင်စွမ်း ရှိတဲ့ ဒုံးကျည်အမျိုးအစားကိုဖန်တီးရပါမယ်။
ပါကစ္စတန်ရဲ့ပြောဆိုပုံအရဆိုရင်ပကတိမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး အတည်မပြုနိုင်တဲ့ယူဆ ချက်အပေါ်အခြေခံကာ အမေရိကန်ကပိတ်ဆို့မှုတွေချမှတ်လိုက်တာဖြစ်တဲ့အတွက် ဒီလိုမျိုးဆောင်ရွက်ချက်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကိုပျက်စီးသွားစေနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲပါကစ္စတန်က သူတို့အနေနဲ့ နျူကလီးယားစွမ်းဆောင်ရည်များကို အကောင်အထည်ဖော်နေခြင်းဟာ ကိုယ့်နိုင်ငံကိုကာကွယ်ပေးနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်က အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးကောင်း တစ်ခုကိုတည်ဆောက်ထားခြင်းက ပါကစ္စတန်ရဲ့ စိုးရိမ်ကြောင့်ကြမှုကို ပိုမိုဆိုးဝါးစေပါတယ်။ ဒီအ တွက်ကြောင့် အမေရိကန်ဟာ တောင်အာရှဒေသရှိ မဟာဗျူဟာမြောက် လက်တွေ့အခြေအနေတွေ ကို နားလည်ထားခြင်းမရှိဘူးလို့ ပညာရှင်အချို့ကသုံးသပ်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာ ပါကစ္စတန်ရဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုတွေ၊ ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်တဲ့ ဒုံးကျည်တည်ဆောက်မှုတွေလုပ်ဆောင်ထားတာ ကြောင့်လည်း ပါကစ္စတန်အနေနဲ့ စိုးရိမ်ပူပန်နေမယ် ဆိုရင် ဒါဟာစိုးရိမ်ပူပန်သင့်တဲ့အခြေအနေ တစ်ခုဖြစ်နေတယ်ဆိုတာကို လက်ခံပေးရပါမယ်။
အိန္ဒိယဘက်က နျူကလီးယားလက်နက်တပ်ဆင် ပစ်ခတ်နိုင်တဲ့ Agni-5 ဒုံးကျည်၊ အသံနှုန်းလွန်လေဟုန်စီးယာဉ်၊ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ K4 အမျိုးအစားအမြင့်ပျံဒုံးကျည်များကို တည်ဆောက် ထားနိုင်တာတွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်က အိန္ဒိယနဲ့များ လှစွာသောသဘောတူစာချုပ်များမှတစ်ဆင့် ဒေသ တွင်းကာကွယ်ရေးနဲ့လုံခြုံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်နေပါတယ်။ သဘောတူညီချက်တွေ ထဲမှာ ဆိုက်ဘာလုံခြုံရေး၊ ချစ်ပြားထုတ်လုပ်ရေး၊ လူတူဉာဏ်ရည်နည်းပညာ၊ ကွမ်တမ်နည်းပညာ၊ အာကာသရေးရာအပါအဝင် တခြားကဏ္ဍများစွာပါ ဝင်ပါတယ်။ ဒါ့အပြင် အိန္ဒိယက အမေရိကန်မှစစ် လက်နက်ပစ္စည်းများစွာကိုဝယ်ယူနိုင်ဖို့အတွက်လုပ်နေပါသေးတယ်။
အရင်တစ်ချိန်တုန်းက ပါကစ္စတန်နိုင်ငံဆိုတာ အမေရိကန်နဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေး တစ်ရပ် ကိုထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အတက် အကျလေးတွေတော့ရှိပါတယ်။ အမေရိကန်ရဲ့ အကြမ်းဖက်မှုချေမှုန်းရေးစစ်ပွဲအတွင်း ပါကစ္စတန်နိုင်ငံ ကအဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့တာပါ။
ဒါ့အပြင် ပါကစ္စတန်နိုင်ငံဆိုတာ အမေရိကန်နိုင်ငံ အတွက် NATO တပ်ဖွဲ့ပြင်ပ အဓိကမဟာမိတ်နိုင်ငံအထိကိုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာ သေးမီကချမှတ်လိုက်တဲ့ အမေရိကန်ရဲ့ ပါကစ္စတန်အပေါ်ပိတ်ဆို့မှုတွေက ပါကစ္စတန်ကိုတရုတ်နိုင်ငံဆီရောက်ရှိစေဖို့အတွက် လမ်းကြောင်းပေးနေသလို ဖြစ် နေတာကိုတွေ့ရပါတယ်။
ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများစွာပြောင်းလဲလာတာနဲ့အမျှ အမေရိကန်နဲ့တရုတ်တို့ရဲ့ပြိုင်ဆိုင်မှုသည်လည်း ပြင်းထန်လာပါတယ်။ ဒါကြောင့်ပဲ တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုကို တုံ့ပြန် နိုင်ရေးအတွက် အမေရိကန်ကအိန္ဒိယနဲ့ဆက်ဆံရေး ကိုပိုမိုတိုးမြှင့်လာနေပါတယ်။ ပါကစ္စတန်ကတော့ နှစ်နိုင်ငံစလုံးနဲ့သင့်မြတ်အောင်နေထိုင်လာနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် အာဖဂန်နစ္စတန်မှ အမေရိ ကန်တပ်ဖွဲ့တွေထွက်ခွာပြီးနောက် အမေရိကန်နဲ့ ပါကစ္စတန်နိုင်ငံတို့ကြားဆက်ဆံရေးက တစ်ဖန်ပြန်လည်ဆိုးဝါးလာပါတယ်။
အတိတ်ကာလတုန်းက အမေရိကန်နိုင်ငံဆိုတာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာပြဿနာတက်ရင် အမြဲတမ်းကြားကနေဝင်ရောက်ညှိနှိုင်းပေးတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့အခုတော့ အမေရိကန်အနေနဲ့ ပါကစ္စတန်အပေါ်ပိတ်ဆို့မှုတွေချမှတ်လိုက်ခြင်းက အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဆက်ဆံရေးတင်းမာ မှုတွေကိုပိုလို့သာဆိုးသွားစေပါတယ်။ ဒီအချိန်မှာ အမေရိကန်ကလည်း အိန္ဒိယဘက်ကိုသာအလေးပေး နေတာတွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ပါကစ္စတန်တို့ ကြားမှာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ယုံကြည်မှု တွေက လျော့ပါးကျဆင်းလာနေပါတယ်။ ဒီပြဿနာ က အနာဂတ်ပဋိပက္ခတွေမှာ ဘက်မလိုက်တဲ့နိုင်ငံ တစ်နိုင်ငံအနေနဲ့ ရပ်တည်နိုင်ဖို့အတွက် အမေရိကန် ရဲ့ကြိုးပမ်းမှုနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလိုဖြစ် နေပြီး ကိုယ့်ရဲ့အကူအညီလိုအပ်နေနိုင်သူတစ်ဦးကို ကိုယ်ကမကူညီပေးဘဲ ကိုယ့်ရဲ့ပြိုင်ဘက်ဆီကိုသာ ထိုးအပ်နေတဲ့အဖြစ်နဲ့တူညီနေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Ref: SCMP