ချမ်းအေးသာစံမြို့နယ်တွင် ငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၁
ချမ်းအေးသာစံမြို့နယ်တွင် ငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်းနှင့်၅၅ လမ်းထောင့်တွင် ဟိန်းသူအောင် မောင်းနှင်ပြီး သန်းဇော်ငြိမ်းလိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၄(A)လမ်း x ၃၂(A)လမ်းထောင့်ရှိ မူးယစ်ဆေးဝါးများသယ်ဆောင်ခိုင်းသူ သိန်းနိုင်ဦး၏ နေအိမ်မှ ဘိန်းဖြူ ၈ ဒသမ ၂ ကီလို၊စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဆက်လက် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။