
ဆေးဖက်ဝင်ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများ
ဆောင်းပါးရှင် - ဒေါက်တာလပြည့်ခင်
ကိုယ်အလေးချိန်ကျလိုသူများ စားသင့်သောပိန်းဥ
ပိန်းဥအလေးချိန် ၁၀၀ ဂရမ်တွင် ၁၁၂ ကယ်လိုရီပါဝင်သဖြင့်အာလူးထက် ကယ်လိုရီပိုများနေသောကြောင့် လွန်ကဲစွာစားသုံးမိပါက ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် ပေါင်ချိန်တက်စေနိုင်သည်။ ထိုက်သင့်သလောက် ပိန်းဥပမာဏကို မကြာခဏစားပေးပါက ရသင့်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဘေးဥပဒ်ကင်းစွာ ရရှိနိုင်မည်ဖြစ်သည်။ ပိန်းဥတွင် အဆီမပါသကဲ့သို့ ကိုလက်စထရောမပါဝင်သဖြင့် ကယ်လိုရီတက်မည်ကိုပူပင်စရာမရှိဘဲ ဗိုက်ပြည့်၍ သွေးလှည့်ပတ်မှုကိုကောင်းစေသည်။ ပိန်းဥတွင် ဗက်တီးရီးယားကိုကာကွယ်နိုင်သော ဂုဏ်သတ္တိများပါဝင်သောကြောင့် ပုံမှန်စားပေးပါက အအေးမိဖျားနာခြင်းမဖြစ်နိုင်ပေ။ ပိန်းဥတွင် ကစီဓာတ်(ကာဗိုဟိုက်ဒရိတ်) များစွာပါဝင်၍ လိုအပ်သောစွမ်းအင်ကိုရရှိစေပြီး အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်သည် အစာခြေစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေကာ ကျန်းမာသော ကိုယ်အလေးချိန်လျော့ကျမှုကို ဖြစ်စေသည်။
ပိန်းဥတွင်ပါဝင်သော ကစီဓာတ်
ကြောင့် ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေသည်။ ပိန်းဥသည် ကာဗိုဟိုက်ဒရိတ်များသောအစားအစာဖြစ်သည်နှင့်အညီ ပိန်းဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ်၂၆ ဒသမ ၄၆ ဂရမ်အထိပါရှိသည်။ လူတို့အတွက် ကာဗိုဟိုက်ဒရိတ်နည်းပါးခြင်းသည် အကျိုးမရှိနိုင်သော်လည်း ပိန်းဥတွင်သိသာထင်ရှားစွာပါဝင်သော အမျှင်ဓာတ်ကြောင့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးသည်။ အမျှင်ဓာတ် သည် လူတို့မချေဖျက်နိုင်သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်သည်။ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိပါက အစာခြေခြင်းကို နှေးကွေးစေသည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ကာဗိုဟိုက်ဒရိတ်မှပေးသဖြင့် ပိန်းဥအတွင်းရှိ ကစီဓာတ်နှင့်အမျှင်ဓာတ်ပေါင်းစပ်ခြင်းဖြင့် ဆီးချိုရောဂါအတွက်သင့်တော်သော ကာဗိုဟိုက်ဒရိတ်ကိုရရှိစေမည်ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် အမျှင်ဓာတ် ၁၀ ဂရမ် စားသုံးသူများသည် နှလုံးရောဂါဖြစ်ခြင်းမှ ၁၇ ရာခိုင်နှုန်း လျော့ကျစေခြင်းကြောင့် ပိန်းဥသည် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေသည်ဟုဆိုနိုင်သည်။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေသော ပိန်းဥ
ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အစာခြေလုပ်ငန်းစဉ်ကို တိုးတက်စေခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းတို့ ပါဝင်သည်။ ပိန်းဥတွင်ကိုယ်တွင်းအစာခြေခြင်းကို ဟန့်တားပေးနိုင်သော ကစီဓာတ် Resistant Starch များ ပါဝင်နေမှုများသောကြောင့်ထပ်မံအစားစားလိုစိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။
ပိန်းဥ၏ ဆိုးကျိုးဖြစ်စေသောအရာများ
ပိန်းဥတွင် အကျိုးများစေသောအချက်များရှိသကဲ့သို့ ဆိုးကျိုးဖြစ်စေသောအချက်တစ်ခုမှာ ယင်းတွင် ကယ်လ်စီယမ်အောက်စာလိတ် (Calcium Oxalate) ဟုခေါ်သော သဘာဝအတိုင်းတွေ့ရသည့် ခန္ဓာကိုယ်အတွင်းဖြစ်ပေါ်သော ဒြပ်ပေါင်းတစ်ခုပါဝင်ခြင်းကြောင့် အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါကို အစပျိုးစေခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်း ဖြစ်ပေါ်စေသည်။ ပိန်းဥကို အစိမ်းစားပါက ယင်းတွင်ပါဝင်သော အောက်စာလိတ်(Oxalate)ကြောင့် လည်ပင်းကို မအီမသာဖြစ်စေပြီး ပါးစပ်တွင်း၌ ထုံကာ တောက်တတ်သည်။ တချို့သောပိန်းဥအမျိုးအစားများသည် ချွဲကျိကျိများထုတ်သောကြောင့် ပါးစပ်ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ ထိုသို့ဖြစ်ပါက ပိန်းဥကိုချက်ပြုတ်ခြင်းဖြင့် ဓာတ်ပြယ်စေနိုင်သည်။ ကြီးမားသောပိန်းဥပင်ကြီးများတွင် မည်သည့်အစိတ်အပိုင်းမဆို အစိမ်းစားမိပါက ရုတ်တရက်နာကျင်ခြင်း၊ နှုတ်ခမ်းပါးစပ်နှင့် လျှာရောင်ရမ်းခြင်း၊ အပူလောင်ခြင်းများဖြစ်စေသည်။ ရောင်ရမ်းခြင်းကြောင့်တံတွေးများခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ အစာစားရာတွင်မျိုချရန်ခဲယဉ်းကာ စကားပြောရန်ခက်ခဲခြင်းများကြုံရမည်။ မျိုချမိပါက အစာအိမ်ရောဂါဖြစ်စေနိုင်သည်။ပိန်းဥတွင် ကျန်းမာရေးအတွက်အကျိုးရှိသော အပင်မှထွက်သည့် ပိုလီဖီနော(Polyphenol) ဒြပ်ပေါင်းပါရှိသဖြင့်ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်ပေးပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သောအစွမ်းရှိသည်။ ပိန်းဥတွင်တွေ့ရသော Polyphenol သည် ကြက်သွန်နီ၊ပန်းသီးနှင့် လက်ဖက်တို့တွင်ရှိသော ကွာဆက်တင် (Quercetin) ဒြပ်ပေါင်းအမျိုးအစားဖြစ်သည်။ ယင်းဒြပ်ပေါင်းသည် ကင်ဆာဆဲလ်များကိုသေစေနိုင်ပြီးကင်ဆာရောဂါအမျိုးမျိုးဖြစ်ပေါ်ခြင်းကိုနှေးကွေးစေသည်။ ယင်းသည် ဓာတ်တိုးဆန့်ကျင်မှု (Antioxidant)ကို ကာကွယ်ပေးနိုင်သော အစွမ်းထက် Free Radical များကို ကာကွယ်ပေးသည်။
ပိန်းဥအစိမ်းတွင်ပါဝင်သော Oxalate ဓာတ်သည် ဂေါက်ရောဂါနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို အားပေးစေနိုင်သဖြင့် သေချာစွာ အပူပေးချက်ပြုတ်ပြီးမှသာ စားသောက်သင့်သည်။ပိန်းဥကို အလွန်ကြိုက်နှစ်သက်ကြသော အဆိုပါရောဂါရှိသူများသည် Oxalate ဓာတ်ပြယ်စေရန် ပိန်းဥကို နွားနို့ သို့မဟုတ် ကယ်လ်စီယမ်ကြွယ်ဝစွာပါရှိသော အစားအစာတစ်ခုခုဖြင့် တွဲဖက်၍စားသင့်သည်။ သို့သော် မလိုလားအပ်သောပြဿနာများ မဖြစ်စေရေးအတွက်ထိုရောဂါဝေဒနာရှင်များအနေဖြင့် ပိန်းဥနှင့်ပိန်းရိုးတို့ကို ရှောင်နိုင်လျှင် ပိုကောင်းသည်။
ပိန်းရိုးဟင်းခါး
ပိန်းပင်မှပင်စည်ဖြစ်သည့် ပိန်းရိုးကိုမူဟင်းခါး သို့မဟုတ် ဟင်းချိုအဖြစ် စားသောက်လေ့ရှိကြသည်။ ပိန်းဥနှင့် ပိန်းရိုးတို့တွင် Oxalate ဓာတ်ပါရှိသဖြင့် အစိမ်းစားမိပါက ထိုဓာတ်များသည် လူကိုအဆိပ်ဖြစ်စေသည်။ ထို့ကြောင့် Oxalate ဓာတ်များပျက်ပြယ်သွားစေရန် ပိန်းဥကို မချက်ပြုတ်မီ တစ်ညတာ ကြိုတင်၍ ရေစိမ်ထားသင့်သည်။
သွေးအားနည်းရောဂါကာကွယ်ပေးသည့် ပိန်းရွက်
လူတစ်ဦးသည် ၁၀-၂၀ မီလီဂရမ်ရှိသော သံဓာတ်ပါဝင်သည့် အစားအစာကို
စားသုံးသော်လည်း သံဓာတ် ၁ မီလီဂရမ်ခန့်သာ ၎င်း၏ခန္ဓာကိုယ်က စုပ်ယူနိုင်သည်။ အစာအာဟာရတွင် သံဓာတ်နည်းပါးပါက သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်စေတတ်သည်။ အစာအာဟာရမှရရှိသော သံဓာတ်သည် ခန္ဓာကိုယ်အတွင်း အဓိကလိုအပ်သော အရင်းအမြစ်ဖြစ်သည်။ ပိန်းရွက်သည် သံဓာတ်ပေါကြွယ်ဝသော အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ပိန်းရွက်ကို ပုံမှန်ချက်ပြုတ်စားသောက်ခြင်းဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်သည်။ ပိန်းရွက်တွင် ထရီအိုနင်း(Threonine )ဟုခေါ်သော အမိုင်နိုအက်စစ်တစ်မျိုးပါဝင်သည်။ ယင်းအမိုင်နိုအက်စစ်သည် သာမန်အရေပြားအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် ကျုံ့နိုင်ဆန့်နိုင်သော ပရိုတင်းဓာတ်တစ်မျိုးကိုထုတ်ပေးသည်။ လုံလောက်သောThreonine အမိုင်နိုအက်စစ်ပမာဏသည်အသက်ကြီး၍ အရေပြားတွန့်ခြင်းနှင့်အသားအရေတွန့်ခြင်းတို့ကို ကာကွယ်ပေးသည်။ Threonine အမိုင်နိုအက်စစ်ပါသော ပိန်းရွက်ကို ချက်ပြုတ်စားသောက်ခြင်းဖြင့် အသားအရေကို ကြည်လင်ပြီးအရွယ်တင်နုပျိုစေသည်။
ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါမှု
ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါပုံများအနေဖြင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေခြင်း၊ ကြက်မျက်သင့်ဝေဒနာရှင်များကို အကျိုးပြုခြင်း၊ မျက်စိအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို တင်းရင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေသွားသောဆဲလ်များပြန်လည်တည်ဆောက် ထုတ်လုပ်မှုကို အထောက်အကူပြုပေးခြင်း၊ နှုတ်ခမ်းနာခြင်း၊ ကွဲအက်ခြင်းတို့ကိုသက်သာကောင်းမွန်စေခြင်း၊ အရိုးများကို ကျန်းမာသန်စွမ်းစေရန် အထောက်အကူပြုခြင်း၊ သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေခြင်း၊ လည်ပင်းအကျိတ်၊ သိုင်းရွိုက်ဂလင်းပြဿနာများကို သက်သာကောင်းမွန်စေခြင်း၊ အာရုံကြောများကို တိုးတက်ကောင်းမွန်စေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့်မူးဝေထိုင်းမှိုင်းခြင်းတို့ကို ကာကွယ်ပေးခြင်း၊ မိတ်၊ အင်ပျဉ်ကဲ့သို့သောအရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထခြင်းတို့ကို သက်သာစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးသည့်အပြင်ဆံပင်ကိုနက်စေခြင်း၊ ကိုလက်စထရောပမာဏ ပုံမှန်ဖြစ်စေခြင်း၊ ကြွက်သားများတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်း၊ မျိုးပွားခြင်းကိုလည်း ကောင်းစွာအထောက်အကူပြုခြင်း၊ သွားနှင့်သွားဖုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အဆုတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ ပင်ပန်းနွမ်းလျမှုကို ပြေလျော့စေခြင်း၊ကိုယ်အလေးချိန်ကျစေခြင်း၊အကြားအာရုံချို့ယွင်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ ဒဏ်ရာကို အမြန်ကျက်စေခြင်း၊ အူသိမ်၊အူမကြီးလုပ်ဆောင်ချက်များကိုအထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်တွင်းကျန်းမာရေးကို အထောက်အကူပြုရုံသာမက အရေပြားကျန်းမာရေးကိုလည်း များစွာအကျိုးပြုကာအရွယ်တင်နုပျိုစေခြင်း၊ နာတာရှည်ဝမ်းလျှောခြင်းမှ ကာကွယ်ပေးခြင်း၊ မကြာခဏအအေးမိခြင်းနှင့် ပြင်ပရောဂါများ အလွယ်တကူဝင်ရောက်ခြင်းတို့ကို ဟန့်တားပေးပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများစွာပေးနိုင်သည့် ပိန်းဥကို လူတိုင်းသင့်တင့်မျှတစွာ စားသုံးသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သဘာဝအလျောက် ပေါက်လေ့ရှိသောပိန်းဥကို စီးပွားဖြစ်ရောင်းဝယ်ဖောက်ကားနိုင်သောပိန်းဥများအဖြစ် နေရာဒေသများစွာ၌စိုက်ပျိုးကြမည်ဆိုပါက ပိန်းဥရောင်းကုန်မှဝင်ငွေသည် အပိုဝင်ငွေဖြစ်လာနိုင်သည်။ပိန်းဥကို စီးပွားဖြစ်စိုက်ပျိုးပြီး ပိန်းဥကိုသန့်စင်အခြောက်ခံ၍ဖြစ်စေ၊ တန်ဖိုးမြှင့်ပို့ကုန်အဖြစ်ဖြစ်စေ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျှင် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်သည်။ ပိန်းရွက်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့်တိရစ္ဆာန်အစာခြောက် ပြုလုပ်၍လည်းရောင်းချနိုင်သည်။ ပိန်းဥတွင် Poly-phenols နှင့် Antioxidant ပါဝင်မှုကြောင့် ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တိုက်ဖျက်စေသည့်အပြင် ခန္ဓာကိုယ်အတွက် ရောဂါဖြစ်စေသော ဓာတ်တိုးခြင်းကို ကာကွယ်ပေးသည်။ ပိန်းဥတွင်ကာဗိုဟိုက်ဒရိတ်များခြင်းကြောင့် ခန္ဓာကိုယ်အားဖြစ်စေခြင်း၊အမျှင်ဓာတ်များခြင်းကြောင့် အစာချေဖျက်အားကောင်းစေခြင်း၊ ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းသိမ်းစေခြင်း စသည့်ကျန်းမာရေးအတွက် အကျိုးများစွာရရှိစေနိုင်သည့်ပိန်းဥကို အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော်လည်း တန်လျှင်ဆေး၊ လွန်လျှင် ဘေးဖြစ်တတ်သောကြောင့် သင့်တင့်မျှတစွာစားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။