
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ရွှေဥဒေါင်း
ယမန်နေ့မှအဆက်
ပြန်လာကြခြင်း
တာဝဘူတာရုံသို့ရောက်ကြ၍ လက်မှတ်ဝယ်ရာတွင် မိခင်သည် လူကြီးအတွက် လက်မှတ်တစ်စောင်သာဝယ်၍ ကျွန်ုပ်အတွက် ကလေး လက်မှတ်မဝယ်တော့ချေ။ အလာခရီး၌ ကျွန်ုပ်အတွက်ဝယ်ပါလျက် အပြန်ခရီး၌မဝယ်ခြင်းမှာ ပိုက်ဆံနည်းပါးသောကြောင့်ဟု ကျွန်ုပ်သိရ ၏။ သို့ရာတွင် ဘူတာရုံမှ မီးရထားအလုပ်သမားတစ်ယောက်နှင့် နားလည်မှုယူထားသည်ဟု နောင်တွင် မိခင်ကပြော၍သိရ၏။ မီးရထား ဆိုက်ခါနီးတွင် ဘူတာရုံဝ၌စောင့်လျက်ရှိသော လက်မှတ်စစ်နှင့်လွဲစေ ရန် မိခင်သည် ကျွန်ုပ်အား မီးရထားအလုပ်သမား၏လက်သို့အပ်လိုက် ၏။ ဤအစီအစဉ်အကြောင်းကို ဘာမျှနားမလည်သောကျွန်ုပ်မှာ ထိုလူ နှင့်အတူလိုက်သွား၍ ဘူတာရုံ၏အပြင်သို့ ရောက်ခဲ့ပြီးသော်လည်း တစ်ရပ်တစ်ကျေးတွင် လူစိမ်းတစ်ယောက်နှင့် ကြာရှည်စွာနေရခြင်းကို ရွံ့သည်နှင့် အပြင်သို့ရောက်ပြီးခါမှ မိခင်ရှိရာသို့ ပြန်လာ၏။ မိခင်ကမူ ကျွန်ုပ်၏ဦးခေါင်းကို ခေါက်၍ပြန်သွားခိုင်းသဖြင့် ထွက်လာပြန်၏။ နောက်တစ်ကြိမ်ပြန်သွားရာ ခပ်နာနာခေါက်၍ လွှတ်လိုက်ပြန်၏။ တတိယအကြိမ်၌ကား မိခင်သည် နာကြည်းစွာခေါက်လွှတ်လိုက်လေရာ ကျွန်ုပ်မှာ ဦးခေါင်းကိုပွတ်ရင်း ကိုယ့်မိခင်ထံသို့ ကိုယ်သွားမိခြင်း အတွက် အခေါက်ခံရသည်မှာ နားမလည်နိုင်အောင်ဖြစ်၍ 'ဘယ့်နှယ် ဟာပါလိမ့်၊ ဘယ်လိုပါလိမ့်' စသည်ဖြင့် အကြီးအကျယ်စိတ်ရှုပ်ခြင်း ကြောင့် ကျွန်ုပ်၏သဘာဝ၌ ဆူးတစ်ချောင်းပေါက်လာခဲ့ပြန်လေပြီ။ ဤအကြောင်းကို ကြီးပြင်းလာသောအခါ၌ မိခင်အား ကျွန်ုပ်ကပြောပြ ရာတွင် မိခင်မှာ မျက်ရည်များဝိုင်းလာသည့်အထဲမှ ရယ်မောလျက် 'ငါ့ သားနှယ် မှတ်မိလိုက်တာပါလားကွယ်၊ အမေလဲစိတ်ရှုပ်လွန်းလို့ဟေ့' ဟုပြောသဖြင့် ကျွန်ုပ်ကလည်း 'ကျွန်တော်က အမေ့ကိုစိတ်မနာပါဘူး၊ လောကကြီးဟာ တယ်ပြီးဂွကျပါကလားလို့ စိတ်ရှုပ်မိတာပါပဲအမေရဲ့' ဟု ပြောရဖူးလေသည်။
ဖခင်ရောက်လာခြင်း
မန္တလေးသို့ ကျွန်ုပ်တို့သားအမိသုံးယောက်ပြန်ရောက်၍ (မိခင်၏ စကားအရ) တစ်လတိတိပြည့်သောနေ့၌ ဖခင်ပြန်ရောက်လာသဖြင့် အလွန်ဝမ်းသာကြလေရာ ဝမ်းအသာဆုံးလူမှာ ဖခင်ဖြစ်၍ ဝမ်းသာမှု အနည်းဆုံးမှာ ကျွန်ုပ်ပင်ဖြစ်လေသည်။ ဖခင်၏ဝမ်းသာခြင်းကို နားလည် နိုင်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်၏ဝမ်းသာမှုနည်းပါးပုံကို ရှင်းပြဖို့ လိုပေလိမ့်မည်။
တချို့သောမိခင်များသည် စီးပွားရေးအခြေအနေ ကျဆင်းသော အခါများတွင် သားသမီးများအပေါ်၌ ကြင်နာမှုလျော့ပါးသကဲ့သို့ ငေါက် လား၊ ငမ်းလား၊ ရိုက်လား၊ နှက်လား ပြုတတ်ကြလေရာ ဖခင်ပြန် မရောက်မီ ကျွန်ုပ်တို့သားအမိသုံးယောက်သည် အညံ့ဆုံးသောဟင်း များကိုသာ စားကြရသော်လည်း မိခင်သည် ကျွန်ုပ်တို့မောင်နှမအပေါ်၌ ရှေးကထက် ပို၍ကြင်နာသည်။ မုန့်ပဲသရေစာ စသည်များကိုလည်း ပြောတိုင်းဝယ်ကျွေးသည်။ ထို့ထက်အရေးကြီးသည်မှာကား ကျွန်ုပ် အားလည်း (ဟိုကောင်နှင့်ပေါင်းခြင်းမှတစ်ပါး) လွတ်လပ်ခြင်းပေးထား ၍ အရပ်ထဲတွင် လည်ချင်တိုင်းလည်ပတ်ခွင့်ရသည်။ သီလရှင်ကျောင်း မှလည်း နုတ်လိုက်ပြီဖြစ်၍ ကျွန်ုပ်မှတ်မိသမျှ ကလေးဘဝတွင် အပျော် ဆုံးသော ကာလအစိတ်အပိုင်းတစ်ခုဖြစ်လေသည်။ ဖခင်ပြန်ရောက် လာသောအခါ၌မူကား အထက်ပါအခွင့်အရေးများ ဆုံးရှုံးရချေတော့ မည်ဟု ကျွန်ုပ်သိသောကြောင့် ကျွတ်ကျွတ်လွတ်လွတ်ကြီးဝမ်းသာခြင်းမရှိကြောင်းကို ကျွန်ုပ်မှတ်မိသည်။
အလုပ်ရုံရွှေ့ခြင်း
များမကြာမီ ဖခင်သည် အလုပ်သမားများကို ပြန်စု၍ ပိန်းတန်းဖိနပ် အလုပ်ကို ပြန်ကောက်၏။ သို့ရာတွင် မဲအိုးတန်းအရပ်မှာ ဈေးချိုနှင့် အတော်လှမ်း၍ တခြားသော ဖိနပ်ထောင်ဆရာများလည်း ဤအရပ်ထဲ တွင် တစ်ဦးမျှမရှိလေရကား ဈေးချိုထဲ၌ ဖိနပ်ဆိုင်ထွက်သောဆိုင်ရှင် များသည် ဤအရပ်၌ မလာလိုကြဘဲဖြစ်နေကြသဖြင့် အရောင်းပါးလှ၏။ သို့ဖြစ်၍ ဖခင်သည် ဈေးချိုအနောက်ဘက်၌ရှိသော ပဲပုတ်တန်းရပ်ကွက်တွင် အိမ်ခန်းငှား၍ အလုပ်သမားများနှင့် အလုပ်ရုံဖွင့်လေ၏။ အိမ်ခန်းမှာ ခပ်ကျဉ်းကျဉ်းဖြစ်၍ မဲအိုးတန်းနေအိမ်၌ အိပ်ရစားရပြီး ပဲပုတ်တန်းအိမ်ခန်းမှာ အလုပ်ရုံအတွက် သက်သက်ဖြစ်လေသည်။ ဖခင်နှင့်အလုပ်သမားများသည် ထမင်းကို နံနက်စောစော စားသွားကြ၍ နေဝင်လုနီးခါမှ မဲအိုးတန်းနေအိမ်သို့ ပြန်လာကြ၏။ အလုပ်သမားသုံးလေးယောက်တို့မှာ မဲအိုးတန်းရပ်ကွက်တွင် နေကြသူများဖြစ်လေ သည်။
လူကျောင်းသို့ရောက်ခြင်း
တစ်နေ့သ၌ မိခင်နှင့်အတူ နန်းတွင်းသူဖြစ်ခဲ့ဖူး၍ အလွန်ခင်မင် ခဲ့ကြသည်ဆိုသော မိန်းမကြီးတစ်ယောက်သည် (အသက် ၃ဝ ခန့်မျှသာ ရှိသေးသဖြင့် ယခု အမြင်အားဖြင့် မိန်းမတစ်ယောက်ဟု ခေါ်ရမည် ဖြစ်သော်လည်း ထိုစဉ်က အမြင်အားဖြင့် မိန်းမကြီးဟု ရေးလိုက်ရ သည်။ ထိုမိန်းမသည် ကျွန်ုပ်မျက်စိ၌ တစ်နေ့တခြားကြီး၍ကြီး၍သွား ပုံကိုလည်း ဖော်ပြပါမည်။) ကျွန်ုပ်တို့နေအိမ်သို့ အလည်အပတ်လာလေ ရာ ကျောင်းသူအရွယ်မိန်းကလေးတစ်ယောက်လည်း ပါလာလေသည်။ မိခင်တို့ စကားပြောလျက်ရှိကြစဉ် ကျွန်ုပ်နှင့်မိန်းကလေးသည် ကစားဖော်ဖြစ်လာကြ၍ အတော်ခင်မင်လျက်ရှိကြလေပြီ။ မိန်းကလေး မှာ ကျွန်ုပ်ထက် သုံးနှစ်လောက်ကြီးလိမ့်မည်ထင်သည်။ ဧည့်သည် မိန်းမကြီးသည် မိခင်နှင့်စကားပြောရာတွင် ကျွန်ုပ်၏အကြောင်းကို မေးသည်တွင် မိခင်ကငယ်လွန်းသောကြောင့် သီလရှင်ကျောင်း၌ အစမ်း ထားပြီးမှ နုတ်ထားရကြောင်းပြော၏။ (မိန်းမကြီးမှာ အပျိုကြီးဖြစ်၍ ကျောင်းထောင်စားသည်ဟု သိရသည်။) ထိုအခါ မိန်းမကြီးက သူ၏ ကျောင်းမှာ အိမ်တော်ရာဘုရားအရှေ့ဘက်၌ရှိကြောင်း၊ ကျွန်ုပ်အား သူ့ကျောင်း၌ထားလျှင် ဖခင်နှင့်အတူလိုက်လာ၍ ညနေတွင်လည်း ဖခင် နှင့်အတူပြန်နိုင်သောကြောင့် အလွန့်အလွန်အဆင်ပြေကြောင်းပြော၏။ (ပဲပုတ်တန်းနှင့် သူ၏စာသင်ကျောင်းမှာ တစ်ပြကျော်ကျော်မျှသာဝေး သည်။) ထို့နောက် မိခင်ကငယ်လွန်းလျှင် ကျောင်းသားကြီးတွေက နှိပ် စက်တတ်ကြောင်းပြောရာ ဆရာမကြီးက 'စိတ်သာချပါ ခင်လေးရယ်၊ ကျွန်မကိုယ်တိုင်စောင့်ပြီး ကြည့်ပေးပါ့မယ်၊ မပူပါနဲ့၊ ဘယ်သူမှ မနှိပ် စက်စေရပါဘူး' ဟု ပြောပြီးလျှင် ကျွန်ုပ်အား သူ့အနီးသို့ခေါ်ယူကာ ကျောသပ်ရင်သပ်ဖြင့် ချိုသာစွာချော့မော့ရင်း စကားပြောလေ၏။ ကျွန်ုပ်သည် ဆရာမ၏ကြင်နာပုံရသောအပြုအမူကို သဘောကျသည် ကတစ်ကြောင်း၊ ၎င်းနှင့်အတူပါလာသော မိန်းကလေးအားလည်း
ချက်ချင်းပင် ခင်မင်လျက်ရှိသည်ကတစ်ကြောင်းကြောင့် မိခင်ကမေးသောအခါ 'ကျောင်းနေပါမည်' အဖြေပေးလိုက်လေ၏။
နှစ်သက်လှသော ပစ္စည်း
၎င်းနေ့ညနေ ဖခင်ပြန်လာ၍ မိခင်က ပြောပြသောအခါ ပညာကို အလွန်လိုလားသော ကျွန်ုပ်၏ဖခင်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်၍ ကျွန်ုပ်အဖို့ အဝတ်အစားသစ်များချုပ်ကြပြီးလျှင် သပ်ရပ်အောင် ဆင်ပြင်၍ ကျောင်းသို့အပ်ကြလေသည်။ မဲအိုးတန်းနှင့် အိမ်တော်ရာ ဘုရားမှာ ငါးနှစ်သားကျော်ကျော်မျှသာရှိသေးသော ကျွန်ုပ်အဖို့ရာ၌ နေ့စဉ် အသွားအပြန်ခရီးဖြစ်သောကြောင့် တော်တော်ညောင်းပေရာ အပြန်ခရီးတွင် တစ်ခါတစ်ရံ ဖခင်ကတစ်လှည့်၊ အလုပ်သမားများက တစ်လှည့် ပခုံးပေါ်တွင် ထမ်းတတ်ကြလေသည်။ နံနက်တွင် ထမင်း စောစောစား၍ ဖခင်တို့နှင့်အတူလိုက်ရသဖြင့် နေ့ခင်းတွင် အလွန် ဆာလောင်လှသည်ဖြစ်ရာ မိဘများသည် ယွန်းထည်အုပ်ကလေးတွင် ထမင်းဟင်းများထည့်၍ ဆိုင်းကလေးဖြင့် ဆွဲယူသွားဖို့ စီမံပေးကြခြင်း ကြောင့် ကျွန်ုပ်စိတ်ထဲ၌ ဝမ်းသာလိုက်ပုံ၊ ကျေးဇူးတင်လိုက်ပုံများကို ယနေ့တိုင်မှတ်မိပါသေးသည်။
ဆက်လက်ဖော်ပြပါမည်။