တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

    ထိုခေတ်၌ သံဆင့်များမသုံးကြသေးဘဲ ယွန်းထည်အုပ်ကြီးများဖြင့် ဘုရားသွားကျောင်းတက်ခေါင်းရွက် သွားကြလေရာ   ကျွန်ုပ်အဖို့ အုပ်အငယ်စားကလေးဝယ်ပေးခြင်းအတွက် ဝမ်းသာလှ၍ အိပ်ရာထဲမှပင် တစ်ခါတစ်ခါထ၍  ကြည့်မိပါသေးသည်။ မိဘများကလည်း ကျွန်ုပ်နှစ်သက်ခြင်းကိုမြင်ကြ၍ သဘောကျရှာသည်။ (ကျွန်ုပ်အဖို့ ဝယ်ပေးသော ပစ္စည်းများအနက် ထိုယွန်းထည်အုပ်ကလေးထက် ကျွန်ုပ်အား ပျော်မြူးစေသော အခြားပစ္စည်းကို မမှတ်မိပါ။)

ပထမ၌ မိခင်၏မိတ်ဆွေ ဆရာမကြီးသည် (လက်ထောက်ဆရာမ ကလေးနှစ်ယောက်လည်းရှိသည်။) မိခင်အား ကတိထားခဲ့သည့်အတိုင်းပင် ကျွန်ုပ်အား အထူးတလည်ဂရုစိုက်ပါပေသည်။ ကျွန်ုပ်၏ ယွန်းထည်အုပ်ကလေးကို ဖွင့်ကြည့်၍  ဟင်းများညံ့လျှင် ဟင်းကောင်းကလေး တစ်တုံးတလေထည့်ပေးသဖြင့်  (အစားကောင်း     ခင်မင်တတ်သော    ကျွန်ုပ်အဖို့)ဝမ်းသာလုံးဆို့မတတ် ပျော်လှ၍ ကျေးဇူးလည်း တင်မိသည်။ အိမ်သို့အလည်လာစဉ်က ပါလာသော  ကျောင်းသူကလေးနှင့်လည်း  ပြန်ဆက်မိသဖြင့် ကြည်နူးလှသည်။ သို့ရာတွင် ကျွန်ုပ်မှာ  တစ်ကျောင်းလုံးတွင်  အငယ်ဆုံးလည်းဖြစ်၍     အဝေးဆုံးသောအရပ်မှ   လာရသော ကျောင်းသားကလေးလည်း ဖြစ်သည်။ ရွယ်တူတစ်ယောက်နှစ်ယောက်  ရှိသော်လည်း ကျောင်းပတ်ဝန်းကျင်၌  နေကြသူများဖြစ်သောကြောင့် နေ့ခင်းခေတ္တ ကျောင်းဆင်းချိန်တွင် သူတို့၏ အိမ်သို့ပြန်၍ စားသောက်ကြရာ ကျွန်ုပ်တစ်ယောက် တည်းသာ အုပ်ကလေးဖွင့်၍ စားရသူဖြစ်သောကြောင့် တစ်နည်းအားဖြင့် စိတ်ဝင်စားဖွယ်   ကျောင်းသားကလေးတစ်ယောက်ဟူ၍  သဘောထားလောက် ကြသည် ထင်ပါသည်။

ယင်းစာသင်ကျောင်းနှင့် ပတ်သက်၍ ကျွန်ုပ် မကျေ နပ်သောအကြောင်းအရာများကို မဖော်ပြမီ  ကျေနပ်သောအချက်များကို    ဖော်ပြပါဦးမည်။    သီလရှင် ကျောင်း၌နေခဲ့ရစဉ်က    ကျွန်ုပ်အား  ဟိုကောင်၏ နှိပ်စက်ခြင်းမှ လွတ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် မိဘများက အပ်ထားခြင်းဖြစ်ရာ စာသင်ရန် ငယ်လွန်း သည့်အတွက်ကြောင့်  ကျောင်းတွင် 'ခွေးဝင်စား'အဖြစ်နှင့် ကျွန်ုပ်၏အဒေါ်အနီးတွင် ထိုင်နေရခြင်း မျှသာ များ၏။ အခြားကျောင်းသားများ စာရေးကြ သောအချိန်တွင် ကျွန်ုပ်မှာ သစ်သားတွင် အိုးမဲသုတ် ထားသည့်  သင်ပုန်းပေါ်၌ ကံ့ကူဆံဖြင့် 'ဝ'လုံးများ ရေးရခြင်းကိုသာ မှတ်မိသည်။  ဝလုံးမှတစ်ဆင့် တက်ရသောအခါ 'နငယ်များ' ရေးရ၏။ 'နငယ်များ' ရေးသောအခါတွင်   ခေါင်းကြီးကြီးမဖြစ်စေရဟု သီလရှင်ကြီးက ပြောခြင်းကိုလည်း ကျွန်ုပ် မှတ်မိ သည်။ စာအံရသောအခါ 'နမော ဗုဒ္ဓါ' မှ မတက်ခဲ့ရ သေးပေ။ 'ကကြီး'၊ 'ခကွေး' စသော အက္ခရာများကို  မသင်ရသေးမီ  'နမော ဗုဒ္ဓါ'ကို   ရှေးဦးစွာသင်ပေးခြင်း၏ ရည်ရွယ်ချက်ကို ကျွန်ုပ် ယခုတိုင် နားမလည်သေးပေ။

စိတ်ဝင်စားသောအချက်

   သီလရှင်ကျောင်းမှ စာသင်ကျောင်းသို့ရောက်လာသော အခါ၌မူ  'ကကြီး'၊  'ခကွေး'  အက္ခရာများကို သင်ရ၍ 'ကကြီးရေ က'သို့  ရောက်သောအခါ ကျွန်ုပ်စိတ်၌    ဖြစ်ပေါ်လာသော အခြင်းအရာတစ်ခုကို မှတ်မိသေးသည်။ ကျွန်ုပ်ကဲ့သို့   'ကကြီးရေ က'၊  'ခကွေးရေ ခ' စသည်ဖြင့် 'အံ' ကြရသော ကလေးများက တစ်တန်း၊ မျက်နှာချင်းဆိုင်အတန်း၌ 'ကကြီး ရေးကသတ် ကက်'၊   'ခကွေးရေးကသတ် ခက်'စသည်ဖြင့်   'အံ' ကြရသူများရှိကြ၏။  ကျောင်းသူ၊ ကျောင်းသားအားလုံးသည် ထိုခေတ်စာသင်ကျောင်း များ၏ ထုံးစံအတိုင်းအော်၍ စာအံကြရာ အချို့ကလည်း အသံကုန်ဟစ်၍ အံကြ၏။  (ဤသည်မှာအကျင့်ပါ၍  သင်္ကန်းဝတ်ပြီး  စာအံသောအခါ၌ 'ဟာနံနံ၊ ဟာနံနံ' ဟူ၍ အံကြခြင်းဖြစ်ဟန်ရှိသည်။)

စာအံချိန်တွင်  ဆရာမကြီးသည် အနီး၌မရှိဘဲ ခပ်လှမ်းလှမ်း၌ အမှုကိစ္စများ ဆောင်ရွက်လျက်ရှိရာ စာအံသံ     အနည်းငယ်လျော့သွားသောအခါတွင်  ကြမ်းပြင်ကို ကြိမ်လုံးဖြင့် ဖြန်းခနဲ ဖြန်းခနဲ တစ်ချက် နှစ်ချက်ရိုက်လိုက်သည်တွင်မှ   'ကကြီးရေ က'၊ 'ခကွေးရေ ခ'၊ 'ကကြီးယပင့် ကျ'၊ 'ခကွေးယပင့် ချ'၊'ကကြီးရေးကသတ် ကက်'၊ 'ကကြီးရေး ငသတ် ကင်'၊ စသည်ဖြင့်   သူ့စာနှင့်သူ  တစ်မျိုးစီ သံကုန်ဟစ်အော်ကြလေရာ တိတ်ဆိတ်ခြင်းကို နှစ်သက်သူဖြစ်ခဲ့လျှင် မြန်မာစာသင်ကျောင်းအနီး၌ နေခဲ့ရပါက      နှလုံးသည်းခြေပျက် သွားဖွယ်ရာရှိပေသည်။     ထိုကဲ့သို့ ကုန်းအော်ကြပြီးနောက်    တဖြည်းဖြည်းအသံလျော့သွား၍  အချို့က စကားတီးတိုးပြောခြင်း၊    အချို့က  လွယ်အိတ်ထဲ၌ပါလာသည့်  ပဲလှော်၊ ထန်းလျက်၊ ကြံသကာ စသော သရေစာများထုတ်၍ စားခြင်း၊ မြုံ့ခြင်း၊ တောင်းစားခြင်း၊ လဲလှယ်စားခြင်း စသည်ဖြင့် ပြုလုပ်ကြလေ၏။ ဆရာမကြီးသည် အလုပ်လုပ်ရာမှ လှမ်းကြည့်၍ အပြစ်ကျူးလွန်သူများကို မှတ်သားလာခဲ့သည့် လက္ခဏာနှင့်   ဟိုတစ်ယောက်၊ သည်တစ်ယောက် ကြိမ်လုံးဖြင့် ကော့နေအောင် ရိုက်လေတော့သည်။  သူ၏အမှတ်အသားသည် အများအားဖြင့် မှန်ကန်သော်လည်း တစ်ခါတစ်ရံတွင်မူ အပြစ်ကျူးလွန်သူနှင့်ကပ်လျက်ထိုင်မိသော    ကျောင်းသူ၊ကျောင်းသားများလည်း  အပြစ်မဲ့အရိုက်ခံရခြင်းများကို မြင်ရဖူးသည်။ သို့ရာတွင် ထိုခေတ်က ကျောင်းသူ၊ ကျောင်းသားများမှာမူကား 'အမယ်လေးဗျ'၊ 'အလိုလေးရှင့်'ဟု   ညည်းကာ   ခါးကိုကော့၍   ကျောကို ပွတ်သပ်ကြခြင်းမှတစ်ပါး ဆန္ဒပြခြင်းမရှိကြပေ။

မမေ့နိုင်သော အခြင်းအရာ

ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင်အတန်းတွင် ကျွန်ုပ်၏ရှေ့တည့်တည့်၌ ထိုင်၍ 'ကကြီးရေးကသတ် ကက်'၊ 'ကကြီးရေးငသတ် ကင်'၊ 'ကကြီးရေးစသတ် ကစ်'စသည်ဖြင့်   ညီညာစွာ သံပြိုင်စာအံကြသော မိန်းကလေးသုံးယောက်အနက် တစ်ယောက်ကို ကျွန်ုပ် အထူးမှတ်မိ၏။  ၎င်းမိန်းကလေးမှာ ထိုစဉ်က အပျိုကြီးလောက်    ထင်မိသည်။   အသားညိုညို၊   နှာတံပေါ်ပေါ်၊  မျက်လုံးပြူးပြူး၊   မျက်တောင်ကော့ကော့၊   ဆံရစ်ဆံတောက်ကလေးနှင့်  အလွန်ကြည့်ကောင်းသူဖြစ်လေရာ အဝတ်အစားမှာလည်း တစ်ကျောင်းလုံးတွင်    အကောင်းဆုံးဝတ်နိုင်သူဖြစ်၏။ ၎င်း၏ဖခင်သည် ကန်ထရိုက်ဖြစ်သည်ဟု ပြောကြလေရာ ကန်ထရိုက်ဟူသည်မှာ ဘာဆိုသည်ဟု ကျွန်ုပ်မသိ။ ဧရာမ အရာရှိကြီးတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မိ၏။ သုံးလေးယောက် သံပြိုင်စာအံကြသည့်အထဲတွင် သူမ၏အသံသည် အသာယာဆုံး 'အသံပေါက်ဆုံး'ဖြစ်၍ 'ကကြီးရေးကသတ် ကက်'စသည်ဖြင့် တညီတညာတည်း စာအံကြသော်လည်း သူမ၏   အသံတစ်ခုတည်းသာ   ကျွန်ုပ်၏နားထဲသို့ ဝင်လာသည်ထင်၏။

ဆက်လက်ဖော်ပြပါမည်။