မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၂
မြိတ်မြို့နယ်၊တာချီလိတ်မြို့နယ်၊ သာစည်မြို့နယ်နှင့် ကလောမြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၃၁ ရက် ည ၇ နာရီခွဲတွင် မြိတ်မြို့နယ်ကလွင်ကျေးရွာအုပ်စု ကလွင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မဝင်းဝင်းနွယ်(ခ)မီးပုတ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၉ နာရီခွဲတွင် ၎င်းနေထိုင်သည့် ကလွင်ကျေးရွာရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု လွယ်စီတုံကျေးရွာအနီးတွင် ပိုင်ထက်(ခ)ရွာသား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် လွယ်စီတုံကျေးရွာရှိ ချစ်အေး(ခ) ထားဝယ် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ရက် နံနက် ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည်သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ဆုစန္ဒီဝင့် ထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၁၁၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၁၅ မိနစ်တွင်တာချီလိတ်မြို့ဆေခမ်းရပ်ကွက်ရှိ မြင့်ဇော်မိုး(ခ) ဦးချို(ခ)ဘူးချို ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၀၅ ကီလိုကိုလည်းကောင်း၊ ဒီဇင်ဘာလ ၃၀ နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက် နယ်မြေ(၁)ရှိ နိုင်လင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ဆွေဝင်း၊ မခင်နွယ်ဦးတို့အားတွေ့ရှိပြီး နေအိမ်မှဘိန်းစိမ်း ၄၄ ဒသမ ၄ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။