
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ကျွန်ုပ်၏စိတ်ထဲ၌ 'ကကြီးရေးကသတ် ကက်' ဟူသောစာမှာ အင်မတန်စာကြီး ပေကြီးဟုထင်မိ၍ သူတို့အံသော စာမျိုးသို့ ဘယ်အခါမှ ငါရောက်ပါမည်နည်းဟု တောင့်တမိ၏။ စင်စစ်မှာ ကျွန်ုပ်သည် ငယ်ကတည်းက ဉာဏ်ဝေးသူတစ်ယောက် မဟုတ်ပါဘဲလျက် ထိုမိန်းကလေးကို အထင်ကြီးလှသည့်အတွက် ၎င်း၏ စာကိုလည်း အထင်ကြီးခြင်းဖြစ်တန်ရာ သည်။ မိန်းကလေးစာအံခြင်းကို ငေးကြည့် လျက် ငါ၏အစ်မကြီးဖြစ်ရလျှင် ကောင်း လေစွဟူသော တောင့်တမှုသည် မကြာ ခဏဖြစ်ပေါ်၏။ ကျောင်းဆင်းချိန်များ တွင် ကျွန်ုပ်သည် မိန်းကလေးအား 'အစ်မ ကြီး'ဟုခေါ်ကာ မိတ်ဖွဲ့သော်လည်း သူကမူ အလွန်ငယ်သောကျောင်းသားတစ်ယောက် အဖြစ်နှင့် သနားပုံရခြင်းမှတစ်ပါး ကျွန်ုပ် အပေါ်၌ စိတ်ဝင်စားသည့်လက္ခဏာမရှိ ပေ။ ကျောင်းမှထွက်ပြီးသည့်နောက်တွင် ကျွန်ုပ်သည် ထိုမိန်းကလေးကို တမင် တကာမရှာသော်လည်း မမေ့နိုင်ဘဲ ရောက် လေရာအရပ်တွင်သတိပြုမိ၏။ သို့ရာတွင် တစ်ကြိမ်တစ်ခါမျှတွေ့ဆုံမိခြင်းမရှိချေ။ ထူးဆန်းသော အခြင်းအရာတစ်ခုမှာ ၎င်းမိန်းကလေးနှင့်တူသော အခြား မိန်းကလေးတစ်ယောက်ကို ကျွန်ုပ်အရွယ် ရောက်သောအခါ၌တွေ့ရ၍ ကျွန်ုပ်၏ ဘဝကို ဘယ်ကဲ့သို့ 'လမ်းပြောင်းလွဲ'စေ ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနေရာ တွင် ဖော်ပြရပါဦးမည်။
အညစ်ခံရခြင်း
သီလရှင်ကျောင်းမှ စာသင်ကျောင်းသို့ ပြောင်းရွှေ့ခဲ့ရ၍ ပထမတစ်လ၊ နှစ်လ၌မူ မိခင်၏မိတ်ဆွေဖြစ်သော ဆရာမကြီး သည် ကျွန်ုပ်အား အထူးတလည်ဂရုစိုက် သည့်အတွက် ကျောင်းသားကြီးများသည် အငယ်ဆုံးကျောင်းသားဖြစ်သော ကျွန်ုပ် အား နိုင်ထက်ကလူပြုမူရန် မဝံ့ကြချေ။ အတန်ငယ်ကြာလတ်သော် ဆရာမကြီးနှင့် ၎င်းအိမ်သားများသည် ကျွန်ုပ်အား အထူး တလည် ဂရုတစိုက်အကာအကွယ်မပေး ကြတော့ဘဲရှိရာတွင် ကျောင်းသားကြီးများသည် ကျွန်ုပ်အား တစ်စတစ်စ အနိုင် ကျင့်လာကြလေတော့သည်။ ကျွန်ုပ်မှာ ငယ်စဉ်က အခြားကျောင်းသားကလေး များထက် သူတစ်ပါးက အနိုင်ကျင့်ချင် စရာရုပ်လက္ခဏာမျိုး ပါရှိသည်မထင်။ (ကြီးပြင်းလာသောအခါတွင်မှ ရှိချင်လည်း ရှိမည်။) အသက်အငယ်ဆုံးဖြစ်ခြင်းနှင့် အိမ်ဝေးသော ကျောင်းသားကလေးဖြစ် ခြင်းသည်သာလျှင် ကျောင်းသားချင်း နှိပ်စက်စေချင်ဖို့အကြောင်းများဖြစ်သည် ထင်၏။ ကျောင်းအနီးအပါး၌ နေကြသော ကျောင်းသားကလေးများမူကား ကျောင်း နားချိန်တွင် နေအိမ်သို့ပြန်သွားရန်အချိန် ရကြသဖြင့် ကျောင်းသားကြီးများ၏ အနိုင်ကျင့်ခြင်းမှ သက်သာရာရကြလေ သည်။ ကျွန်ုပ်မူကား ကျောင်းနားချိန်တွင် ယွန်းထည်အုပ်လေးထဲမှ စားစရာများကို ဖွင့်စားပြီးနောက် သူတို့၏အိမ်များမှ ပြန် ရောက်လာကြသော ကျောင်းသားများနှင့် ကလေးတို့ သဘာဝကစားကြလေရာ ကျွန်ုပ်မှာ အသက်ငယ်သေးသော်လည်း ကလေးတို့၏ ကစားခြင်းမျိုး၌ အတော်ကျင်လည်၏။ ဥပမာ - ပေသီး (ဂေါ်လီ) ပစ်ကြလျှင်လည်း အတော် 'လက်ဖြောင့်' ၍ ကျွန်ုပ်ထက်ကြီးသော ကျောင်းသား များကိုပင် နိုင်အောင်ပစ်နိုင်၏။ ဤတွင် ကျောင်းသားကြီးများက ညစ်ကြ၍ 'ညစ်' မရလျှင် လုယူကြ၏။ စီးတန်းကုန်းတန်း 'ထွေခင်း' ကြလျှင်လည်း တခြားကျောင်း သားကြီးများထက် ကျင်လည်၍ 'ဒိုး'ကို စည်းနှင့်နီးကပ်အောင် 'ခင်း' နိုင်ပေရာ ကျောင်းသားကြီးများသည် ကျွန်ုပ်၏ဒိုးကို တိုက်ပစ်ကြ၏။ မရလျှင်လက်ဖြင့်ကိုင်၍ ရွှေ့ပစ်ကြလေသည်။ ပထမ၌ ကျွန်ုပ်သည် ဆရာမကြီးအားတိုင်လေရာ တစ်ကြိမ် နှစ်ကြိမ်တွင် ဆရာမကြီးသည် 'ညစ်' သူ များကိုဆုံးမ၏။ ထို့နောက်တွင်မူကား ကျွန်ုပ်အား အတိုင်အတောထူသည်ဆို ကာ အရေးမယူတော့သည်သာမက တိုင် ရန်လာသော ကျွန်ုပ်ကိုပင် ဆီး၍ရိုက်လေ တော့သည်။ မခက်ပါလော။ ကျွန်ုပ်မှာ မကစားဘဲလည်းမနေနိုင်။ ကစားမိပြန် လျှင်လည်း အခါတိုင်းပင် အညစ်ခံရ၍ ဆရာမကြီးအား တိုင်ပြန်ပါတော့လည်း ကျွန်ုပ်သာလျှင် အရိုက်ခံရတော့သည်။
ငယ်လွန်းသည့်အပြစ်
ဤကဲ့သို့ နေ့ရှိသမျှ ခံရဖန်များလာ သောအခါ ကျွန်ုပ်မှာ ဤကျောင်း၌ နေရ ခြင်းကို ပျော်ပိုက်ခြင်းမရှိတော့ဘဲ စိတ်ညှိုးငယ်ခြင်းဖြစ်ရပါတော့သည်။ မိဘများက 'ပျော်ရဲ့လား'ဟု မေးကြသောအခါ ကျွန်ုပ်သည် အဖြစ်အပျက်ကို ပြန်ပြောလို သော်လည်း အကယ်၍ ပြောလိုက်လျှင် ကစားခြင်းကိုသာပိတ်ပင်မည်ဟု သိသော ကြောင့် 'ပျော်ပါတယ်'ဟု ပြောလိုက်ရ၏။ ဝမ်းထဲတွင်မူကား အနည်းငယ်မျှ ကျေနပ် ခြင်းမရှိဘဲ 'စိတ်ချဉ်ပေါက်'ကာ ကျွန်ုပ်၏ သဘာဝတွင် ဆူးကလေးများ ပေါက်လျက် ရှိလေပြီ။ ဤအကြောင်းအရာကို ကြီးပြင်း လာသောအခါ၌ ပြန်လည်သုံးသပ်ရာတွင် ဆရာမကြီး၏ အပြစ်လည်းမဟုတ်၊ ကျွန်ုပ်၏အပြစ်လည်းမဟုတ်၊ အရွယ် မတိုင်မီ ကျောင်းထားချင်ကြသော ကျွန်ုပ် ၏မိဘများ၏ အပြစ်ဖြစ်နေ၏။ ယင်းသို့ ရေးသားရသော်လည်း ကျွန်ုပ်အား ပညာ တတ်စေလိုသော မိဘများ၏စေတနာ (အထူးသဖြင့် ဖခင်၏စေတနာ) ကို ကျွန်ုပ် နားလည်ပါသည်။ ဤခေတ်၌ ကျောင်း သားများတွင် ကြီးနိုင်ငယ်ညှဉ်းစနစ် ပျောက်၊ မပျောက်မသိရသော်လည်း ငယ် လွန်းသော ကျောင်းသားကလေးများကို မြင်ရသည့်အခါ 'ငါ့လိုမခံရရှာပါစေနဲ့' ဟု ဆုတောင်းမိပါသေးသည်။ (သို့ရာတွင် ဤခေတ်၌မူ 'ကင်တာဂါဒင်'ဟူ၍ ကလေး များအတွက် သက်သက်အတန်းဖွင့်ထား သောကြောင့် တော်လိမ့်မည်ထင်ပါသည်။) အထက်ပါ စာသင်ကျောင်း၌ ကျွန်ုပ်သည် ဆရာမကြီးထံသို့ တိုင်တောခြင်း၏အကျိုး မရှိခြင်းကို သိလာသည်ဖြစ်၍ ကျွန်ုပ် အပေါ်၌ 'ညစ်'သော ကျောင်းသားဆိုလျှင် ကျွန်ုပ်ထက် နှစ်နှစ်သုံးနှစ်လောက်သာ အသက်ကြီးသူဖြစ်ပါက ဖက်တွယ်၍သတ် လေတော့သည်။ ညစ်ချင်သူကလည်းများ ၍ သတ်ပုတ်ရသည်မှာ နေ့တိုင်းလိုပင်ဖြစ် နေတော့၏။ ဤတွင် ဆရာမကြီးသည် ကျွန်ုပ်အား ခဏခဏရန်ဖြစ်သော ကောင် ကလေးဆိုကာ ဖိ၍ရိုက်တော့သည်။ မိခင်၏မိတ်ဆွေဖြစ်၍ လိမ္မာစေရန်ဆို သောရည်ရွယ်ချက်ဖြင့် သူတစ်ပါးထက် ဖိ၍ရိုက်ခြင်းလည်း ဖြစ်ပါလိမ့်မည်။
သို့ရာတွင် ကျွန်ုပ်အဖို့မူကား လားလား မှမတရားသော ဆရာမကြီးဟူ၍ မကျေ မချမ်းဖြစ်ခဲ့ရသည်။ ဤနောက်ပိုင်း၌ ကျွန်ုပ်စဉ်းစားမိသည်ကား ဆရာမကြီး သည် အပျိုကြီးဖြစ်၍ သားသမီးမမွေးဖူး သည့်အတွက်ကြောင့် ကလေးငယ်များ၏ ပြဿနာများကို မသိခြင်းပေလား ဆိုးရွား လှသည်ဟု ဆုံးဖြတ်ချက်ချမိပါတော့သည်။
ကျွန်ုပ်၏ ဖခင်
ကျွန်ုပ်အကြောင်းကိုရေးလျှင် ကျွန်ုပ်၏ မိဘများအကြောင်းကိုလည်း ဖော်ပြပါမှ ကျွန်ုပ်အဖို့မှာ ရုပ်လုံးပေါ်ပေလိမ့်မည်။ ကျွန်ုပ်၏ဖခင်မှာ ရွှေဘိုတောင်လက် (မြင်းနယ်ဟုခေါ်သည်။) မန်ကျည်းတုံရွာ သား ဦးအေရာဖြစ်၏။ ဖခင်၏အမည်မှာ မြန်မာပြည်တွင် အလွန်ရှားလှ၍ မကြာ သေးမီကမှ နာမည်တူသော ဆိုင်းဘုတ် တစ်ခုကိုတွေ့ရဖူးသည်။ ဖခင်နှင့်နာမည် တူသောကြောင့် လူကိုယ်တိုင်လည်း တွေ့မြင်လိုစေကာမူ ယနေ့တိုင်မတွေ့ ရဖူးသေးပေ။ ရွှေဘိုတောင်လက်ကို 'မြင်းနယ်'ဟု ခေါ်တွင်ခြင်းမှာ မြန်မာ ဘုရင်အဆက်ဆက် လက်ထက်တွင် မြင်းအမှုထမ်း (မြင်းတပ်စစ်သား) များ ထွက်သော နယ်ဖြစ်သောကြောင့် ဖြစ်၏။ ကျွန်ုပ်ကိုယ်တိုင် (မြင်းပွဲသမားတစ်ယောက် မဟုတ်သော်လည်း) မြင်း ဝါသနာပါသူဖြစ်၍ မြင်းနှင့်ပတ်သက်သော ဗဟုသုတလေ့လာရာတွင် ၎င်း နယ်သားများကဲ့သို့ မြင်း 'အသားကျ' စီးနည်းအကြောင်းကို နားလည်သူရှားပါး ကြောင်းတွေ့ရ၏။ မန်ကျည်းတုံရွာ လေးမှာ အိမ်ခြေတစ်ရာကျော်ခန့်မျှ သာရှိသော်လည်း မင်းလက်ဝဲသုန္ဒရ၏ ဇာတိချက်ကြွေဒေသဖြစ်သောကြောင့် လူ သိများသည့် ရွာလေးဖြစ်၏။ (၎င်းနယ် တွင် ဝက်လက်ဘူတာအနီးမှ မန်ကျည်း တုံနှင့် ရွှေဘိုမြောက်လက်ခင်ဦးဘူတာ အနီးမှ မန်ကျည်းတုံဟူ၍ ရွာနှစ်ရွာရှိပေ ရာ ကွယ်လွန်သူဇာတ်မင်းသား ဦးဘိုးစိန်ကြီးက မင်းလက်ဝဲသုန္ဒရ မွေးဖွားသည့် ရွာမှာ ခင်ဦးအနီးမှ မန်ကျည်းတုံရွာဖြစ် သည်ဟု မှားယွင်းပြောဆိုဖူးသည့်အတွက် ရှင်းလင်းဖော်ပြမည် ကြံစည်ဖူးသော်လည်း ယခုမှပင် အလျဉ်းသင့်၍ထည့် သွင်းရေးသားလိုက်ရပါတော့သည်။ မင်း လက်ဝဲသုန္ဒရမွေးဖွားသည့် အိမ်နေရာ အမှတ်အသားများကို ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ တိုက်တွန်းချက်အရ နောက်ပေါက် စာရေးဆရာလေးများကို ကျွန်ုပ်ညွှန်ပြခဲ့ရဖူးပါသည်။)
ဆက်လက်ဖော်ပြပါမည်။