(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ   ၄

     (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ည ၁၀ နာရီအထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါ MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲသို့ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် အထူး စည်ကားလျက်ရှိသည်။

ပြည်သူများသည် စျေးရောင်းပွဲတော်တွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများကို တပျော်တပါးလှည့်လည်ကြည့်ရှုဝယ်ယူအားပေးကြသည့်အပြင် တေးဂီတဖျော်ဖြေရေး မဏ္ဍပ်၌ နိုင်ငံကျော် တေးသံရှင်များ၊ DJ အဖွဲ့များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များ၏ မြူးကြွစွာသီဆိုဖျော်ဖြေမှုများကို ပျော်ရွှင်စွာအားပေးကြည့်ရှုကြပြီး  ညပိုင်းတွင် (၇၇)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူး မီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

ပွဲတော်တွင် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁၆၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက် ကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ပွဲတော်အတွင်း  စတုဒိသာ အကျွေးအမွေးများဖြင့်   ဧည့်ခံကြရာ သုံးဆောင်ကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့ပြင် ပွဲတော်လာပြည်သူများ အဆင်ပြေစွာ သွားလာနိုင်စေရန် မော်တော်ယာဉ် များဖြင့်  အခမဲ့  အသွားအပြန်ပို့ဆောင်ပေးလျက်ရှိသည့်အတွက်    လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ပွဲတော်ကို သန့်ရှင်းသည့်၊ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရန်အတွက် လာရောက် လည်ပတ်သည့်ပြည်သူများ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်မည့်   အမှိုက်ပုံးများ စီစဉ်ထားရှိသည့်အပြင် Mobile Toilet များကိုလည်း   ထားရှိ‌ဆောင်ရွက်ပေးထားကြောင်း သိရသည်။