
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ဂုဏ်ယူတတ်ခြင်း
ကျွန်ုပ်၏ဖခင်မှာ ကျွန်ုပ်ကဲ့သို့ 'လူစုံ'တစ်ယောက်မဟုတ်။ အလွန် 'ရိုး'သည့် အနွယ်အဆက်ဖြစ်၍ ဘိုးစဉ်ဘောင်ဆက်တိုင်အောင် သေအရက်ကို လျှာပေါ်တွင် မတင်ဖူးခြင်းကို အသားယူ၍ ပြောလေ့ရှိသူ များဖြစ်ကြ၏။ ဖခင်မှာ ဆွေကြီးမျိုးကြီး
ဖြစ်၍ ၎င်းနယ်တစ်ဝိုက်ရှိ ရွာများတွင်သူ၏ ဆွေမျိုးမရှိသော ရွာဟူ၍မရှိသည့်အပြင် ဆွေမျိုးများမှာလည်း စားနိုင်သောက်နိုင် အခြေအနေရှိကြသူများဖြစ်၍ အချို့မှာ လယ်မြေဧက ကြွယ်ဝသူများဖြစ်ကြလေသည်။ ကျွန်ုပ်ကြီးပြင်း၍ ရန်ကုန်သူရိယတိုက်တွင် အယ်ဒီတာဖြစ်လာပြီးနောက် အခွင့်ယူ၍ ထိုနယ်သို့ အလည်အပတ်ရောက်ရာတွင် ဖခင်နှင့် ကျွန်ုပ်တို့ လှည်းတစ်စီးဖြင့် ဟိုရွာ၊ ဒီရွာ လှည့်လည်ကာ 'ငါ့သား အယ်ဒီတာဖြစ်လာပြီကွဲ့' ဟုဆွေမျိုးများအား ပြောပြရခြင်း၊ 'ဒီဟာက ငါ့ညီကွဲ့၊ ဒီရွာမှာတော့ သူက မြေပိုင်ရှင်သူဌေးတစ်ယောက်ကွဲ့'ဟူ၍ ကျွန်ုပ်အား ပြောပြရခြင်းတို့ကြောင့် ဖခင်မှာ အမောသားရှိတော့သည်။ ဖခင်သည် မိခင်နှင့် မတူ၊ သူ၏ ဆွေမျိုးအတွက် အတော်ဂုဏ်ယူချင်ရှာသည်။
သီပေါမင်းကိုသာ မျှော်ကြခြင်း
ဖခင်သည် ရွာကျောင်းဘုန်းကြီး၏ ညီနှစ်ဝမ်းကွဲတော်သူဖြစ်၍ (ဟိုခေတ်က ထုံးစံအတိုင်း) ကိုရင်အဖြစ်နှင့် လေးငါးခြောက်နှစ်ခန့်နေခဲ့ရာ အသက်ပြည့်သောအခါတွင် ရဟန်းခံရန် ဘုန်းတော်ကြီးက စိတ်ကူးထား၏။ တောရွာ၌ မွေးဖွားရသူဖြစ်သည့်အပြင် ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်းအတန်ကြာ နေခဲ့ရသူလည်းဖြစ်သည်နှင့် အလွန့်အလွန် 'ရိုး' ရှာသည်။ သို့ရာတွင် ရဟန်းခံနိုင်သည့်အရွယ်သို့ ရောက်သောအခါ အတော်ပါးရည်နပ်ရည်ရှိပုံရသော သူ၏ဖခင်သည် ရဟန်းခံခြင်းကို အားမပေးဘဲ မန္တလေးမြို့သို့ဆင်း၍ သီပေါဘုရင်၏ လွှတ်ရုံးတွင် စာရေးကလေးအဖြစ်နှင့် အမှုထမ်းရန် မိတ်ဆွေတစ်ယောက်ထံတွင် အပ်နှံလိုက်လေသည်။ (ထိုခေတ်၌မူ စာရေးတိုင်းအား စာရေးကြီးဟု မခေါ်ကြ။ 'စာရေးကြီး'ဆိုသူမှာ လွှတ်ရုံးတွင် ဧရာမအမှုထမ်းကြီးတစ်ယောက်ဖြစ်၍ သူ့အထက်တွင် ဝန်ထောက်၊ ထို့နောက် အတွင်းဝန်ဖြစ်လာနိုင်သူ တစ်ယောက်ဖြစ်လေသည်။) ၁၂၄၇ ခုနှစ်တွင် သီပေါဘုရင်ပါတော်မူ၍ ဖခင်မှာ အင်္ဂလိပ်အစိုးရလက်အောက် တွင် အမှုထမ်းနိုင်ခွင့်ရှိသော်လည်း (အမှုထမ်းသူများ လည်း နောက်ပိုင်းတွင် စစ်ကဲရာထူးအထိ တိုးတက် ကြသည်။) ဖခင်၏ဆွေမျိုးများက သီပေါဘုရင် ပြန်လာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြသောကြောင့် ဖခင်အား အင်္ဂလိပ်လက်အောက်တွင် အမှုမထမ်းဖို့ဖျက်ကြသည်။ ၁၂၅၀ ပြည့်နှစ်တွင် မိခင်နှင့် အကြောင်းပါ၍ ၁၂၅၁ ခုနှစ်တွင် ကျွန်ုပ် လူ့ပြည်သို့ ရောက်လာသည်။
ဆရာတော်၏ကျေးဇူး
ကျွန်ုပ်၏အရပ်မှာ ဖခင်ထက် ၂ လက်မခန့်မြင့်၍ ၅ ပေ ၁၀ လက်မရှိသောကြောင့် အမျိုးအဆွေထဲတွင် အရပ်အမြင့်ဆုံးတစ်ယောက်အနေဖြင့် လူဖြစ်လာရသည်။
ဖခင်သည် 'လူရိုး လူကောင်း' ကြီး တစ်ယောက်ဖြစ်၍ ဒေါသနည်းသည်၊ နှိမ့်ချသည်၊ သိမ်မွေ့နူးညံ့သောစိတ်သဘောရှိသည်၊ ကြောက်တတ်သည်၊ ဗဟုသုတလိုလားသည်ဟု ကျွန်ုပ် နားလည်၏။ မိခင်၏အဖေကမူ 'လူညံ့' တစ်ယောက်ဟုထင်သောကြောင့် သူ၏သမီးနှင့် ကောင်းကောင်းကြီး သဘောမတူဟု ကျွန်ုပ်ကြားရဖူး၏။
သို့သော် ရိုးသားပုံရခြင်းတစ်ခုတည်းကြောင့် ပေးစားလိုက်ခြင်းဖြစ်သည်ဆို၏။ သို့ဆိုသော်လည်း ဖခင်သည် စဉ်းစားဉာဏ်ခေလှသူတစ်ယောက်မဟုတ်ပေရာ တောင်သူမိရိုးဖလာအစဉ်အလာကြောင့် ခပ်နုံနုံရှိပုံရသော်လည်း မန္တလေးမြို့၌ ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သော မြိတ်ဆရာတော်ဘုရားနှင့် တွေ့ဆုံရသည်တွင်မှ ဉာဏ်ပွင့်လင်း၍ (သူ့ခေတ်နှင့်သူ) လူတစ်လုံး သူတစ်လုံးဖြစ်လာခဲ့လေသည်။ (စီးပွားရေးကို မဆိုလို၊ မိရိုးဖလာအယူအဆများကို စွန့်ပယ်ဝံ့သည့်သတ္တိရှိခြင်းကို ဆိုလိုပါသည်။)
ကျွန်ုပ်၏မိခင်
မိခင်မှာမူ မင်းတုန်းဘုရင်၏ 'စားတော်ကဲ' (ထမင်းဟင်းချက်ရသူ)မှ ပေါက်ဖွားခဲ့သူဖြစ်၏။ ထိုခေတ်၌မူ ရှင်ဘုရင်၏ 'ဖိနပ်ကိုင်၊ ထီးမိုး၊ ကွမ်းအစ်ကိုင်' စသော အမှုထမ်းများပင် မျက်နှာကြီးသော ခေတ်ဖြစ်၍ ထမင်းဟင်းချက်ရသောအလုပ်မှာ ဂုဏ်ငယ်သည်
ဟု မယူဆကြပေ။ ကျွန်ုပ်အဘိုး၏ ရာထူး ကို အကြောင်းပြု၍ ကျွန်ုပ်၏ မိခင်မှာလည်း အရွယ်ရောက်သောအခါတွင် 'မင်းနှစ်ပါး'တို့၏ 'စာတော်ဖတ်' ဖြစ်လာရသည်။ အရွယ်ငယ်သေးသောကြောင့် (၁၈ နှစ်သမီး) စာတော်ဖတ်ကြီးများဖြစ်ကြသည့် 'သခင်ကြီး' များလက်အောက်တွင် စာတော်ဖတ်ကလေးမျှသာ ဖြစ်ခဲ့ရသေးသော်လည်း မိခင်မှာ အလွန်အသံကောင်းလှသည်။ ကျွန်ုပ်ငယ်စဉ်က ပုခက်ထဲ၌ အိပ်မည်ပြုစဉ် မိခင်က တေးချင်းဆို၍ ပုခက်လွှဲခြင်းကို ဖခင်၏ဖိနပ်အလုပ်သမားများက နားထောင်ကြရသောကြောင့် ကျွန်ုပ်အိပ်မည့်အချိန်ကို စောင့်မျှော်နေကြသည်ဟု အလုပ်သမားများပြောကြသည်။ မိခင်သီဆိုတတ်ခြင်းမှာ ပတ်ပျိုး၊ ယိုးဒယား၊ သီချင်းကြီး သီချင်းခန့်မဟုတ်ဘဲ ရတု၊ ရကန်၊ ပျို့၊ အဲ၊ အိုင် စသည်တို့သာဖြစ်၍ ခံ့ညားလွန်းလှသော်လည်း အသံကောင်းသည့်အတွက်ကြောင့် နားထောင်၍ကောင်းခြင်းကို ကျွန်ုပ်လည်း ကြားရဖူးသည်။ အသက် ၅၀ ကျော်ခန့်တိုင်အောင် အသံမပျက်သေးသဖြင့် ရံဖန်ရံခါ ကျွန်ုပ်တို့ သား၊ သမီးများ၏ တောင်းပန်ခြင်းကြောင့် ဆို၍ ပြရှာခြင်းကိုလည်း ကျွန်ုပ်မှတ်မိသည်။
ကျွန်ုပ်မှာ မိခင်၏အသံကိုမမီသော်လည်း အချို့သော ပျို့ကြီးများကို မိခင်၏သင်ပြမှုကြောင့် အတော်ကျနအောင် ဆိုတတ်သည်ဖြစ်၍ ဝါသနာပါသော မိတ်ဆွေများအပေါ်၌ အသားယူခဲ့ရဖူးပါသည်။
ဒေါသကြီးသောအမျိုး
ဖခင်၏စိတ် နူးညံ့သိမ်မွေ့သလောက် မိခင်မှာ စိတ်ဆတ်ခြင်း၊ စိတ်ထက်ခြင်း၊ စိတ်တင်းခြင်း၊ မဟုတ်မခံချင်တတ်ခြင်း၊ မကြောက်တတ်ခြင်း စသော အခြင်းအရာတို့ရှိ၏။ တစ်နေရာ၌ မိခင်အား 'ဒေါသ ကြီးသော အမျိုး'ဟူ၍ ရေးသားခဲ့ဖူးရာ မိခင်၏အဖေ (ကျွန်ုပ်၏ အဘိုး) အကြောင်းကို သတိရ၍ ရေးခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်ငယ်စဉ်က မိခင်၏မောင်တစ်ယောက် (ကျွန်ုပ်၏ဦးလေး)အား သူ့ထက်ကြီးသော လူတစ်ယောက်က အနိုင်ကျင့်စော်ကားလိုက်ရာတွင် အဘိုးသည် အသားများဆတ်ဆတ်တုန်အောင် ဒေါသထွက်သည်နှင့် ထိုသူကို သွား၍ သတ်ပါတော့မည်ဟု ဓားကိုင်လျက် ထွက်သွားသဖြင့် ဆွေမျိုး အားလုံးက ဝိုင်း၍တောင်းပန်ကြသော်လည်းမရဘဲ ရှိရာတွင် ထိုလူ၏ဖခင်သည် အဘိုးအကြောင်းကို သိ၍ သားနှင့်အတူ ပြေးလာပြီးလျှင် အဘိုးအား ဝန်ချတောင်းပန်ကြလေသည်။ သို့နှင့်လည်း အဘိုးက မကျေနိုင်သေးသည်နှင့် စော်ကားသူကိုယ်တိုင် နှစ်ချက် သုံးချက်မျှ 'အထောင်းခံ' ပြီးသည့်နောက်မှ ကျေနပ်လေတော့သည်။ ဤနေရာ၌ ထိုသားဖပြေး လာခြင်းမှာ အဘိုး၏ဒေါသကို ကြောက်၍သာမဟုတ်။ 'စားတော်ကဲ' တစ်ယောက်ဟူသော ရာထူးကိုလည်း ရွံ့ကြပုံရသည်ဟု ကျွန်ုပ်ထင်မိ၏။ မြန်မာဘုရင်များ၏ မင်းမှုထမ်းများအား အင်္ဂလိပ်လက်ထက် ကျွန်ုပ်ငယ်စဉ်ကအထိ လေးစားမှုရှိကြခြင်းကိုလည်း ကျွန်ုပ်မှတ်မိသည်။
အဘိုး၏ဩဝါဒ
ကျွန်ုပ်၏အဘိုးမှာ ကျွန်ုပ် ၁၀ နှစ်သားခန့်အရွယ်တွင် ကွယ်လွန်လေရာ အဘိုး၏ စကားတစ်ခွန်းသည် ကျွန်ုပ်၏နားထဲစွဲလျက်ရှိခဲ့၍ ကျွန်ုပ်အဖို့ရာ၌ ဝါသနာတစ်ခုကဲ့သို့ ဖြစ်လာရပုံကို ဖော်ပြရပေဦးမည်။ တစ်နေ့သ၌ အဘိုးသည် ကျွန်ုပ်ဖခင်မရှိခိုက်တွင် သူ့သားများအကြောင်းကို မိခင်အား ပြောပြလျက်ရှိစဉ် 'ယောက်ျားဆိုတာမျိုးဟာ မိန်းမမဟုတ်ဘူးသမီးရဲ့၊ 'စုံ' စေရမယ်၊ ငါ့သားများဆိုလျှင် 'စုံ'မှ ငါက ကြိုက်တယ်။ ငါ့သမီးရဲ့ယောက်ျားက စိတ်ကောင်း နှလုံးကောင်းတော့ရှိရှာပါရဲ့၊ နို့ပေမဲ့ မစုံဘူးကွဲ့'ဟု ပြောဖူးလေသည်။
ဆက်လက်ဖော်ပြပါမည်။