ရွှေပြည်သာနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ (၇)ရပ်ကွက်၊ နဝရတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ လင်းထက်နိုင်(ခ)မိုးဒီကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ရွှေပြည်သာမြို့နယ်၊(ဏ/၁၄) ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်တွင် မနေခြည်ဝင်း(ခ) နေခြည်ကိုစိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်တွင် ဇော်မင်းထွန်း (ခ)ဇော်ကြီးကို စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အောက်)ကျေးရွာတွင် မသင်္ကာဖွယ်တွေ့ရှိသူပေါလို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။