မွန်ပြည်နယ်အတွင်း အကျဉ်း/အချုပ်ထောင်စခန်း ၁၀ ခုမှ အကျဉ်းသား/အကျဉ်းသူ ၃၉၅ ဦး လွတ်ငြိမ်းခွင့်ပြု
မော်လမြိုင် ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/ အချုပ်ထောင်စခန်း ၁၀ ခုမှ အကျဉ်းသား/အကျဉ်းသူ ၃၉၅ ဦးတို့အား ဇန်နဝါရီလ ၄ ရက်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့လွှတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုက်မရောဗဟိုထောင်မှ၆၁ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ ၁၄၀ ဦး၊ သထုံအကျဉ်းထောင်မှ ၃၅ ဦး၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်(အမျိုးသား) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၃၆ ဦး၊ မုပ္ပလင် (အမျိုးသမီး)ကုန်ထုတ်စခန်းမှ အကျဉ်းသူ ၄၃ ဦး အင်္ဂဘိုရော်ဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)မှ အကျဉ်းသား ရှစ်ဦး၊ တောင်စွန်းစခန်းမှ ၂၀ ဦး၊ ရင်ငြိမ်စခန်းမှ ၂၆ ဦး၊အင်ဗြောင်စခန်းမှရှစ်ဦး၊ ဇင်းကျိုက်စခန်းမှ၁၈ ဦး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၃၉၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ ၃၉၅ ဦးတို့အား အကျဉ်း/အချုပ်ထောင် တာဝန်ခံအရာရှိနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့် အတူ စားစရိတ်၊ ခရီးစရိတ်နှင့်လုပ်အားရှင် ခံစားခွင့်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။