တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

ကျွန်ုပ်ကြီးပြင်းလာသောအချိန်၌ အခွင့်ကြုံတိုင်း  အဘိုး၏စကားသည်  စိတ်ထဲတွင် ပေါ်လာသည်ချည်းဖြစ်၍ သူတစ်ပါး အား ထိပါးနစ်နာအောင် စော်ကားသောအပြုအမူမျိုး မဟုတ်သမျှ ကာလပတ်လုံး  အဘိုး၏သြဝါဒအတိုင်း    လိုက်နာခြင်း ကြောင့် ကျွန်ုပ်ကိုယ်တိုင် လူစုံတစ်ယောက်ဖြစ်လာခဲ့ရသည်။     ဤအတွက်ကြောင့်     ကျွန်ုပ်အား အထိုက်အလျောက် နာမည် ပျက်စေခြင်းကို ဝန်ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်၏စိတ်ထဲ၌     တစ်ရံတစ်ဆစ်မျှ နောင်တရဖူးသည်မရှိခြင်းကိုလည်း ပြော ရဲပါသည်။

   ဘဝတာကိုပြောင်းလဲစေသောအချက်

      မိခင်၊ ဖခင်တို့သည် ဈေးချိုအနောက်ဘက်   ရွှေတချောင်းမြောင်းပေါင်အနီးရှိ ရိုင်တန်းခေါ်အရပ်၌ အိမ်ကလေးတစ်လုံး ဝယ်ယူရရှိသောအခါတွင်    မဲအိုးတန်းရှိ နေအိမ်ကိုရောင်းချ၍ ပဲပုတ်တန်းအိမ်ခန်း ကိုလည်း စွန့်လွှတ်ပြီးလျှင်   ပြောင်းရွှေ့ နေထိုင်ကြလေ၏။ ယင်းရပ်ကွက်၌ နေထိုင် ကြစဉ်  ကျွန်ုပ်၏ဘဝကိုပြုပြင် ပြောင်းလဲစေခဲ့သည့် အခြင်းအရာတစ်ခု ဖြစ်ပေါ်ခဲ့၏။ ယင်းရပ်ကွက်အနီး၌ လေးဆယ်တော်မင်းခေါ်  မြန်မာမင်းလက်ထက်က အရာရှိကြီးတစ်ဦးရှိရာ ၎င်းအဘိုးကြီးသည် ကျွန်ုပ် တို့၏နေအိမ်သို့   ညတိုင်းလာ၍   တရားဟောလေ့ရှိ၏။  ထိုပုဂ္ဂိုလ်ကြီး ဟောပြော သည့်တရားမှာ      ဗုဒ္ဓဘာသာမိရိုးဖလာ ဟောပြောကြသည့် တရားမျိုး မဟုတ်ဘဲ   မဂ်သံဖိုလ်သံမျိုးပါရှိလေရာ   (ထိုစဉ်ကမူ အလွန်ဆန်းသည်ဟု ယူဆကြသည်။) မိဘ များသည် နားပါးသောပုဂ္ဂိုလ်မျိုးဖြစ်၍ မည်သည့်ဆရာတော်၏သြဝါဒ    ဖြစ်ပါသနည်းဟု   စုံစမ်းမေးမြန်းကြရာ    ဒက္ခိဏဝံတိုက်ရှိ        မြိတ်ဆရာတော်ဘုရားကြီး၏     သြဝါဒဖြစ်ကြောင်း     သိရှိကြရ၏။  ဆရာတော်ဘုရားကြီး၏    ကျောင်းတွင် ကျောင်းသားများအား      သင်ရိုးသင်စဉ် နည်းဖြင့်မဟုတ်ဘဲ   ဘာသာရေးဆိုင်ရာ စာပေများကိုလည်း တစ်နည်းတစ်ဖုံ သင်ပြသည်။ ဂဏန်းသင်္ချာ  စသည်များသင်ပြ သည့်   လက်ထောက်ဆရာများလည်းရှိ၍ အစိုးရစာစစ်လည်းခံသည်ဟု ကြားသိကြရသည်တွင်    ကျွန်ုပ်အား      အခြေခံပညာ ကျောင်းမှနုတ်၍ ဒက္ခိဏဝံတိုက်ဘုန်းကြီးကျောင်းသို့       ပြောင်းရွှေ့အပ်နှံလေ၏။ အကယ်၍  ကျွန်ုပ်သည်  ယင်းကျောင်းသို့ မရောက်ခဲ့လျှင်  ကြီးပြင်းသောအခါတွင်        ဖိနပ်ထောင်ဆရာတစ်ယောက်ယောက်သော်လည်းကောင်း၊ ဈေးချိုထဲတွင်  ဆိုင် ထိုင်၍ရောင်းသော ဖိနပ်သည်တစ်ယောက် ယောက်သော်လည်းကောင်း   ဖြစ်လာဖို့ သာရှိပေသည်။

ဘုန်းကြီးကျောင်းသား

      ဒက္ခိဏဝံတိုက်   မြိတ်ဆရာတော်၏ ကျောင်းသို့အပ်နှံသောအခါ     ကျွန်ုပ်မှာ ခုနစ်နှစ်သားအရွယ်ရှိ၍     အခြေခံပညာ ကျောင်းမှ သင်ပုန်းကြီးကုန်ပြီး မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊    အပြင်အောင်ခြင်း စသော  သင်ရိုးစာများ  ကုန်ခဲ့ပြီးလေပြီ။   ယင်းဘုန်းကြီးကျောင်းတွင်  ဆရာတော်သည် တခြားသောဘုန်းကြီးကျောင်းများ မှာကဲ့သို့ သင်ရိုးသင်စဉ်စာများကို  မသင်ဘဲ ဆရာတော်ကိုယ်တိုင် ရေးသားစီရင်သော  စာများကို သင်အံကြရ၏။ ကျွန်ုပ်မှာ မှတ်ဉာဏ် အတော်ကောင်း၍ ဆရာတော်က ပို့ချသောစာများကို တခြားကျောင်းသား ကြီးများထက်     ရလွယ်သည်ဖြစ်သောကြောင့် ဆရာတော်က လှော်တိုင်းပြေးတဲ့ လှေပြေးကလေးဟု     အမည်မှည့်ကာ ချီးကျူးခြင်းခံရသည်နှင့်အတူ   တခြားကျောင်းသားကြီးများ၏    မနာလိုခြင်း လည်းခံရလေသည်။   ဤကျောင်းတွင် လည်း ကျွန်ုပ်သည်ပင် အငယ်ဆုံးဖြစ်၍ တခြားကျောင်းသားများမှာ  အနည်းဆုံးဆယ်နှစ်သားအရွယ်     ရှိနေကြလေပြီ။ ဆရာတော်သည် ကြွသွားရာအရပ်တိုင်း သို့  ကျွန်ုပ်အားခေါ်သွား၍  ပရိသတ်ရှေ့ တွင် ၎င်းသင်ကြားထားသည့် ဘာသာရေး စာပေများကို   အမေးအဖြေသဘောနှင့် ကျွန်ုပ်အားမေးရာ ကျွန်ုပ်က သွက်လက် စွာဖြေနိုင်သည့်အတွက်ကြောင့်   တချို့ သော အမျိုးသမီးများက    သားကလေး တော်ချင်သည်၊    တူကလေးဖြစ်စေချင်သည်  စသည်ဖြင့်  တောင့်တပြောဆိုကြ ခြင်းများကို  ကျွန်ုပ်ကြားရ၏။  ပရိသတ် ရှေ့၌ ဆရာတော်နှင့် ကျွန်ုပ်အမေးအဖြေ လုပ်ကြခြင်းကို ကြားနာကြရသောအရပ်သူ၊ အရပ်သားများသည် ၎င်းတို့၏သား များကို ဆရာတော်၏ကျောင်းသို့ မထား ချင်သူမရှိသလောက်ဖြစ်၏။    ဤနည်း အားဖြင့်    ဆရာတော်၏ကျောင်းမှာ ကျောင်းသားများ      စည်ကားများပြား သည်ထက်   များပြားလာခဲ့ရာ   ကျွန်ုပ်သည်ပင်    တည်ကြက်ကလေးဖြစ်နေခဲ့လေပြီ။ စင်စစ်မှာ အမေးအဖြေများသည် ကျွန်ုပ်၏ဉာဏ်စွမ်းဖြင့်     ဖြေဆိုရခြင်း မဟုတ်ဘဲ ကျက်စာမျှသာဖြစ်သော်လည်း မကြားဖူးသော မိဘများအဖို့၌ တအံ့တသြ ဖြစ်ကြရလေသည်။

သင်ကြားပုံနမူနာ အမေးအဖြေကို   ဥပမာတစ်ခုပြပါဦး မည်။

'လူဘယ့်နှယ်ရေးသလဲ'

'လရေးနှစ်ချောင်းငင် လူ'

'ဘယ်သူကိုလူခေါ်သလဲ'

'ရုပ် နာမ်နှစ်ပါးကိုလူခေါ်ပါသည်'

'ရုပ် ဘယ်လောက်ရှိသလဲ'

'ရုပ် အဋ္ဌဝီသ ၂၈ ရှိပါသည်'

'ဘာကိုနာမ်ခေါ်သလဲ'

'စိတ်၊ စေတသိက်ကို နာမ်ခေါ်ပါသည်'

'စေတသိက် ဘယ်လောက်ရှိသလဲ'

'စေတသိက် ဒွိပညာသ ၅၂ ရှိပါသည်'

'စိတ် ဘယ်လောက်ရှိမလဲ'

'စိတ် တစ်ခုယုတ် ၉ဝ၊ အကျယ် ၁၂၁ ပါးရှိပါသည်'

'ဘယ်စိတ် ဘယ်စိတ်များတုံး'

'လောဘမူစိတ်ရှစ်ခု၊    ဒေါသမူစိတ် နှစ်ခု၊ မောဟမူစိတ်နှစ်ခုပေါင်းအကုသိုလ် စိတ် ၁၂ ခု'   စသည်ဖြင့်     ၈၉ မျိုးသော စိတ်တို့ကို     ရေတွက်ရွတ်ဆိုပြရလေသည်။      ဤသည်မှာ      ကျက်စာပင်ဖြစ်သော်လည်း       ခုနစ်နှစ်သားအရွယ်   သူငယ်ကလေးတစ်ယောက်က   ပရိသတ်ထဲ၌      သွက်သွက်လက်လက်ရွတ်ဆိုပြခြင်းကို    မြင်ကြ၊     ကြားကြရသော အရပ်သူ၊  အရပ်သားများက ကျွန်ုပ်အား   ချီးမွမ်းကာ ပွေ့ကြ၊ ဖက်ကြ၊ မုန့်ကျွေးကြလေသည်။

အကောင်းနှင့် အဆိုးတွဲခြင်း

   ဤသည်ကား ကျွန်ုပ်အဖို့ ဟန်ကျလှ ပါ၏။ သို့ရာတွင် အကောင်းနှင့်အဆိုးဒွန် တွဲ၍ဖြစ်တတ်သော ဇာတာရှင်ဖြစ်သည်ဟု     နက္ခတ်ဆရာကြီးတစ်ယောက်က  (နောက်ပိုင်းတွင်)   ဟောဖူးသည့်အတိုင်း ဆရာတော်၏     လက်သပ်မွေးတပည့် ကလေးတစ်ယောက် ဖြစ်ရခြင်းအတွက်ကြောင့် မကောင်းသောအခြင်းအရာများ လည်း   တွဲလျက်လိုက်ပါလာတော့သည်။ ဤကျောင်းသို့ ကျွန်ုပ်မရောက်မီအချိန်က စာတော်သော ကျောင်းသားကလေးတစ်ယောက်သည် ကျွန်ုပ်ကဲ့သို့ပင် ဆရာတော်နောက်သို့ တကောက်ကောက်လိုက်ရဖူး၏။ ကျွန်ုပ်ရောက်လာသောအခါ၌မူ ကျွန်ုပ်က သူ့ထက်   သုံးနှစ်ငယ်၍  သူကဲ့သို့ပင် ဆရာတော်၏    အမေးများကိုဖြေတတ် သည်ဖြစ်သောကြောင့် ဆရာတော်သည် သာ၍ ပွဲကျခြင်းကိုလိုလားသည်နှင့် သူ့ အစား   ကျွန်ုပ်အားခေါ်လေတော့သည်။ ဤသို့သောအခြင်းအရာကို ၎င်းကျောင်း သားသည်   မလိုလားနိုင်သည့်လက္ခဏာ နှင့်  ကျွန်ုပ်အပေါ်တွင်  အကောက်ဉာဏ် ကြံဟန်တူပေသည်။

ဆက်လက်ဖော်ပြပါမည်။