(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဆိုင်ရာ ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
မင်းဘူး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်မင်းဘူး(စကု)မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော စာပေဆိုင်ရာပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ ခရိုင်ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဆိုင်ရာပြိုင်ပွဲများအဖြစ် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊ လယ်၊ မူ)အဆင့် ကျပန်း၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲများအပြင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများအဖြစ် ချောတိုင်တက်(ငှက်ပျောတုံး)၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ အင်္ကျီဝတ်၊ အာလူးကောက်၊ ဂိုးသွင်း စသည့ပြိုင်ပွဲများကို သတ်မှတ်ရက်အလိုက် ကျင်းပခဲ့ရာ ကျောင်းသားလူငယ်လေးများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများတွင် စာပေဆိုင်ရာပြိုင်ပွဲ၌ ၃၁ ဆုနှင့် အားကစားနည်းမျိုးစုံတွင် ဆုရရှိခဲ့ကြသူများအားလုံးကို မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။