တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲ ကျင်းပ
ချောင်းဆုံ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ၊ အပြေးပြိုင်ပွဲနှင့် အိတ်စွပ်ပြိုင်ပွဲများ ကျင်းပရာ ဆုရရှိသူများနှင့် ဖူဆယ်ဘောလုံး အသင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။
အားကစားပြိုင်ပွဲများကို ပြည်သူများ စိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာရန်၊ ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ထူးချွန်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နှစ်(၇၀၀)ဘောလုံးကွင်းနှင့် မြို့မအားကစားခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲကို ဇန်နဝါရီလ ၄ ရက် ညနေပိုင်းက ကျင်းပသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ၊ ကလပ်ပေါင်းစုံ Ground Tennis ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများမှ ကလပ်အသင်း ၁၀ သင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ ကလပ်အသင်းလေးသင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ ဆုရရှိကြသည့်အသင်းများအား စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြကြောင်း သိရသည်။
ပွင့်ဖြူ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ပြည်သူ့အားကစားကွင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် ကျင်းပသည်။ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က ပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲများ စီစဉ်ပြုလုပ်ပေးခြင်းသည် ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေခြင်းကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အားကစားနည်းများအလိုက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကစားနိုင်ခြင်းကြောင့် ထူးချွန်ထက်မြက်သော အားကစားသမားများအဖြစ် ရရှိစေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ နောက်ပြန်ပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုငွေနှင့်ဆုတံဆိပ်များ အသီးသီး ပေးအပ်ကြကြောင်း သိရသည်။
မြဝတီ
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကရင်ပြည်နယ် မြဝတီခရိုင်ပညာရေးကော်မတီ ဥက္ကဋ္ဌဖလား အသက်၁၆ နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးနှင့် ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် မြို့မအားကစားကွင်း၌ ကျင်းပသည်။ရှေးဦးစွာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အားကစားနည်းအလိုက် ယှဉ်ပြိုင်ကြပြီး မြဝတီခရိုင်ပညာရေး ကော်မတီဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံပြိုင်ပွဲဝင် အသင်းလိုက် အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဉ်သို့ တက်ရောက်ခဲ့သည့် ရေပူအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့်အင်ကြင်းမြိုင် အခြေခံပညာအလယ်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရေပူအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)က အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကပြိုင်ပွဲအလိုက်ပထမ၊ ဒုတိယ၊ တတိယဆုများ၊ ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဒိုင်းဆုကြီးများ အသီးသီး ပေးအပ်ကြကြောင်း သိရသည်။
ကျွန်းစု
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီတွင် မြို့မအားကစားကွင်း၌ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကပအသင်းနှင့် စလွန်အော်ငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကပအသင်းက ၂ ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိကာ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ပထမဆုရရှိသောအသင်းအား တံခွန်စိုက်ဆုဖလားနှင့်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ကြောင်း သိရသည်။