ဗီယက်နမ်က ဟနွိုင်းမြို့အတွင်းပြေးဆွဲမည့်ယာဉ်အားလုံးကိုလျှပ်စစ်ကားများဖြင့်အစားထိုးရန်စီစဉ်

ဗီယက်နမ်က ဟနွိုင်းမြို့အတွင်းပြေးဆွဲမည့်ယာဉ်အားလုံးကိုလျှပ်စစ်ကားများဖြင့်အစားထိုးရန်စီစဉ်
 

ဗီယက်နမ်နိုင်ငံ   ဟနွိုင်းမြို့တော်အစိုးရသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြို့အတွင်းပြေးဆွဲနေသည့် ယာဉ်အားလုံးကို လျှပ်စစ်ကားများဖြင့်အစားထိုးရန် စီစဉ်ထားကြောင်း မြို့တော်အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

ဟနွိုင်းမြို့တော်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်သည် ကမ္ဘာပေါ်ရှိမြို့ကြီးများအနက်ဟနွိုင်းမြို့သည် လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခံရပြီးနောက်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် မကြာမီရက်သတ္တပတ်များအတွင်း မြူများအုံ့ဆိုင်းခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်လာခဲ့သောကြောင့် မြို့တော်အာဏာပိုင်အဖွဲ့က တုံ့ပြန်လုပ်ဆောင်ရန်စီစဉ်ခဲ့ရခြင်းဖြစ်သည်။

ဟနွိုင်းမြို့ရှိ လေထုအတွင်း၌ ဘေးအန္တရာယ်ဖြစ်ပေါ်စေသည့်အမှုန်ပါဝင်မှုနှုန်းသည် ဇန်နဝါရီလ ၃ ရက်တွင် တစ်ကုဗမီတာတွင် ၂၆၆ မိုက်ခရိုဂရမ်ရှိကြောင်း၊ယင်းပမာဏသည် လေထုအညစ်ညမ်းဆုံးသောမြို့များအနက် အမြင့်ဆုံးပမာဏဖြစ်ကြောင်း လွတ်လပ်သည့်အဖွဲ့ကြီးတစ်ခုဖြစ်သည့် ကမ္ဘာ့လေထုညစ်ညမ်းမှုသတင်း အချက်အလက်ထုတ်ပြန်ရေးအဖွဲ့ AirVisual က ထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့တောင် အာရှတွင် စီးပွားရေးအလျင်အမြန်တိုးတက်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒေသတွင်းကုန်ထုတ်လုပ်ရေးအချက်အချာတစ်ခုလည်းဖြစ်သည်။ သို့သော် နိုင်ငံအတွင်းရှိ မြို့ကြီးများ အထူးသဖြင့် ဟနွိုင်းမြို့တော်တွင် ပြင်းထန်သည့်လေထု ညစ်ညမ်းမှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

မြူခိုးများသည် များသောအားဖြင့် မော်တော်ယာဉ်များမှ  ထုတ်လွှတ်သည့် မီးခိုးများ၊ အမှိုက်များကိုမီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများမှထုတ်လွှတ်လာသည့် မီးခိုးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြူခိုးများဖုံးလွှမ်းခြင်းကြောင့် သက်ကြီးရွယ်အိုများတွင် အသက်ရှူရကျပ်သည့်ဝေဒနာများကိုဖြစ်ပေါ်စေလျက်ရှိကြောင်းသိရသည်။

မြို့အတွင်းဖြစ်ပွားနေသည့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် မြို့အတွင်း  မောင်းနှင်ပြေးဆွဲနေသည့် ဘတ်စကားနှင့် အငှားယာဉ်များအနက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို လျှော့ချရန် မြို့တော်အာဏာပိုင်အဖွဲ့က လက်ရှိတွင် စီစဉ်လျက်ရှိသည်။                     

NA,ST