သံမဏိများရောင်းချမည့်အစီအစဉ်ကို တားမြစ်ခြင်းက အမေရိကန်-ဂျပန်ဆက်ဆံရေးကို ထိခိုက်စေနိုင်
အမေရိကန်ပြည်ထောင်စုမှသံမဏိများကို ဂျပန်နိုင်ငံသို့ရောင်းချမည့်အစီအစဉ်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တားမြစ်မည့်အစီအစဉ်သည် မဟာမိတ်နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်မီဒီယာကြီးတစ်ခုကဖော်ပြထားသည်။
ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံတန်ဖိုးရှိအမေရိကန်သံမဏိများကို ဂျပန်နိုင်ငံမှNippon Steel ကုမ္ပဏီသို့ ရောင်းချမည့်အစီအစဉ်အား ဂျိုးဘိုင်ဒင်က ဟန့်တားရန်စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါသံမဏိများအားဝယ်ယူရန် ဂျပန်ကုမ္ပဏီက ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း အရင်းအမြစ်တစ်ခုက ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သံမဏိရောင်းချမည့် အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီက လပေါင်းများစွာကြာသုံးသပ်ခဲ့ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဂျိုးဘိုင်ဒင်ထံသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တင်ပြခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ အဆိုပါလုပ်ဆောင်ချက်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်တို့ကြားဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း Washington Post က ဖော်ပြထားသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အိမ်ဖြူတော်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိပေ။အမေရိကန်နိုင်ငံကထုတ်လုပ်သည့် သံမဏိများအား ပြည်တွင်း၌သာ ပိုင်ဆိုင်၊အသုံးပြုစေရန် ဆန္ဒရှိကြောင်း ဂျိုးဘိုင်ဒင်က ယခင်ကပြောကြားထားသည်။
အလားတူပင် အမေရိကန်အစိုးရအနေဖြင့် အမေရိကန်-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရေးလုပ်ဆောင်ရန် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာက ဘိုင်ဒင်ထံသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ရေးသားထားသည့်စာတွင်တိုက်တွန်းခဲ့ကြောင်းသိရသည်။
NA,ST