တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

 

အနိုင်ကျင့်ခံရပုံ

     အထက်တွင် ဖော်ပြခဲ့ဖူးသည့်အတိုင်း ကျွန်ုပ်မှာ   (ထိုခေတ်က    ကျောင်းသားသူငယ်တို့၏ကစားနည်းဖြစ်သည့်) 'ပေသီးပစ်ခြင်း'၌    လက်ဖြောင့်ခြင်းအတွက်ကြောင့်  အများအားဖြင့် နိုင်တတ်သူဖြစ်သည်။ ပိုက်ဆံတစ်ပြားလျှင် ပေသီး(ဂေါ်လီ) ၁ဝ လုံးရ၍ ကစားကြရာတွင် တစ်နေ့လျှင် ပိုက်ဆံနှစ်ပြား၊      သုံးပြား   စသည်ဖြင့် နေ့တိုင်းလိုပင်  နိုင်လေ့ရှိ၏။ ကျွန်ုပ်အား မိဘများက တစ်နေ့လျှင်မုန့်ဖိုးပိုက်ဆံနှစ်ပြားပေးလေ့ရှိရာ ပေသီးပစ်ခြင်းမှ  နိုင်ရခြင်းကြောင့် တစ်ပဲ ငါးပြားသုံးနေရ၏။ ပေသီးပစ်ကြရာတွင်လည်း ခပ်ကြီးကြီးကျောင်းသားဝိုင်းနှင့်  ကလေးဝိုင်းဟူ၍ နှစ်ဝိုင်းရှိရာ ကလေးဝိုင်းတွင်မူ အထက်ပါ ကျောင်းသားတစ်ယောက်မှတစ်ပါး ကျွန်ုပ်သည် လက်အဖြောင့်ဆုံးဖြစ်၏။ ထိုကျောင်းသားသည် ကျွန်ုပ်အား သူနှင့်     နှစ်ယောက်တည်းကစားရန် သွေးဆောင်လေရာ ကျွန်ုပ်မှာလည်း လူအကလေးတစ်ယောက်မဟုတ်သောကြောင့် ငြင်းပယ်ခဲ့၏။ သို့ရာတွင်  ထိုသူငယ်သည် ကျွန်ုပ်ထက် အသက်သုံးနှစ်ခန့်ကြီးသည်ဖြစ်၍ ကျွန်ုပ်အား ချော့ချည်တစ်ခါ၊ မြှူချည် တစ်လှည့်၊ ခြောက်ချည်တစ်မျိုးဖြင့် နေ့ရှိသမျှ ကပ်၍နှူးနှပ်လေရကား ကျွန်ုပ်မှာ သူနှင့်ကစားရန်  သဘောတူမိလေတော့သည်။ တစ်ခါတစ်ရံ သူက ညစ်သည်နှင့် ကျွန်ုပ်မခံနိုင်ဘဲ     သတ်ပုတ်ကြရာတွင် ခုနစ်နှစ်သားနှင့် ၁၀ နှစ်သားဖြစ်သောကြောင့်  ကျွန်ုပ်ပင် နာ၍ ရှုံးရလေသည်။ ဤကဲ့သို့ ဖြစ်ရဖန်များလတ်သော် ကျွန်ုပ်မှာ သူနှင့် မကစားဘဲလည်း မနေရ၊ ကစားတိုင်းလည်း ရှုံးရသည်သာဖြစ်သောကြောင့် ကျွန်ုပ်ရခဲ့သော မုန့်ဖိုးပိုက်ဆံနှစ်ပြားမှာ တစ်ပြားဖိုးမျှ မုန့်မစားရဘဲ သူ့လက်ထဲသို့ ရောက်သွားပါလေတော့သည်။

သို့ဆိုလျှင် လွတ်မြောက်ရန် နည်းလမ်း မရှိသလော။ ဆရာတော်အား  အဘယ်ကြောင့် မလျှောက်ထားသနည်းဟုမေးရန် ရှိ၏။ ဘုန်းကြီးကျောင်းသားဟူသည်မှာ ဘုန်းကြီးအား  ဘယ်မျှလောက်ကြောက်ရသည်ကို ဘုန်းကြီးကျောင်းသားများသာ သိကြပေလိမ့်မည်။  ကျွန်ုပ်သည်  ဆရာတော်၏    လက်သပ်မွေးတပည့်ကလေး တစ်ယောက်ပင်ဖြစ်သော်လည်း လျှောက်ထားတိုင်တောခြင်းမပြုဝံ့ချေ။ တစ်ခါက သည်းမခံနိုင်လှသဖြင့် ဆရာတော်အား လျှောက်ထားတိုင်တန်းရာတွင် ဆရာတော်သည် ထိုသူငယ်အား ရိုက်ဖူး၏။ သို့ရာတွင် ထိုသူငယ်သည်     ဤအတွက်ကြောင့် ကျွန်ုပ်အပေါ်၌  တိုး၍   ဆိုးလာလေရာ ဆရာတော်အား    လျှောက်ထားရန်ပင် မဝံ့ဘဲရှိတော့သည်။    အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟုမေးပါမူ ဘုန်းကြီးကျောင်းသား တစ်ယောက်အနေဖြင့် ဆရာတော်အား နားပူရမည်ကို ကြောက်သည့်အတွက်ဟု ဖြေဆိုရပေမည်။

ကျောင်းလက်ဝှေ့ပွဲများ

     ထိုကျောင်းသားသည် ကျွန်ုပ်အပေါ်၌ ဆိုးသည်ထက်   ဆိုးလာသေး၏။  သူနှင့် ပေသီးပစ်ကြသဖြင့် ကျွန်ုပ် မုန့်ဖိုးပိုက်ဆံနှစ်ပြားကုန်၍ ကျောင်းတက်ချိန် မရောက်သေးသည့်အခါ သူက  ပေသီးများ ထုတ်ချေးပြီး  ဆက်လက်ကစားဖို့  မျက်နှာချိုသွေးလေရာ ကျွန်ုပ်မှာ သူ့ကို ရွံ့သည်နှင့် မငြင်းဝံ့ဘဲ   ဆက်လက်၍  ကစားရ၏။ ပိုက်ဆံတစ်ပြားဖိုး အကြွေးတင်သွားသောအခါ နက်ဖြန်တွင် အရင်းတစ်ပြား၊ အတိုးတစ်ပြားဟုဆိုကာ   ကျွန်ုပ်ထံမှ  ပိုက်ဆံ နှစ်ပြားတောင်း၏။  မပေးဟု ငြင်းလျှင် လု၍ယူ၏။   'ဘုန်းကြီးကိုလျှောက်ရင် မင်းသေပေတော့'ဟု  ကျွန်ုပ်အား   ခြိမ်းခြောက်သေး၏။ ကျွန်ုပ်မှာ ၎င်းအရွယ်တွင် မိခင်၏သတ္တိမျိုးမရှိ။ ဖခင်၏ ပျော့ညံ့သောစိတ်မျိုးရှိဟန်တူသည်။   သို့နှင့်ပင် ရွယ်တူချင်းဖြစ်ပါက    ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အလျှော့မပေးဘဲ တွယ်သတ်ခဲ့ဖူးသည့်      အကြိမ်ပေါင်းလည်း များခဲ့လှပါပြီ။ ထိုခေတ်မှာ ဤခေတ်နှင့် မတူအောင် ကျောင်းသားချင်း သတ်ပုတ် ထိုးကြိတ်ကြခြင်းမှာ နေ့တိုင်းကိစ္စဖြစ်သည်။ ဆရာတော်အား မလျှောက်စတမ်းဆို၍      သဘောတူသတ်ပုတ်ကြသော လက်ဝှေ့ပွဲကလေးများမှာ  တစ်နေ့လျှင် တစ်ပွဲနှစ်ပွဲရှိမြဲဖြစ်၏။ ထိုခေတ်က နိုင်ငံကျော်လက်ဝှေ့သမားကြီးများ    ဖြစ်ကြသည့် မိုးကြိုး၊ ပေါ်သိုင်း၊ ကျားပျံ၊ ကျားနက် စသူတို့ကလည်း   အိမ်တော်ရာဘုရား မြောက်ဘက်ရှိ  ဘုရားငုတ်တိုအနီးတွင် ရုံသွင်းလျက်ရှိရာ ကျောင်းသားကြီးများသည် ကျောင်းသားကလေးနှင့် ကျောင်းသားလတ်များကို မြှောက်ပေး၍ 'မင်းက မိုးကြိုးကွ၊ မင်းက ပေါ်သိုင်းကွ၊ မင်းက ပေါင်ဖြူ   ငဘကွ၊    မင်းက အုတ်နှဲပုတ် ဖိုးတုတ်ကွ'စသည်ဖြင့် နာမည်ကြီးများ မှည့်ပြီးလျှင် ရွယ်တူချင်းတွဲပေးကာ ထိုးသတ်စေ၏။    သတ်ပုတ်ကြစဉ်အတွင်း ၎င်းတို့က လက်ဝှေ့ဆိုင်း အသွားမျိုးကို ပါးစပ်ဖြင့် တီးပေးကြရာ ကလေးများလည်း မိုက်စိတ်ဝင်၍ သဲသဲမဲမဲ ထိုးသတ်ကြလေတော့သည်။  ဤသို့ဖြင့် ကျွန်ုပ် ကဲ့သို့သော       ကျောင်းသားငယ်ကလေးများမှာ နှုတ်ခမ်းစုတ်ပြတ်ခြင်း၊ နဖူးရောင်ခြင်း၊ မျက်ကွင်းညိုခြင်း စသည့်ဒဏ်ရာဒဏ်ချက်များနှင့် အိမ်သို့ပြန်ကြရသည်က   များလေသည်။   ဤနည်းအားဖြင့် ကျွန်ုပ်တို့ ကျောင်းသားငယ်ကလေးများမှာ  'တိုက်ကြက်'ကလေးသဖွယ် 'ခွပ်'ဖို့ ဦးမလေးဘဲ ဖြစ်ကုန်ကြလေပြီ။

အမျိုးမျိုး ညှဉ်းဆဲပုံ

    ကျွန်ုပ်သည် သတ်ပုတ်ခြင်းအလုပ်၌ 'ရွယ်တူလျှင် လူမရွေး'ဆိုသောအဖြစ်သို့ ရောက်ခဲ့သော်လည်း ကျွန်ုပ်၏ ကံဆိုးခြင်း တစ်ခုမှာ ကျွန်ုပ်ထက်ကြီးသော အထက်ပါ ကျောင်းသားက (ကျွန်ုပ်အား မနာလိုသည့် လက္ခဏာနှင့်) ကပ်၍ ညှဉ်းဆဲမှု ခံရခြင်းပင် ဖြစ်၏။ ကျွန်ုပ်သည်  သူ၏အကြွေးကို နေ့တိုင်း အရင်းတစ်ပြား၊  အတိုးတစ်ပြား ဆပ်ရ၍  မုန့်ဖိုးရသော    ပိုက်ဆံနှစ်ပြား အနက်မှ တစ်ပြားဖိုးမျှ မုန့်ဝယ်မစားရဘဲ အငတ်နေရသည့် အထဲကပင် သူ၏ အကြွေးများသည် နေ့တိုင်းတက်လျက်သာရှိ၏။

ပိုက်ဆံနှစ်ပြားခန့် ကြွေးတင်မိသည်ဆိုလျှင်  ပေးဆပ်၍ ပြေသည်မရှိတော့ဘဲ တစ်မူး၊ တစ်မတ်၊ သုံးမူး၊ ငါးမူး စသည်ဖြင့် တက်၍တက်၍သာ သွားတော့၏။ အချို့ သော ကျောင်းသားကြီးများသည် ကျွန်ုပ်ကိုသနားကြ၍ ကျွန်ုပ်ဘက်မှ ခုခံကာကွယ် ပြောပေးကြရာ ထိုတစ်ရက်အတွက်သာ ကျွန်ုပ်အဖို့  သက်သာရာရ၍  မုန့်ကလေး နှစ်ပြားဖိုးဝယ်စားရ၏။ ခမျာများကလည်း နေ့တိုင်းစောင့်၍     ပြောပေးနိုင်ကြသည် မဟုတ်သောကြောင့် နောက်နေ့များတွင် ကျွန်ုပ်မှာ  မုန့်ငတ်မြဲတိုင်း  ငတ်ရပြန်၏။ နောက်ဆုံးတွင်  ကျွန်ုပ်၏ဖြစ်အင်သည် ဆရာတော်နားသို့ပေါက်ရောက်၍ ကျွန်ုပ်၏ဖခင်ကိုမှာယူပြီးလျှင် ထိုကျောင်းသား၏အကြွေးများကို  ပေးဆပ်စေရာ တစ်ကြိမ်လျှင်   ငါးမူး၊ ခြောက်မူး၊ သုံးမတ် စသည်ဖြင့် ပေးဆပ်ရ၏။ ကြွေးဆပ်ပြီးခါစ ရက်များတွင် ကျွန်ုပ်အလွန်ပျော်မိခြင်းကို မှတ်မိသေးသည်။ သို့ရာတွင် ကြာရှည်စွာ မဟုတ်ချေ။  ထိုကျောင်းသားသည် ကျွန်ုပ်အား အမျိုးမျိုးသောနည်းဖြင့် ချော့မော့နှူးနှပ်ခြိမ်းခြောက်လေရာ ရက်သတ္တပတ်အတွင်းတွင်        ဘယ်လိုက ဘယ်လိုဖြစ်သည် မမှတ်မိ၊ သူ၏အကြွေး နှစ်ပြားမျှ တင်သွားလေပြီ။  သို့ဆိုလျှင် နေ့စဉ် နှစ်ပြားပေးဆပ်သည့်အထဲမှ တစ်မတ်၊ ငါးမူးဖြစ်သွားအောင်  သူ၏ အတိုးနှုန်းနှင့် ဖလှယ်လိုက်ပြန်လေတော့ သည်။ ထိုအခါတွင်  သတင်းပေါက်ကြားပြန်၍ ဖခင်က     ကြွေးဆပ်ရပြန်လေရာ ထိုသို့သော အကြိမ်မျိုးမှာ လေးငါးကြိမ်ထက်နည်းမည် မထင်ပေ။ ပထမ၌ ဖခင်သည် ကျွန်ုပ်ငယ်လွန်းသောအဖြစ်ကြောင့် ကြည်ဖြူစွာ ပေးဆပ်ရှာသော်လည်း နောက်အကြိမ်များ၌မူ ကျွန်ုပ်အား ရိုက်နှက်လေတော့သည်။ ဖခင်၏ ရိုက်နှက်ခြင်းများသည် မသက်သာလှခြင်းကိုလည်း ကျွန်ုပ်မှတ်မိသည်။

ဆက်လက်ဖော်ပြပါမည်။