ဘာစီလိုနာအသင်းက စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဆွန်ယောင်မင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်စီစဉ်

 

ဘာစီလိုနာအသင်းက စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဆွန်ယောင်မင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်စီစဉ်

 

ဘာစီလိုနာ  ဇန်နဝါရီ  ၇

ဘာစီလိုနာအသင်းက ယခုဘောလုံးရာသီအကုန် တွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့ မည့် တိုက်စစ်ကစားသမား ဆွန်ယောင်မင်ကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဆွန်ယောင်မင်သည် ၂၀၁၅ ခုနှစ်က  လေဗာကူဆင်အသင်းမှ  စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် အစောပိုင်းက  ပွဲကစားခွင့်နည်းပါးခဲ့သော်လည်း  နောက်ပိုင်း ဘောလုံးရာသီများတွင်  အသင်း၌  အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး စပါးအသင်းတွင် အသင်းဖော်ဟောင်း ဟယ်ရီကိန်းရှိစဉ် ကလည်း ၎င်းနှင့်အတူ အကောင်းဆုံးတွဲဖက်ခြေစွမ်း ပြနိုင်သူဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင်   ဆွန်ယောင်မင် သည် စပါးအသင်းမှ ဟယ်ရီကိန်း ထွက်ခွာသွားချိန်တွင် အသင်းခေါင်းဆောင်အဖြစ်  စတင်တာဝန်ယူခဲ့ သော်လည်း  ယခုဘောလုံးရာသီတွင်  ခြေစွမ်းပိုင်း ကျဆင်းလာသည့်အတွက်  စပါးအသင်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် စဉ်းစားနေခြင်းဖြစ်သည်။

စပါးအသင်းအနေဖြင့်  ယခုဘောလုံးရာသီကုန်အထိ ဆွန်ယောင်မင်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆို နိုင်ခြင်းမရှိပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက် လွှတ်ရမည်ဖြစ်သည့်အတွက် ဘာစီလိုနာအသင်းက ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်    အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် နောက်ပိုင်းအပြောင်း အရွှေ့ကာလများတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် ကစားသမားများကို ဦးစားပေးခေါ်ယူနေပြီး ယခုအခါတွင်လည်း ဆွန်ယောင်မင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ခေါ်ယူနိုင်မည့် အခွင့်အရေးရှိနေခြင်း ဖြစ်သည်။

ဆွန်ယောင်မင်သည် စပါးအသင်းနှင့်အတူ ၂၀၁၅ ခုနှစ်မှစတင်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၄၃၁ ပွဲ ပါဝင်ကစားပေးခဲ့ကာ ၁၆၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားခဲ့ ကာ ခုနစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ထားသည်။   လက်ရှိတွင်     ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ကလည်း ၎င်းကိုခေါ်ယူရန်စီစဉ် နေကြောင်း သိရသည်။                            

Ref;One Football